Part 24 (Unicode)

5.2K 477 71
                                    

နွေ မိုး ဆောင်း ပြောင်းလဲသွားတဲ့ ရာသီအလီလီကို လောင်စာအဖြစ်ထည့်ပြီး ဘဝ ရထားကြီးက တရွေ့ရွေ့ ဖြတ်သန်းမောင်းနှင်လို့နေသည်။ ကျောခိုင်းထွက်ခွာသွားတဲ့သူမနဲ့ ကျန်ရစ်ခဲ့တဲ့ မှတ်တိုင်တစ်ခုကိုငေးရင်း ရိုးကတော့ ရထားပေါ်မှာ တစ်ယောက်တည်း အထီးကျန်စွာ လိုက်ပါစီးနင်းလို့လာသည်။ သတိရခြင်း ၊ လွမ်းမောတမ်းတခြင်း၊ နောင်တရခြင်းတွေကို အဖော်မွန်အဖြစ် အနားမှာ ထားလျက်ပေါ့လေ။

ရက်စက်သွားပြီဆိုတဲ့ ကံတရားဟာလည်း တစ်ခါတစ်ရံမှာ မိမိဘက်ကို မျက်နှာသာပေးလာတတ်သည်။ ကံကောင်းခြင်းဆိုတဲ့တံခါးကို နောက်ထပ်တစ်ကြိမ် ရိုး ခေါက်မိပြန်ပါသည်။
မှတ်တိုင်တစ်ခုမှာ ကျန်ရစ်ခဲ့တဲ့ ရိုး လွမ်းမောနေခဲ့ရတဲ့သူမဟာလည်း ရှေ့မှတ်တိုင်တစ်ခု အရောက်မှာ ရထားပေါ် ပြန်လည် ရောက်ရှိလာခဲ့သည်ပဲ မဟုတ်လား။

"အန်တီ"

အံ့သြမှုတွေနဲ့အတူ ရိုးနှုတ်မှ တိုးညှင်းသော အသံဖြင့် အန်တီ့ကို ခေါ်လိုက်မိသည်။ ဝါရင့်ရင့် ပါတိတ်ဝမ်းဆပ်ကလေးကို ဝတ်ဆင်ထားကာ ဆံနွယ်ရှည်ရှည်ကလေးနဲ့ ရိုးအရှေ့က အမျိုးသမီးဟာ တကယ်ပဲ အန်တီများလား။ ဒါမှမဟုတ် သတိရစိတ်တွေကြီးစိုးနေတဲ့ ရိုးရဲ့မသိစိတ်ထဲက ပုံရိပ်ယောင်များလားဆိုပြီး ရိုး ဝေခွဲရခက်နေသည်။

ခြေလှမ်းတွေကို တစ်ဖြည်းဖြည်းရှေ့သို့တိုးကာ
သူမ အနားကို ရိုး လျှောက်သွားနေရင်း အေးစက်တုန်ရီနေသော ရိုးရဲ့လက်များကို သတိပြုမိလိုက်သည်။

"အန်တီ....တကယ်ပဲ အန်တီလားဟင်"

"မင်း ဘယ်သူလဲ
တို့ မင်းကို မသိဘူး"

အန်တီရဲ့ခါးသက်သက် စကားလုံးများက ရိုးအကြားအာရုံထဲ ဝင်ရောက်လာသည်။ အချိန်အတော်ကြာ မျှော်လင့်စောင့်စားနေခဲ့ရသူဆီက ဖွင့်ဟလာသော စကားများက ရိုးကို ဝမ်းနည်းစေသည်မှာ မှန်သော်လည်း ရိုး ဂရုမစိုက်မိပါ။ ရင့်သီးတဲ့စကားတွေနဲ့ စတင်မိတ်ဆက်လာသော အန်တီ့မျက်ဝန်းတွေထဲမှာ ရိုးကိုယ်ရိုး မြင်တွေ့ရသည်ပဲ မဟုတ်လား။ မသိပါဘူးလို့ သူစိမ်းဆန်ဆန်ငြင်းနေပေမယ့်လည်း ဝမ်းသာရိပ်ဖြတ်သန်းသွားသော မျက်ဝန်းလှလှလေးတွေကို ရိုးဖတ်လိုက်ရသည်။

ဇနီးမယား(on going)Where stories live. Discover now