အခန်း(၃၀)

277 4 0
                                    

💏 စင်ဒရဲလား 💏
💋အခန်း(၃၀)💋

"ကြွေ... ကုမ္ပဏီကိုလိုက်ခဲ့ပါလားကွာ..."
ကြွေ စာရွက်စာတမ်းတွေထည့်တဲ့ ကိုကို့ရဲ့အိတ်ထဲကို ပစ္စည်းတွေစုံ၊မစုံကြည့်နေရင်းကနေ ခေါင်းရမ်းလိုက်ပြီး
"ကြွေ မလိုက်တော့ပါဘူး ကိုကိုရယ်... အိမ်မှာလုပ်စရာတွေရှိသေးတယ်..."
ခွင်း ကော်ဖီဖလားကိုကြည့်ကာ သက်ပြင်းချလိုက်မိ၏။
"ကိုကို... ဘာဖြစ်လို့ သက်ပြင်းတွေချနေရတာလဲ... ကိုကို ဘာဖြစ်နေလို့လဲ..."
ကြွေက သူ့အနားမှာလာထိုင်ကာပြောလိုက်တော့ သူ ကြွေ့လက်ကိုကိုင်လိုက်ကာ ကြွေ့မျက်နှာကို သေချာလေးကြည့်လိုက်လေသည်။ ထို့နောက် နဖူးပေါ်ကျနေတဲ့ ဆံနွယ်လေးတွေကို သပ်တင်ပေးလိုက်ပြီး
"ဒီနေ့ ကိုယ့်ရင်တွေလေးနေတယ် ချာတိတ်..."
"ဟင် ကိုကိုကလည်း... ကြွေ့အတွက်စိတ်ပူနေတာလား..."
သူ ခေါင်းကိုလေးပင်စွာငြိမ့်ပြလိုက်တော့ ချာတိတ်က ကလေးတစ်ယောက်လို သူ့ရင်ခွင်ထဲသို့တိုးဝင်လာခဲ့လေသည်။ သူ ကြွေ့ပခုံးလေးကို အသာလေးပြန်ဖက်ထားလိုက်သည်။
"ကြွေ့အတွက်ဆို မပူပါနဲ့တော့ ကိုကိုရယ်... ကြွေ့ကို ဘယ်သူမှဘာမှမလုပ်တော့ပါဘူး... အဲ့ဒါဘာလို့လဲဆိုတာ ကိုကိုသိရဲ့လား..."
"ဟင့်အင်း..."
"ကြွေ့အနားမှာ ကိုကိုရှိနေလို့ပေါ့..."
သူ အသာလေးပြုံးလိုက်မိ၏။ ဒါပေမယ့်လည်း ရင်ထဲက လေးလံနေတာတွေကတော့ ပျောက်ကွယ်မသွားခဲ့။ ဒီနေ့မှ စိတ်တွေ ဘာလို့ဒီလောက်လေးနေမှန်းမသိ။
"ကိုယ်က အခု ကုမ္ပဏီကိုသွားနေတဲ့အချိန် ချာတိတ်ဘေးမှာ ရှိပေးနိုင်မှာမဟုတ်ဘူး... နောက်ပြီး စံအိမ်နဲ့ကုမ္ပဏီက မဝေးဘူးဆိုပေမယ့် လှမ်းမြင်နေရတာလည်းမဟုတ်... အဲ့ဒါကြောင့် ကိုယ် ချာတိတ်ကို စိတ်ပူနေရတာ..."
"ကိုကိုရယ်... စံအိမ်မှာ ကြွေတစ်ယောက်ထဲ ကျန်ခဲ့တာမှမဟုတ်တာ... ခြံစောင့်ကြီးရော အိမ်တော်ထိန်းကြီးရော... တခြားလူတွေရော ရှိနေတာပဲကို... နော်...  စိတ်မပူနဲ့တော့နော်..."
ကြွေ ကိုကို့လက်ဝါးကို တင်းကြပ်စွာဆုပ်ကိုင်ပြီးပြောလိုက်တော့ ကိုကိုက သူမကို ငုံ့ကြည့်လာပြီး သူမရဲ့ပါးလေးကိုအသာဖိလိုက်ကာ
"ဟုတ်ပါပြီဗျာ... ကိုကို့ရဲ့ဇနီးချောလေးက သတ္တိတွေရှိနေမှတော့ ကိုကိုမပြောတော့ပါဘူး..."
သူမရယ်လိုက်ကာ
"ကိုကိုကလည်း..."
"ဒါပေမယ့် ချာတိတ် ကိုယ့်ကိုကတိတစ်ခုပေးရမယ်..."
"ဟုတ် ပြောလေ ကိုကို..."
"ဘာအကြောင်းပဲရှိရှိ ကိုကို့ကိုဖုန်းဆက်ပြောရမယ်... "
"ဟုတ် ကြွေ ကတိပေးပါတယ်... ကိုကိုမသိပဲ ကြွေ ဘာမှမလုပ်ပါဘူး..."
"အင်း... နောက်ပြီး ကိုယ်အားတဲ့အချိန်တိုင်း ချာတိတ်ကိုဖုန်းဆက်နေမှာမို့လို့... ချာတိတ် ဖုန်းကိုလက်ထဲမှာပဲထားနော်..."
"ဟုတ်ကဲ့ ကိုကို..."
သူမ ကတိတွေဘယ်လောက်ပေးပေး ကိုကို့မျက်နှာက စိုးရိမ်မှုတွေ ကင်းမသွားခဲ့။ ကိုကို ဘာကို ဒီလောက်စိတ်ပူနေမှန်း ကြွေ စဉ်းစားမရခဲ့။ လရောင်နဲ့ပတ်သက်လို့တော့မဖြစ်နိုင်ဘူး... မမနေခြည်ကြောင့်များလား။ မင်္ဂလာပွဲပြီးကတည်းက မမနေခြည်တို့နဲ့မတွေ့ဖြစ်ခဲ့ပေ။ အခုလောက်ဆို မမနေခြည်တို့ကဖြင့် ကြွေ့ကိုသတိရတော့မှာတောင်မဟုတ်။ ကိုကိုကသာစိတ်ပူနေ။
"ကိုယ် တကယ်စိတ်မချဘူးချာတိတ်ရာ..."
ကြွေ ကိုကို့ရဲ့အိတ်ကိုယူလိုက်ပြီး ကိုကို့လက်ထဲသို့ထည့်လိုက်ကာ
"ကဲ သွားပါတော့ ကိုကိုရယ်... ကြွေ့အတွက် မပူပါနဲ့... ဟုတ်ပြီလား..."
ခွင်း ကြွေပေးနေတဲ့အိတ်ကိုယူလိုက်ကာ ခုံကနေ မထချင်ထချင်ဖြင့်ထလိုက်လေသည်။ ဟုတ်ပါတယ်... ကြွေ့ကို ဘယ်သူကမှတော့ ဘာမှလုပ်ကြမှာမဟုတ်ပါဘူး။ အဲ့ဒါကိုသူက ဘာလို့စိတ်ပူနေရတာလဲစဉ်းစားလို့မရ။
"အင်းပါ... ဒါဆို ကိုကိုသွားတော့မယ်နော်..."
"ဟုတ်... ကြွေ ကားပေါ်ထိလိုက်ပို့ပေးမယ်..."
ကြွေ ကိုကို့လက်ကိုတွဲပြီး အိမ်ထဲကနေထွက်လာလိုက်သည်။ အိမ်ရှေ့ရောက်တော့ ကိုကိုက ကြွေ့ကိုကြည့်လိုက်ပြီး
"ချာတိတ် အိမ်ထဲကနေ အိမ်ပြင်ကနေ ထွက်တောင်မထွက်နဲ့နော်..."
"ဟုတ်ကဲ့ပါ ကိုကို..."
ခွင်း သူမရဲ့ခေါင်းကို လက်နဲ့အသာလေးပုတ်လိုက်ကာ
"ကိုယ့်မဟေသီက တကယ့်အလိမ်မာတုံးလေးပဲ... အဲ့ဒါကြောင့် ကိုယ် ကြွေခဲ့တာဖြစ်မယ်..."
ကိုကို့စကားကြောင့် ကြွေ သဘောကျစွာ ရယ်လိုက်လေသည်။
"ကားပေါ်တက်တော့လေ ကိုကို..."
"အင်း... bye bye..."
"ဟုတ် bye bye..."
ခွင်း ကားပေါ်တက်ကာ ကားစက်နှိုးပြီး ခြံထဲကနေ မောင်းထွက်လိုက်လေသည်။ ခြံတံခါးနားရောက်တော့ ကားကို ခနရပ်လိုက်ကာ ခြံစောင့်ကြီးကိုကြည့်လိုက်ပြီး
"ဦးလေး... ကြွေ့ကိုဂရုစိုက်ပေးပါနော်... ဘယ်ကိုမှမသွားစေချင်ဘူး..."
"ကောင်းပါပြီ လူလေး... ဦးလေး သေချာဂရုစိုက်ပေးပါ့မယ်..."
"နောက်ပြီး နေခြည်ဦးတို့အိမ်ကလူတွေလာရင်လည်း လက်မခံပါနဲ့... ကြွေ့ကိုတွေ့ချင်တယ်ဆိုလည်း လုံးဝအတွေ့မခံပါနဲ့ ဦးလေး... ဒီတစ်ခါ ကြွေသာတစ်ခုခုဖြစ်သွားရင် ကျွန်တော် ဘယ်သူ့ကိုမှခွင့်လွှတ်မှာမဟုတ်ဘူး..."
"ဦးလေးနားလည်ပါတယ် လူလေးရယ်... ကြွေ့ကို ဂရုစိုက်ပါ့မယ်... "
"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ဦးလေး... ဒါဆို ကျွန်တော်သွားတော့မယ်...  နောက်ပြီး တစ်ခုခုအကြောင်းရှိတာနဲ့ ကျွန်တော့်ကို ချက်ချင်းဖုန်းဆက်ပြောပေးပါ..."
"ဟုတ်ပါပြီ... ဦးလေးဖုန်းဆက်လိုက်ပါ့မယ်..."
"ဟုတ်ကဲ့..."
ထို့နောက် ခွင်း ကားကိုခြံထဲကနေမောင်းထွက်လိုက်သည်။ လူကသာ အိမ်ကထွက်လာတာ... စိတ်ကတော့ အိမ်ထဲမှာကျန်ခဲ့၏။ ကြွေ့အတွက်ပဲ စိုးရိမ်နေခဲ့တာ။ လေးလံနေတဲ့စိတ်တွေကလည်း တော်တော်ခံစားရခက်သည်။ ဟူး... ဘာမှမဟုတ်လောက်ပါဘူး။ ဒီအတိုင်း သူ စိတ်ထင်နေတာပဲဖြစ်မှာပါ။
လရောင်ကလည်း ကြွေ့ကိုအရင်လိုဆက်ဆံတော့တာမဟုတ်။ သူငယ်ချင်းတစ်ယောက်ကဲ့သို့ပင်။ သူ့အလုပ်သူလုပ်ကာ အေးအေးဆေးဆေးဖြင့်။ ဒါဆိုသူဘာကိုစိုးရိမ်နေတာလဲ။ စိုးရိမ်စရာမရှိ ရှာကြံပြီးစိုးရိမ်နေမိတာထင်ပါတယ်လေ...။
💏💏💏💏💏💏💏
"ဟူး... အခုမှပဲ နေရထိုင်ရတာ အဆင်ပြေသွားတော့တယ်..."
လရောင် ခုံမှာထိုင်လိုက်ရင်းကနေ ပြောလိုက်တော့ သူငယ်ချင်းတွေက သူ့ကိုသေချာကြည့်နေကြလေသည်။
"လာပါဦး ကိုယ်တော်ချောရယ်... အဆိုတော်ဖြစ်ပြီးကတည်းက အေးအေးဆေးဆေးမတွေ့ရတာ ဘယ်လောက်ကြာနေပြီလဲ..."
လင်းလင်းရဲ့စကားကြောင့် လရောင် ပြုံးလိုက်မိ၏။
"ဟုတ်တယ် လရောင်... မင်း အခုတလောလည်း ပျောက်နေတယ် ဘာတွေများလုပ်နေတာလဲ...."
"ငါလား..."
"အင်း..."
လရောင် စည်သူ့ရှေ့က ရေသန့်ဗူးလေးကိုယူကာ မော့သောက်လိုက်၏။
"အင်း ဒီလိုပါပဲ... "
"လရောင် မင်းကိုဆေးရုံမှာတွေ့လိုက်တယ်တဲ့..."
လရောင် မျက်မှောင်ကြုတ်ကာ စည်သူ့ကိုကြည့်လိုက်ပြီး
"ဘယ်သူကလဲ..."
စည်သူ သူ့ဘေးမှာထိုင်နေတဲ့သူငယ်ချင်းတစ်ယောက်ရဲ့ပခုံးကိုပုတ်လိုက်ပြီး
"ပိုင်ပိုင်ကပြောတာ... ဟုတ်တယ်နော် ပိုင်ပိုင်..."
"ဟုတ်တယ် လရောင်... မင်း ဘာလုပ်နေတာလဲ..."
လရောင် မျက်နှာပျက်သွားပေမယ့် ချက်ချင်းပဲပြန်ပြင်လိုက်ကာ ရယ်လိုက်ပြီး
"ဘာမှမလုပ်ပါဘူးကွာ... ပရိသတ်တစ်ယောက်ကိုသွားတွေတာ..."
"ဘယ်သူလဲ..."
"ဘယ်သူလဲ လရောင်... မိန်းကလေးပရိသတ်လား..."
အားလုံးက လှုပ်လှုပ်ရှားရှားဖြစ်သွားကာ မေးလိုက်တော့ လရောင် အားရပါးရရယ်လိုက်ပြီး
"ဂျင်းကောင်တွေ... မင်းတို့ ငါ့သတင်းကို သတင်းစာထဲ ရောင်းစားကြမလို့လား..."
သူ့စကားကြောင့် သူငယ်ချင်းတွေကလည်း သဘောကျစွာ ရယ်နေကြတော့သည်။
"ဟား... ဟား... မဟုတ်ပါဘူးကွာ... ငါတို့က မင်းရဲ့သူငယ်ချင်းဆိုပေမယ့် မင်းရဲ့ပရိသတ်ပါပဲကွာ... အဲ့ဒါကြောင့် မင်းအကြောင်းကိုစိတ်ဝင်စားတာပေါ့ကွာ..."
"အင်း... ငါကတော့ အဲ့လိုမဟုတ်ဘူး လရောင်... အနည်းဆုံးတော့ မင်းသတင်းပေးနိုင်ရင် အခန်းထဲကကောင်မလေးတွေက တစ်ဝိုင်းလောက်တော့ ဒကာခံမယ်ထင်တယ် အဲ့ဒါကြောင့် မေးတာ..."
"ဟား... ဟား... ဟား..."
"တွေ့လား သစ္စာဖောက်ရှိတယ်... သူငယ်ချင်း အချင်းချင်းကို သတင်းတွေရောင်းစားနေတာ...."
စည်သူနဲ့လရောင်ကိုကြည့်ကာ အားလုံးက ရယ်နေကြတော့သည်။
"ဟား... ဟား... စတာပါကွာ..."
"ငါလည်းစတာပါကွာ... အဲ့ဒီ့ဆေးရုံကသူငယ်ချင်းက ငယ်သူငယ်ချင်းတွေ... အခုမှပြန်တွေ့ကြတာ... ငါ့သီချင်းခွေကို သူတွေ့သွားတယ်တဲ့လေ... အဲ့ဒါကြောင့်ပဲ နယ်ကနေ ဒီအထိကိုရောက်လာတာ..."
လရောင် ပါးစပ်ထဲရှိတာတွေပြောလိုက်ပေမယ့် သူငယ်ချင်းတွေကတော့ ယုံသွားကြသည့်ပုံပင်။
"ဪ..."
"ဒါနဲ့ မင်း ဒုတိယစီးရီးအတွက်ကရော..."
လရောင် လက်ကနာရီကနေ Date ကိုကြည့်လိုက်ကာ
"မနက်ဖြန် စာချုပ်အတွက် လက်မှတ်သွားထိုးရဦးမယ်...."
"ဝိုး... ဒါဆို မင်း ဒုတိယစီးရီးအတွက်ကလည်း ပြင်ဆင်နေရတာပေါ့..."
"အင်း ဟုတ်တယ်... အဲ့ဒါကြောင့် ငါမအားတာ..."
"ဒါဆိုလည်း ဆောရီးပါကွာ... ငါတို့ကမသိလို့..."
"ရပါတယ်ကွာ... ဒါပေမယ့် အခု ငါသွားစရာရှိသေးတယ်ကွ... မင်းတို့ကိုတော့ တကယ်အားနာပါတယ်..."
"ရပါတယ် လရောင်ရာ... မင်းလည်း အလုပ်တွေရှုပ်နေတာပဲကို..."
"အေးလေ ဒါနဲ့ မင်းအခုဘယ်သွားမှာလဲ..."
လရောင် သက်ပြင်းတခုကို သာသာလေးချလိုက်ပြီး
"ဖေဖေမေမေတို့နဲ့မတွေ့တာကြာပြီ... စီးရီးထုတ်ပြီးကတည်းကပဲ... အဲ့ဒါကြောင့် ငါ သတိရနေလို့ သွားတွေ့မလို့..."
"အေးပါကွာ... ဒါဆိုလည်းသွားလေ..."
"အင်း... မနက်ဖြန် လက်မှတ်ထိုးပြီးပြန်လာရင် ငါတို့သောက်ရအောင်ကွာ..."
"ရလို့လားကွ... မင်းကအဆိုတော်ဆိုတော့ မင်းအသံကိုထိခိုက်နိုင်တယ်..."
"ဟုတ်တယ် လရောင်... မင်းအသံက ဂရုစိုက်ရမှာ..."
"နည်းနည်းပါးပါးပေါ့ကွာ..."
"အေးပါကွာ မင်းသဘောပါ..."
"Ok... ဒါဆိုငါသွားပြီနော်..."
"အင်း..."
"Bye..."
လရောင် လက်ပြပြီးထွက်သွားတာကိုကြည့်ကာ စည်သူ့စိတ်ထဲမှာ တစ်မျိုးကြီးခံစားလိုက်ရ၏။ တခြားသူငယ်ချင်းတွေလည်း ရယ်နေရာကနေ တန့်သွားကြကာ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြလေသည်။
"ငါ့စိတ်ထဲမှာ တစ်မျိုးကြီးပဲကွာ..."
"ဟုတ်တယ် ပိုင်ပိုင်... လရောင်ကိုကြည့်ပြီး ငါ့စိတ်ထဲမှာလည်း တစ်မျိုးကြီးပဲ... ဟာတာတာနဲ့..."
လင်းလင်း စည်သူနဲ့ပိုင်ပိုင်တို့ရဲ့ပခုံးကိုပုတ်လိုက်ကာ
"သူငယ်ချင်းတို့... တတ်နိုင်သလောက် ဒါကိုစိတ်ထဲက ဖျောက်ထားလိုက်ပါကွာ..."
သူတို့တွေ ခေါင်းကိုယ်စီ ငြိမ့်ပြလိုက်ကြတော့သည်။ ရင်ထဲကခံစားချက်တွေကတော့ ချက်ချင်းပျောက်ကွယ်မသွားခဲ့။
💏💏💏💏💏💏💏
"မရဘူး ကလေးမ.... လူလေးက ဦးလေးကို သေချာမှာခဲ့လို့ပါ..."
နေခြည် ငိုကြီးချက်မဖြစ်သွားကာ ခြံတံခါးကိုကိုင်လိုက်ပြီး
"ဦးလေးရယ်... သမီးအဖေက သူ့ဦးလေးအရင်းကြီးပါ... သူ့ရဲ့နောက်ဆုံးအချိန်လေးမှာ ကြွေ့ကိုတွေ့ပြီး ပြောစရာရှိတာတွေ ပြောသွားချင်လို့ပါတဲ့ ဦးလေးရယ်..."
ခြံစောင့် ဦးလေးကြီးက ခေါင်းကုတ်လိုက်ကာ
"ခက်တာပဲ... လူလေးက သေချာမှာခဲ့တာ အထူးသဖြင့် ငါ့တူမကြီးတို့နဲ့ မတွေ့စေချင်တာပဲ..."
"ဦးလေးရယ်... ကြွေ့ကိုသွားပဲမေးပေးပါ ကြွေမလိုက်ဘူးဆိုရင် သမီးတို့မခေါ်တော့ပါဘူး... အဖေအသည်းအသန်ဖြစ်နေလို့လာခေါ်တာပါ... မယုံရင် ညီမလေးကိုမေးကြည့်လိုက်ပါ..."
ရွှေရည်လည်း မျက်ရည်တွေကြားထဲကနေ ခေါင်းငြိမ့်ပြလိုက်၏။
"ဟုတ်ပါတယ် ဦးလေးရယ်... ကြွေ့ကိုခေါ်ပေးပါနော်... ဖေဖေကကြွေ့ကို အရမ်းတွေ့ချင်နေလို့ပါ... ရွှေရည်တောင်းပန်ပါတယ် ဦးလေးရယ်..."
ခြံစောင့် ဦးလေးကြီးက ခေါင်းကုတ်ရင်းကနေ စိတ်ကူးတစ်မျိုးပြောင်းသွားသလို မျက်နှာကို စိတ်ညစ်ဟန်လုပ်လိုက်ပြီး
"ကောင်းပြီလေ... ဒါဆိုရင်လည်း ဦးလေး ကြွေ့ကိုသွားပြောပေးပါ့မယ်... အထဲထိမဝင်ခိုင်းတာကတော့ လူလေးခွင်းမဏ္ဍိုင်ရဲ့အမိန့်မို့လို့ ဦးလေးကို နားလည်ပေးပါ..."
"ဟုတ်ကဲ့ ရပါတယ်... ကြွေ့ကိုသာ သွားပြောပေးပါနော်..."
ဦးလေးကြီးက ခေါင်းငြိမ့်ပြီး ခြံထဲကိုပြန်လှည့်ဝင်သွားတော့ နေခြည့်မျက်နှာက ချက်ချင်းပြောင်းလဲသွားတော့သည်။
"ဖြစ်နေလိုက်တာ... "
"မမရယ်... ကိုခွင်းမဏ္ဍိုင်ကလည်း စိုးရိမ်လို့နေမှာပါ..."
နေခြည် ရွှေရည့်မျက်နှာကိုကြည့်လိုက်ပြီး
"ဟွန့်... ဖေဖေကြောင့်မို့လို့ ငါသည်းခံထားတာ..."
"မမ.. ဖေဖေ့အခြေအနေက ဘယ်လောက်တောင်ဆိုးနေလို့လဲဟင်... ပြောပါဦး မမခေါ်လို့သာလိုက်ခဲ့ရတာ... ရွှေရည် ဘာမှသိရသေးတာမဟုတ်ဘူး..."
"ဟိုရောက်ရင်သိမှာပေါ့..."
မျက်ရည်တွေသာကျတာ စကားပြောတာတည်ငြိမ်လွန်းတဲ့မမကိုကြည့်ပြီး ရွှေရည်နားမလည်နိုင်ခဲ့။ မမ ငိုတယ်ဆိုတော့ ဖေဖေအခြေအနေက အရမ်းဆိုးနေလို့လား။ ခြံစောင့်ကြီးကိုမမပြောတဲ့ ဖေဖေရဲ့နောက်ဆုံးအချိန်ဆိုတာ ဘာအဓိပ္ပါယ်လဲ။ ဖေဖေက ဘာလို့ ကြွေ့ကိုတွေ့ချင်ရတာလဲ။ ဘာတွေပြောချင်လို့လဲ။
အခု ရွှေရည် အပြင်မှာ သူငယ်ချင်းနဲ့စကားပြောနေတုန်း မမကရောက်လာကာ ဖေဖေသွေးတိုးလို့ ဆေးရုံတင်ထားရတယ်ဆိုကာ ခေါ်ခဲ့တာဖြစ်သည်။ နောက်ပြီး ကြွေ့ကိုလည်းဝင်ခေါ်ဦးမယ်တဲ့။ မမပုံစံက အိမ်နေရင်းအဝတ်အစားနဲ့ပဲဆိုတော့ တော်တော်စိုးရိမ်နေရသည့်ပုံပင်။
"ဟိုမှာ လာပါပြီ မိကြွေ..."
ခြံစောင့်ကြီးနောက်ကနေ သွက်လက်သောခြေလှမ်းတွေဖြင့် လာနေသောကြွေ့ရဲ့ပုံစံက ရွှေရည်တို့အိမ်မှာနေခဲ့သောပုံစံနဲ့ယှဉ်လိုက်သောအခါ တခြားစီဖြစ်နေတော့သည်။ ငပိရောင် ဝတ်စုံလေးနဲ့ ကတ္တီပါဖိနပ်ကိုစီးထားတဲ့ ကြွေ့ရုပ်က သန့်ရှင်းတည်ကြည်နေ၏။ အင်္ကျီအရောင်နဲ့သူမအသားဟာ လိုက်ဖက်စွာ တောက်ပနေခဲ့သည်။
"ကြွေ လှလိုက်တာ မမရယ်... ကြည့်ပါဦး..."
"ဘာလှတာလဲ... နင် ပါးစပ်ပိတ်ထားစမ်း ရွှေရည်... ငါ မိကြွေနဲ့ စကားပြောနေတုန်း နင် ဘာမှဝင်မပြောနဲ့ ကြားလား..."
ရွှေရည် မမအကြောင်းကိုသိသဖြင့် ဘာမှပြန်မပြောမိတော့ပဲ ငြိမ်နေလိုက်မိသည်။ ကြွေလည်း ခြံတံခါးနားရောက်ရော မမရဲ့ပုံစံဟာ ချက်ချင်းပဲပြောင်းလဲသွားကာ
"ကြွေ... ညီမလေးရယ်... လုပ်ပါဦး..."
"မမနေခြည် ဘာဖြစ်တာလဲ... ဦးလေးဘာဖြစ်လို့လဲဟင်..."
"အဟင့်... ဟင့်... ဖေဖေလေ အသည်းအသန်ဖြစ်လို့ ဆေးရုံတင်ထားရတယ်..."
ကြွေ အံ့သြသွားကာ ရင်ဘတ်လေးကိုဖိလိုက်ပြီး
"ရှင် ဘယ်လိုဖြစ်ရတာလဲ မမရယ်..."
"ဟုတ်တယ် ညီမလေးရယ်... ဖေဖေက သူ့ရဲ့နောက်ဆုံးအချိန်လေးမှာ ညီမလေးနဲ့တွေ့ပြီး စကားတွေပြောချင်နေတယ် အဲ့ဒါ ညီမလေးလိုက်ခဲ့ပါလား ညီမလေးရယ်... နော် မမ တောင်းပန်ပါတယ် ညီမလေးရယ် လိုက်ခဲ့ပေးပါနော် ဖေဖေ့ရဲ့နောက်ဆုံးဆန္ဒကို မမဖြည့်ဆည်းပေးချင်လို့ပါ..."
စကားအပြောအဆိုကအစ ပြောင်းလဲနေတဲ့မမကိုကြည့်ပြီး ကြွေ ဘာလုပ်ရမှန်းမသိဖြစ်သွားတော့သည်။ အရင်ကဆို သူမကို မိကြွေလို့သာခေါ်လေ့ရှိတဲ့မမ... အခုတော့ ကြွေ့ကို ညီမလေးတဲ့။ မမနေခြည် တကယ်ပြောင်းလဲသွားတာပဲ။ ကြွေ မမနေခြည်ကြောင့် ဝမ်းသာသွားခဲ့ပေမယ့် ဦးလေးအကြောင်းတွေးမိတော့ စိုးရိမ်သွား၏။
"လိုက်ခဲ့ပေးပါ ညီမလေးရယ်... ခနလေးပါပဲ မမနေခြည် ညီမလေးအပေါ်မှားခဲ့တာတွေအတွက်လည်း မမတောင်းပန်ပါတယ် ညလေးရယ် လိုက်ခဲ့ပေးပါနော်..."
မမရွှေရည်လည်း ငိုထားသည့်ပုံပင် မျက်နှာမကောင်း။ မမနေခြည်ကတော့ ပိုးဆိုးသည်။ ကြွေ့ကိုပြောနေတာတောင် မျက်ရည်တွေက ကျနေဆဲ။ နောက်ပြီး တွေ့ရခဲတဲ့ အိမ်နေရင်းပုံစံနဲ့ မမနေခြည်။ ဦးလေးအကြောင်းတွေးမိတော့ ကြွေလည်း အလိုလိုမျက်ရည်ဝဲလာမိတော့သည်။ ဪ... သွေးဆိုတာ ဒါကိုခေါ်တာပဲနေမှာ။ ဦးလေးဆိုတဲ့အသိကခေါင်းထဲဝင်လာတော့ မျက်ရည်က ဝဲလာ၏။
"ကြွေ... ညီမလေး လိုက်ခဲ့ပေးပါ ညီမလေးရယ်... မမ ဒူးထောက်တောင်းပန်ဆိုလည်း တောင်းပန်ပါ့မယ်.."
ပြောရင်းဆိုရင်း ဒူးထောက်တော့မလိုလုပ်နေတဲ့မမနေခြည်ရဲ့လက်ကို ကြွေ ခြံထဲကနေလှမ်းဆွဲလိုက်ကာ
"မလုပ်ပါနဲ့ မမရယ်... ကြွေ လိုက်ခဲ့ပါ့မယ်..."
"ဟင် တကယ်ပြောတာလား ညီမလေး..."
မျက်ရည်တွေသုတ်ကာပြန်မေးနေတဲ့ မမနေခြည်ကိုကြည့်ကာ ကြွေခေါင်းငြိမ့်ပြလိုက်လေသည်။
"ဦးလေး ကြွေ့ကို တံခါးဖွင့်ပေးပါ... ဦးလေး ဒီလောက်ဖြစ်နေမှတော့ ကြွေ မသွားလို့မဖြစ်ပါဘူး... ကိုကိုသိရင်လည်း ကြွေ့ကို သွားခိုင်းမှာပါ..."
"သမီး လူလေးကိုဖုန်းဆက်ပြီးပြောလိုက်ဦးလေ..."
"ညီမလေး ဖေဖေကအရေးကြီးနေလို့ အခုလိုက်ခဲ့ပါ ညီမလေးရယ်... ကိုခွင်းသိရင်လည်း နားလည်ပေးမှာပါ အခုလိုက်ခဲ့ပါနော်..."
"ဟုတ်ပါတယ် ဦးလေးရယ်... ဖေဖေကအရမ်းစိုးရိမ်နေရလို့ပါ ရွှေရည်လည်း တောင်းပန်ပါတယ်နော်..."
"ဦးလေးရယ် ကိုကိုဖုန်းဆက်လာရင် ဦးလေးပဲပြောလိုက်ပါ... ကြွေနဲ့မမတို့က သူစိမ်းတွေမှမဟုတ်တာ... ကိုကိုနဲ့လည်း ရင်းနှီးနေတာပါပဲ နော် ဦးလေး ကြွေသွားတော့မယ်..."
ခြံစောင့်ကြီးက ကြွေပြောတာကိုနားထောင်ပြီး ခြံတံခါးဖွင့်ရင်းကနေ
"လူလေးအကြောင်းကို ကြွေလည်းသိပါတယ်ကွယ်... လူလေးက ကြွေ့ကိုအရမ်းချစ်သလို အရမ်းလည်းစိတတ်ပူတတ်တာ..."
"ဟုတ်ကဲ့ ကြွေ သိပါတယ် ဦးလေးရဲ့..."
"မကြာပါဘူးဦးလေးရယ်... ကြွေ့ကို နေခြည်ပြန်လာပို့ပေးမှာပါ..."
"ဟုတ်ပါပြီကွယ်... လူလေးရဲ့စိတ်ကိုကြွေကပိုနားလည်မှာပါ..."
"ဟုတ်ကဲ့ ဦးလေး ကြွေသွားတော့မယ်နော်..."
"အေး... အေး..."
"လာ ညီမလေး မြန်မြန်လာ..."
ကြွေ့လက်ကိုဆွဲကာ နေခြည်ကားပေါ်တက်လိုက်လေသည်။
"ရွှေရည် အနောက်မှာပဲထိုင်လိုက်နော်..."
မမရွှေရည်က အနောက်ခန်းထဲဝင်ထိုင်လိုက်တော့ ကြွေ ကားရှေ့ခန်းထဲ ဝင်ထိုင်လိုက်လေသည်။ ဦးလေးအခြေအနေ ဘယ်လောက်တောင်များဆိုးနေလို့လဲ။ ဘယ်လိုပဲ ကိုယ့်အပေါ် မကောင်းခဲ့ဘူးဆိုဆို သွေးသားဆိုတော့လည်း စိတ်ပူရသည်။
နေခြည် ကားစက်နှိုးပြီး မျက်ရည်တွေသုတ်ရင်းကနေ အောင်နိုင်သူတစ်ယောက်လို ပြုံးလိုက်တော့သည်။ ဒါပေမယ့် သူမရဲ့အပြုံးကို ရွှေရည်ရောကြွေရော မမြင်လိုက်ကြပေ။
💏💏💏💏💏💏💏

#####
အိမ်မက်ကြယ်(ခ)ကြယ်လေး

စင်ဒရဲလား (Completed)Onde histórias criam vida. Descubra agora