Chapter (23)

234 21 2
                                    

ရုံးဆင်းချိန်ဖြစ်တဲ့အတွက် လူတွေကားတွေ နဲ့ပျားပန်းခတ်မျှ စည်ကားနေတဲ့ ရန်ကုန်မြို့ ရဲ့ လမ်းမတစ်နေရာမှာ သက်တိုင် မောင်းနှင်လာတဲ့ကားလေးဟာ ဉီးတည်ရာကို ရွေ့လျားလျက်ရှိနေတယ်။

ကားထဲမှာတော့ classic သီချင်းငြိမ့်ငြိမ့်လေးတစ်ပုဒ်ကို ဖွင့်ထားပြီး သက်တိုင်ကလည်း စီရီယာတိုင်ကို မကိုင်ထားတဲ့  တခြားလက်တစ်ဖက်နဲ့ ကားမှန်တံခါးဘောင်ကို တတောက်တောက်ခေါက်ရင်း စီးချက်လိုက်နေတယ်။ သူ့မျက်နှာမှာလည်း တစ်စုံတခု ကို ကျေနပ်နေတဲ့ အပြုံးလွင့်လွင့် တစ်ခုက ချိတ်ဆွဲထားသေးတယ်။

ဒီနေ့ အစည်းအဝေးမှာ သူ့ရဲ့ project က အတည်ပြုခံလိုက်ရတယ်။ တော်တော်လေးလက်ပေါက်ကပ်အောင် ‌ပြောရဉီးမယ်လို့ ထင်ထားတဲ့ ရှယ်ယာရှင် အမည်ခံ ကြောင်သူတော်ကြီးတွေက အသာတကြည်ပဲ လက်ခံလိုက်ကြတယ်။ အမှန်တကယ် သိပ်လည်း အံ့ဩစရာတော့ ရှိမနေပါဘူး။ "တစ်သက်လုံးဖုံးလာသမျှ ကုန်းကာမှပေါ်"ဆိုတဲ့ အခြေအနေမျိုးကို အဲ့ဒီ အဖိုးကြီးတွေ ရင်ဆိုင်နေရတာကိုး။

ဒီအကြောင်းတွေ တွေးမိတော့ တစ်ဆက်တည်း သူ သတိရမိတာက ဗညားငယ် ကိုပဲ။ အဲ့ဒီကောင်လေး ကလေးဆန်ပြီး ဇွတ်တရွတ်နိုင်တယ်လို့ ထင်ရပေမယ့် ဉာဏ်နီဉာဏ်နက် ကတော့ အတော်များတဲ့ ကလေး။

ကိုကောင်းမြတ် ကသာ ဗညားငယ် နဲ့ တွေ့ခဲ့တယ်ဆိုတဲ့အကြောင်း လာမပြောရင် သက်တိုင်လည်း ဒီကောင်လေးရဲ့ အကြံအစည် ကိုသိလိုက်ရမှာမဟုတ်ဘူး။ အခုတော့ သက်တိုင် ဘက်ကနေ လိုရမယ်ရ အဓိက ရှယ်ယာရှင် နှစ်ယောက်နောက်ကို လွှတ်ထားတဲ့ လူတွေစီက ပြန်ကြားရတဲ့ သတင်းတွေကိုပါထည့်ပေါင်းလိုက်တော့ project ကိစ္စမှာ ဗညားငယ် တစ်ခုခု လှုပ်ရှားထားတယ်ဆိုတာ သက်တိုင်ရိပ်မိလိုက်တယ်။အတိအကျကိုတော့ သူမခန့်မှန်းနိုင်ပေမယ့် အဖိုးကြီးတွေ တုတ်တုတ်မှ မလှုပ်နိုင်တော့မယ့် ချုပ်ကွက်ကောင်းကောင်းဆိုတာတော့ သေချာတယ်။

သိသိချင်းတော့ မဆိုင်တာကို ၀င်ပါတယ်ဆိုပြီး ဒေါသ ထွက်မိပေမယ့် ကိုယ့်အိမ်ထောင်ဖက်စီက အကူအညီကို ရတယ်လို့ စဉ်းစားမိတော့လည်း နည်းနည်းတော့ကြည်နူးမိသား။ ပါရမီဖြည့်ဖက် ဆိုတာဒါမျိုးကို ခေါ်တာမဟုတ်လား။ ဒါပေမယ့် ဒီလို ကိစ္စမျိုးက အခန့်မသင့်ရင် အန္တရာယ်ရှိနိုင်တယ်ဆိုတော့ ပြောသင့်ပြောထိုက်တာကို ‌ပြောဖို့တော့ စဉ်းစားထားပါတယ်။

"အခါတော်ပေးတာက နတ်ရေးငယ်ရွှေစာ"(Completed)Where stories live. Discover now