💏 စင်ဒရဲလား 💏
💋အခန်း(၂၅)💋အဖြူရောင်လွလွ ခန်းဆီးလိုက်ကာတွေရဲ့အလယ်မှာ သူရောက်ရှိနေခဲ့သည်။ သူ့ခန္ဓာကိုယ်ဟာ တိမ်တစလို လွင့်မျောနေသလိုလို ခံစားနေရသည်။ ဒါပေမယ့် တကယ့်လက်တွေ့မှာတော့ သူ ဘယ်ကိုမှ မလွင့်မျောခဲ့ပါ။ သူ့နားထဲမှာ အသံတွေကိုကြားနေရလေသည်။
"သူ ဘာဖြစ်သွားတာလဲ..."
"မသိဘူး လရောင် သူ မလှုပ်တော့ဘူး..."
"ဟင်..."
လရောင် စိတ်ထဲမှာ စိုးရိမ်မှုအနည်းငယ်ကတော့ ဖြစ်ပေါ်လာခဲ့သည်။ မိုးတွေက သိပ်မရွာတော့ပေမယ့် သူကတော့ မိုးရေထဲမှာလဲကျနေတာ တော်တော်နဲ့ထမလာခဲ့ပေ။ လရောင် ငုတ်တုတ်ထိုင်လိုက်ကာ ခွင်းကိုသေချာကြည့်လိုက်၏။
စည်သူတို့လည်း လွန်လွန်ကျူးကျူးမလုပ်လောက်ပါဘူး။ ဘာလို့ သူက ဒီလောက်အထိ ဖြစ်သွားရတာလဲ...? အဟား.... ခင်ဗျား ဒီလိုပုံစံနဲ့ ကြွေ့ကို ဘယ်လိုများ စောင့်ရှောက်နိုင်မှာလဲ ကိုခွင်းမဏ္ဍိုင်။"လရောင်... သူ တစ်ခုခုဖြစ်သွားဦးမယ်... ငါတို့ဆေးရုံပို့ရအောင်..."
လရောင် လက်ကာပြလိုက်ပြီး
"မလိုပါဘူး..."
အသံတွေအားလုံးဟာလည်း သူ့ရဲ့နားထဲမှာ ဝိုးတိုးဝါးတား... လရောင်နဲ့ သူ့သူငယ်ချင်းတွေ အပြန်အလှန်ပြောနေတဲ့စကားတွေက သူ့ကို ရည်ညွှန်းနေသောစကားလုံးများ။ သူ မျက်လုံးမဖွင့်နိုင်ပေမယ့် သူ့မျက်လုံးထဲမှာ ကြွေ့ကိုမြင်ယောင်နေလေသည်။ ကြွေက လှပစွာဝတ်စားထားပေမယ့် တစ်စုံတစ်ခုကို ကြောက်ရွံ့စွာ သူ့ကိုအားကိုးတကြီးကြည့်နေသည်။
"ခင်ဗျား ဒီလိုပုံစံမျိုးနဲ့ ကျွန်တော့်လက်ထဲကနေ ကြွေ့ကို ဘယ်လိုကယ်တင်မှာလဲ... တကယ်တော့ ခင်ဗျားက ကြွေနဲ့မထိုက်တန်ဘူးဆိုတာ အစောကတည်းကသိသင့်တယ် ကိုခွင်းမဏ္ဍိုင်..."
မျက်လုံးကို အားယူပြီးဖွင့်ပေမယ့်လည်း ဘယ်လိုမှဖွင့်မရခဲ့။
"တကယ်တော့ ကြွေ့ကို ကျွန်တော်ချစ်သလောက် ခင်ဗျားမချစ်ပါဘူး ကိုခွင်းမဏ္ဍိုင်ရယ်..."
"ဟုတ်တယ် လရောင်... အခု မင်း ကြွေ့အနားမှာသွားနေလိုက်... အခုချိန်ဆို ကြွေလည်း ကိုခွင်းမဏ္ဍိုင် သူ့ကိုတကယ်မချစ်ဘူးဆိုတာသိပြီး မင်းအပေါ် ပြောင်းလဲနေလောက်ပြီ..."
သူ့မျက်လုံးအစုံဟာ ပွင့်လာခဲ့လေသည်။ လက်တွေကလည်း မသိမသာလှုပ်ရှားလာကြသည်။
"ဟုတ်တယ် လရောင်... မင်းသွားတော့..."
"အိုကေ ကျေးဇူးပဲသူငယ်ချင်းတို့..."
လရောင် ပြုံးလိုက်ပြီး ထဖို့ပြင်လိုက်ရာ သူ့လက်ကိုလာဆွဲတဲ့ အေးစက်တဲ့လက်တစ်စုံရဲ့အထိအတွေ့ကြောင့် မျက်လုံးပြူးသွားကာ ငုံ့ကြည့်လိုက်လေသည်။
"ဟာ... သူမျက်လုံးပွင့်လာပြီ..."
ကိုခွင်းကိုကြည့်ကာ အံ့သြလွန်း၍ လရောင် အသံမထွက်ဘဲ ငေးကြည့်နေမိသည်။ ဖူးရောင်နေတဲ့မျက်နှာမှာ နှုတ်ခမ်းကနေ သွေးစတွေကလည်း ကပ်ငြိနေကြသည်။
"လ... လရောင်..."
သူ့လက်ကိုဆွဲကာ အားယူပြီးထနေတဲ့ ကိုခွင်းကိုကြည့်ကာ လရောင် အံ့သြတုန်လှုပ်နေလေတော့သည်။
"ကြွေ... ကြွေ့ကို... ပြန်ပေးပါနော်..."
သူမစိတ်ကြောင့် သူထလာတာလား။ သူမရဲ့ နာမည်လေးတစ်လုံးက သူ့နှလုံးသားကို လှုပ်နှိုးစေနိုင်တာလား။
"ဟေ့လူ..."
သူငယ်ချင်းတစ်ယောက်က သူ့ပခုံးကိုဆွဲလှည့်လိုက်တော့ သူ ယိုင်သွားသည်။ ဒါပေမယ့် လဲတော့ကျမသွားခဲ့။ သူ့ကိုကြည့်နေတဲ့အကြည့်တွေဟာလည်း စူးရဲနေသည်။ ဒါပေမယ့် တောင်းပန်တာလား... တောင်းဆိုတာလားဆိုတာ နားလည်ရခက်လောက်သော အကြည့်တွေကို သူ သေချာနားမလည်မိပေ။
"လရောင်.. ငါ ကြွေ့ကို ဘယ်လောက်ချစ်တယ်ဆိုတာ မင်းသိပါတယ်... ကြွေ့အတွက် ငါ အရာရာကို ကျောခိုင်းခဲ့တယ်... ငါ့မိသားစုကိုတောင်မှ ငါကျောခိုင်းခဲ့တယ်... အဲ့လိုအချစ်မျိုးက မင်းအချစ်ကို မမှီဘူးဆိုတာကတော့ မဟုတ်သေးဘူးထင်တယ်..."
လရောင် မတ်တပ်ရပ်လိုက်တော့ သူလည်း အားယူပြီး ထရပ်လိုက်လေသည်။
"ခင်ဗျား ကြွေ့ကို ပြန်လိုချင်တာလား... ကောင်းပြီလေ... ကြွေ အပေါ်ထပ်က လှေကားရဲ့ညာဘက်အခန်းထဲမှာရှိတယ်... ကျွန်တော် ကြွေ့ကိုလက်ဖျားနဲ့တောင် မတို့ရသေးဘူးနော်... ခင်ဗျား ကြွေ့ကိုသွားခေါ်ပါ... ဒါပေမယ့် တစ်ခုတော့ရှိတယ်... ကြွေ့ကို သွားခေါ်မယ်ဆိုရင် အရင်ဆုံး ကျွန်တော့်ကိုကျော်ပြီးမှရမယ်..."
ယိုင်နဲ့နေတဲ့ခွင်းကိုကြည့်ကာ စည်သူတို့တွေ ရယ်နေကြလေသည်။
"ကောင်းပြီလေ..."
လရောင် ကိုခွင်းကိုကြည့်ကာ လှောင်ပြုံးပြုံးလိုက်မိ၏။
ခွင်း ခန္ဓာကိုယ်ကို သေချာပြန်ထိန်းလိုက်ကာ လရောင်ရဲ့မျက်နှာကို လက်သီးနဲ့ထိုးလိုက်၏။
လရောင် အလဲလဲအပြိုပြိုဝင်လာတဲ့ လက်သီးတစ်ချက်ကို သူ့လက်နဲ့ရိုက်ချလိုက်ကာ ကိုခွင်းရဲ့နှုတ်ခမ်းထောင့်ဆီသို့ လူ့လက်သီးကို ပစ်သွင်းလိုက်တော့သည်။
"အား..."
"ဟာ..."
ယိုင်လဲကျသွားတဲ့ကိုခွင်းကိုကြည့်ကာ လရောင်ရဲ့သူငယ်ချင်းတွေ အံ့သြသွားကြလေသည်။ ရစရာမရှိလောက်အောင် စုတ်ပြတ်သတ်နေတဲ့ ကိုခွင်းရဲ့ကုတ်အင်္ကျီကိုကြည့်ကာ လရောင်စိတ်ပျက်သွားလေသည်။ ပိုးဆိုးတာက အတင်းကုန်းကာထနေတဲ့ ကိုခွင်းပုံစံက ဗွက်တွေပေရေနေတဲ့ အသိဉာဏ်ကင်းမဲ့နေသော လူတစ်ယောက်ကဲ့သို့ပင်။
"တီ... တီ... တီ..."
လရောင် ဖုန်းကိုထုတ်ကြည့်လိုက်ပြီး စိတ်ပျက်စွာဖြင့် အိတ်ကပ်ထဲသို့ ပြန်ထည့်လိုက်လေသည်။ ရုတ်တရက် ကားမီးရောင်တစ်ခုက မျက်နှာကိုလာထိုးတော့ လရောင် မျက်မှောင်ကြုံ့သွားကာ သေချာကြည့်လိုက်မိသည်။
"ဟာ လရောင်... မင်းအကို ကိုသက်တန့်ရဲ့ကား..."
"ဟင်... အနောက်မှာလည်း ကားတွေပါသေးတယ်..."
"လရောင်... ကိုခွင်းရဲ့မိသားစုတွေလည်းပါတယ်..."
"ကျွတ်... ဒါ ကိုကို့လက်ချက်ပဲ..."
သက်တန့်တို့ လိုက်လာတယ်ဆိုတာသိတော့ ခွင်း အားတက်သွားလေသည်။
အားလုံးက ငြိမ်သက်စွာဖြင့် မတ်တပ်ရပ်နေကြသည်။ ကားတွေအားလုံး ခြံရှေ့မှာရပ်သွားကြကာ လူတွေအားလုံးက စိုးရိမ်တကြီးဆင်းလာကြသည်။
"မောင်မောင်.."
မမတို့လည်းပါတယ်။
"ညီ... မင်း ဘာတွေလျှောက်လုပ်နေတာလဲ ညီရယ်..."
"ဒါ ကိုကို့လက်ချက်မို့လား...."
"သား... သားလေး..."
ဒေါ်မိုးမာန ဗွက်တွေပေရေနေတဲ့ ခွင်းကိုဆွဲဖက်လိုက်လေသည်။
"သားရယ်... ဘယ်လိုဖြစ်ရတာလဲ... "
"မောင်မောင်ရယ် မမ ဘယ်လောက်စိတ်ပူနေတယ်ဆိုတာ သိရဲ့လား..."
သူ့ကိုဖက်ကာငိုနေတဲ့မေမေနဲ့ မျက်ရည်တွေဝဲနေတဲ့ မမတို့ကိုကြည့်ကာ ခွင်း စိတ်မကောင်းဖြစ်သွားကာ
"ကျွန်တော် ဘာမှမဖြစ်ပါဘူး..."
"သား... မောင်ခွင်းမဏ္ဍိုင်...အန်တီ့သမီး ကြွေရောဟင်..."
သူ တစ်ခါမှမမြင်ဖူးတဲ့ အန်တီကြီးက ကြွေ့ကိုမေးနေသဖြင့် ခွင်း အံ့သြကာကြည့်လိုက်ပြီး
"အန်တီက ကြွေနဲ့ဘယ်လိုပတ်သက်တာလဲ..."
"သား... ဒါက ဒေါ်နီလာတဲ့ ဖေဖေနဲ့က လုပ်ငန်းပါတနာတွေပေါ့... နောက်ပြီး ကြွေ့ရဲ့မွေးစားအမေ..."
"ဗျာ..."
"ဟုတ်တယ် မောင်ခွင်းမဏ္ဍိုင်... နောက်ပြီး အန်တီက မင်းရဲ့ယောက္ခမပါ..."
"ဟင်... ဒါ ဒါဆို ဖေဖေတို့မေမေတို့ရော အန်တီနီလာကရော ကျွန်တော်နဲ့ကြွေ့ကိုလက်ခံသဘောတူပြီပေါ့နော်..."
"ဟုတ်တယ် မောင်မောင်ရဲ့..."
"ပျော်လိုက်တာ... ကျွန်တော်... ကျွန်တော် ကြွေ့ကိုသွားခေါ်လိုက်ဦးမယ်..."
"အင်း မမတို့ ဒီမှာစောင့်နေမယ်နော်..."
သူ သွက်လက်သောခြေလှမ်းတို့ဖြင့် အိမ်ထဲသို့လှမ်းဝင်လိုက်တော့သည်။
"ညီ ကိုကိုမေးနေတယ်လေ..."
လရောင်မျက်နှာက အလိုမကျစွာ အားလုံးကိုတစ်ချက်ကြည့်လိုက်ပြီးမှ သူငယ်ချင်းတွေကိုကြည့်လိုက်ကာ
"သွားမယ်..."
"ညီ..."
သက်တန့်ခေါ်တာကိုလည်း လရောင်ပြန်လှည့်မကြည့်တော့ဘဲ သူ့သူငယ်ချင်းတွေနဲ့အတူ ခြံဝိုင်းထဲကနေ ထွက်သွားတော့သည်။
မိုးတွေစဲသွားကတည်းက သူမ ကုတင်ပေါ်မှာ ငုတ်တုတ်လေးထိုင်နေမိသည်။ ကြောက်လန့်နေသဖြင့် မအိပ်ရဲခဲ့။ ဒါတောင်မှ တစ်ချက်တစ်ချက်အိပ်ငိုက်သွားသေးသည်။ ကိုကိုရယ်... ကြွေ့ကိုမကယ်နိုင်တော့ဘူးလား။ ကိုကို ကြွေ့ကို တစ်ယောက်ထဲပစ်ထားတာလားဟင်။ အခု ကြွေ ဘယ်လောက်တောင်ကြောက်နေပြီလဲ ကိုကိုသိရဲ့လား။
"ကြွေ... ကြွေ..."
အသံကြောင့် သူမခန္ဓာကိုယ်လေး တုန်လှုပ်သွားမိသည်။ ဟင်... ဒါ ကိုကို့အသံပဲ။
"ကိုကို... ကိုကိုလား..."
"ကြွေ ကိုကိုပါ... တံခါးဖွင့်နော် ကိုကို ကြွေ့ကိုလာခေါ်တာပါ..."
"ကိုကို..."
သူမ ကုတင်ပေါ်ကနေ အမြန်ဆင်းလိုက်ကာ တံခါးကိုဖွင့်လိုက်လေသည်။ ရုတ်တရက်မြင်လိုက်ရတဲ့ ခွင်းပုံစံကို သူမငေးကြည့်ရာကနေ
"ကိုကို... ကိုကို့မျက်နှာက..."
သူမစကားမဆုံးသေးခင် သူ သူမခန္ဓာကိုယ်လေးကိုဆွဲဖက်လိုက်ကာ
"ကြွေ ဘာမှမဖြစ်ဘူးနော်... ကိုယ် တောင်းပန်ပါတယ် ကြွေရယ်..."
"ကိုကိုရယ်... ကိုကိုအခုလိုဖြစ်ရတာကြွေ့ကြောင့်ပါ ကြွေတောင်းပန်ပါတယ်..."
သူမ သူ့ရင်ခွင်ထဲကနေ ရုန်းထွက်လိုက်ပြီး သူ့မျက်နှာကိုသေချာမော့ကြည့်ကာ နှုတ်ခမ်းထောင့်က သွေးစတွေကို ဖယ်ရှားပေးနေ၏။
"ကိုကို အရမ်းနာနေမှာပဲ... ကြွေတောင်းပန်ပါတယ်နော်..."
ခွင်း သူ့မျက်နှာပေါ်က သူမရဲ့လက်ကို ဆွဲယူလိုက်ကာ သူမကိုကြည့်ကာ ခေါင်းရမ်းပြလိုက်ပြီး
"ကိုယ် မနာပါဘူး ကြွေရယ်... ဒီဒဏ်ရာက ကြွေ့ကိုဆုံးရှုံးရမယ်လို့တွေးမိတိုင်း ခံစားရတဲ့ ရင်ထဲကဝေဒနာနဲ့နှိုင်းယှဉ်ကြည့်လိုက်ရင် မဆိုစလောက်လေးပါ ကြွေရယ်... ကြွေ့ကိုဆုံးရှုံးရမှာ ကိုယ်ဘယ်လောက်တောင်ကြောက်လဲကြွေသိရဲ့လား... ကိုယ်လေ လရောင်တို့လက်ထဲမှာ သေရင်သေသွားပါစေ ကြွေမပါပဲနဲ့တော့ ဒီနေရာကနေမခွာဘူးလို့ဆုံးဖြတ်ချက်ချထားခဲ့တာ..."
"ကိုကိုရယ်... ကိုကို ကြွေ့ကိုအဲ့လောက်တောင်ချစ်ခဲ့တာလား..."
သူမ သူ့ရင်ခွင်ထဲဝင်လိုက်တော့ သူ အလိုက်သင့်လေး ပြန်ဖက်ထားလိုက်လေသည်။ ကိုယ် မင်းကို အဲ့ဒီ့ထက်ပိုချစ်တာပေါ့ချာတိတ်ရယ်။
မင်းကိုဆုံးရှုံးရမှာကို သေရမှာထက်တောင် ပိုကြောက်သေးတယ်။ အဲ့ဒါမင်းသိရဲ့လား။ တကယ်တော့ မင်းက ကိုယ့်ရဲ့အောက်စီဂျင်ပါ... မင်းမရှိပဲ ကိုယ်ဘယ်လိုမှ အသက်မရှင်နိုင်ဘူး။
ကြွေလည်း ကိုကို့တစ်ယောက်ထဲကိုပဲချစ်တာပါ ကိုကိုရယ်။ ကိုကိုမရှိပဲ ကြွေမရှင်သန်နိုင်ပါဘူး။ ကိုကိုက ကြွေ့ရဲ့ပဲ့ကိုင်ရှင်ပါ။ ကိုကို့နှလုံးသားအရိပ်အောက်မှာပဲ ကြွေက ကပ်ပါးကောင်တစ်ကောင်လို အမြဲတမ်းခိုကပ်ရှင်သန်နေမယ့်သူပါ ကိုကိုရယ်။
💏💏💏💏💏💏💏
"ဟင်... ဖေဖေ ဘာပြောလိုက်တာလဲ..."
ဖေဖေ့မျက်နှာက တစ်ခါမှမမြင်ဖူးခဲ့သော မျက်နှာမျိုးဖြင့်။
"ဟုတ်တယ်... ကြွေ့မွေးစားအမေ မမနီလာ ဒီကိုရောက်နေပြီ..."
"ကိုကျော် ဒါဆို... ဒါဆို သန္တာတို့ ဘယ်လိုလုပ်ကြမလဲ..."
မေမေကလည်း အလန့်တကြား ပြာယာတခတ်ပြောနေသည်။ နေခြည်နဲ့ရွှေရည်ကတော့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ နားမလည်ဖြစ်နေကြ၏။
"ဖေဖေနဲ့မေမေ ဘာတွေဖြစ်လို့လဲ..."
ဖေဖေနဲ့မေမေကတော့ သူမတို့ပြောနေတာတွေကို ကြားသည့်ပုံမပြ။ အပူအပင်တွေများနေသည့်ပုံပင်။
"ကြွေ့အတွက်လှမ်းပို့ပေးတဲ့ပိုက်ဆံတွေကိုလည်း အငယ်မ နိုင်ငံခြားမှာ ပညာသွားသင်တော့ လွှဲပေးခဲ့တာ... အဲ့ဒီ့အကြောင်းတွေသာ မေးလာရင် သန္တာမဖြေတတ်ဘူးကိုကျော်... နောက်ပြီး ကြွေ့ကိုအိမ်မှာ ဘယ်လိုပုံစံနဲ့ထားတယ်ဆိုတာကိုသာ မမနီလာသိရင် သန္တာတို့ ဘယ်လိုလုပ်မလဲဟင်..."
"အေး မင်းတို့က အခုမှငါ့ကိုပဲပြောပြနေ... မင်းတို့သားအမိတွေ ကြွေ့ကို နှိပ်စက်တုန်းကရော ဘာလို့ အဲ့လိုမတွေးခဲ့ကြတာလဲ... မင်းတိုလုပ်တုန်းက ပျော်ပျော်ကြီးလုပ်ခဲ့ကြတာပဲ ... အခု ခံရတော့လည်း ပျော်ပျော်ကြီးခံကြပေါ့..."
"ဟင်..."
"ဒါဆို ရွှေရည်တို့က ဘယ်လိုလုပ်ပေးရမှာလဲ... "
"ရှိသမျှရောင်းပြီး အိမ်ပေါ်ကဆင်းပေးရင်တောင် မကြေဘူး... သွန်းမိုးရတနာကုမ္ပဏီကိုပေးရမယ့်ပိုက်ဆံတွေလည်းရှိသေးတယ်... ငါတော့ ရူးရင်တောင် အရူးထောင်ရောက်ရတော့မှာ... အဲ့ဒါတွေအားလုံး မင်းတို့သားအမိတွေကြောင့်..."
ဒေါ်သန္တာ့မျက်နှာက ငိုမဲ့မဲ့ဖြင့် မျက်ရည်တွေကျလာတော့မလို ဦးနေကျော်ကို ကြည့်နေ၏။ အဲ့ဒီလိုလုပ်ခဲ့တုန်းက တွေးမိခဲ့တာမဟုတ်။ ကိုယ့်မိသားစု အဆင်ပြေပြေ ပျော်ရွှင်နေတာမြင်ရတော့ ဝမ်းသာနေခဲ့တာ။ ဒီလိုကိစ္စတွေဖြစ်လာမယ်ဆိုတာ ယောင်လို့တောင်မှမတွေးမိခဲ့။ အခုတော့... ဒေါ်သန္တာတွေးကာ နားက စိန်နားကပ်ကို နှမြောတသဖြစ်ကာ ကိုင်နေမိ၏။
"ဖေဖေ... ဒါဆို ရွှေရည်တို့ကို သူတို့ကထောင်ချမှာလားဟင်..."
ဦးနေကျော်ငြိမ်သွားကာ မတ်တပ်ရပ်လိုက်ပြီး ခန်းဆီးလိုက်ကာတွေကာထားတဲ့ တံခါးနားမှာရပ်လိုက်လေသည်။ သွန်းမိုးရတနာကုမ္ပဏီကသာ တရားစွဲခဲ့မယ်ဆိုရင် အလွဲသုံးစားမှုနဲ့ ထောင်ကျဖို့ကသေချာသည်။
"ဟုတ်တယ် သမီး... သမီးအဖေထောင်ကျတော့မှာ... မေမေတို့ဘယ်လိုလုပ်ကြမလဲ..."
မေမေ့စကားကြောင့် ရွှေရည် လန့်သွားကာ ဖေဖေ့နားကိုထသွားလေသည်။ ဖေဖေ့လက်ကိုဆွဲလှုပ်လိုက်ကာ
"ဖေဖေ... ဟုတ်လားဟင်... "
"ရွှေရည် နင့်ပါးစပ်ပိတ်ထားစမ်း.. ငါစဉ်းစားနေတယ်...ဖေဖေလည်းထောင်ကျစရာမလိုဘူး... ငါတို့မိသားစုလည်း အမြဲတမ်းပျော်ပျော်ရွှင်ရွှင်နေစေရမယ်..."
ဖေဖေက သူတို့ကို ကျောခိုင်းထားရင်းကနေ လှည့်ကြည့်လိုက်ကာ
"နင်ဘာတွေလုပ်ဦးမှာလဲ မိနေခြည်... ဒါတွေအားလုံး နင့်ကြောင့်ဖြစ်ရတာ... အခု သွန်းမိုးရတနာကုမ္ပဏီနဲ့ မမနီလာက လုပ်ငန်းပါတနာတွေ... နောက်ဆိုရင် ခမည်းခမက် တွေတောင်ဖြစ်တော့မှာ..."
"ဟင်... ဖေဖေ... ဖေဖေဘာပြောလိုက်တာလဲ..."
"ဟုတ်တယ်... အခု မမနီလာနဲ့ကြွေတို့တွေ့သွားကြပြီ... ခွင်းမဏ္ဍိုင်နဲ့ကြွေ့ကိုလည်း သဘောတူကြပြီ..."
နေခြည့်နားထဲမှာ ဗုံးအဆင့်ဆင့်ပေါက်ကွဲသွားသလို ခံစားလိုက်ရလေသည်။
"ဟင့်အင်း... မဖြစ်နိုင်ဘူး... မိကြွေကို လရောင်ခိုးပြေးသွားတာ... ခွင်း ဘယ်လိုမှပြန်တွေ့နိုင်စရာအကြောင်း မရှိဘူး..."
"ဘာလဲ နင်ဘာတွေလုပ်ဦးမှာလဲ... ကြံပါဦး ဘာတွေဘယ်လိုများလုပ်ဦးမလို့လဲ..."
"သမီးကြံမယ်ဖေဖေ... ခွင်းနဲ့မိကြွေကိုသဘောမတူဘူး... မိကြွေကို လရောင်ကခိုးပြေးသွားတာ လရောင်နဲ့ပဲယူရမယ်... ဟင့်အင်း ခွင်းနဲ့မရစေရဘူး..."
"မမ... မမ..."
သူမ မျက်ရည်တွေဝဲလာလေတော့သည်။ မဖြစ်နိုင်တာ။
"အဲ့ဒီ့တော့ နင်က ကြွေ့ကိုဘာတွေလုပ်ဦးမှာလဲ... လုပ်လေ နင်လုပ်သလောက် နင်ပြန်ခံရအောင် သူတို့ကလည်းလုပ်လိမ့်မယ် နေခြည်ဦး..."
"ကိုကျော် သမီးလေးကို ဘယ်လိုတွေပြောနေတာလဲ ရှင်ကျိန်စာတိုက်နေတာလား..."
မေမေက နေခြည်ပုခုံးကိုကိုင်ကာနှစ်သိမ့်ပြီးမှ ဖေဖေ့ကိုလှည့်ကြည့်ပြီးပြောလိုက်၏။ ဘယ်သူမှားမှန်းမပြောနိုင်ပေမယ့် သူမတို့အတွက်ဖြစ်လာမယ့်အရာတွေကတော့ ကောင်းတာတွေမဖြစ်နိုင်ပေ။
"ငါပြောတာမဟုတ်လို့လား သန္တာ... ဒီကိစ္စတွေမှာ မင်းသမီးရဲ့အပြစ်တွေကင်းတယ်လို့များ မင်းထင်နေတာလား... "
ဦးနေကျော်ပြောရင်းနဲ့ဒေါသထွက်လာကာ အော်ကြီးဟစ်ကျယ်ဖြစ်လာခဲ့တော့သည်။
"ရှင်ပြောနေတာက ရှင့်သမီးနော် ကိုကျော်... သူစိမ်းမဟုတ်ဘူး..."
"ငါ ဒါလေးပြောတာကို မင်းက မင်းသမီးဘက်ကနာနေတယ်... တူမအရင်းတစ်ယောက်လုံးကို မင်းတို့တွေရိုက်နှက်နှိပ်စက် နေတုန်းကရော ဦးလေးအရင်းဖြစ်တဲ့ငါ ဘယ်လိုခံစားနေရမယ်လို့ မင်းတို့ကိုယ်ချင်းစာတတ်ခဲ့ရဲ့လား... မွေးထားခဲ့တာက သမီးမိန်းကလေးတွေ...မင်းက မိခင်တစ်ယောက်ဖြစ်နေပြီး သမီးချင်းကိုယ်ချင်းစာတတ်ခဲ့ရဲ့လား သန္တာ...ဟင် ပြောစမ်းပါဦး..."
အနှစ်နှစ်အလလ မြိုသိပ်ခဲ့ရတဲ့စကားလုံးတွေကို အခုမှပြောခွင့်ရလာတဲ့အတွက် ဦးနေကျော် ရင်ထဲမှာ အတော်လေးပေါ့ပါးသွားခဲ့သည်။ တူမလေးကို ကိုယ့်ကွယ်ရာတစ်မျိုး ကိုယ့်ရှေ့တစ်ဖုံ ပုံစံအမျိုးမျိုးနဲ့ပြောဆိုနှိပ်စက်ခဲ့ကြတာတွေကို သူ ကွယ်ရာကနေ ကြားနေမြင်နေရပေမယ့် ဘာမှကာကွယ်မပေးနိုင်ခဲ့။ သူကိုယ်တိုင်လည်း ကြံရာပါးနီးပါးဖြစ်ခဲ့ရသည်။
"မုန်းလို့... သန္တာ ကြွေ့ကိုမုန်းလို့ ကိုကျော်..."
"ဟုတ်တယ် ဖေဖေ... နေခြည်လည်း မိကြွေကိုမုန်းတယ်...အရမ်းမုန်းတယ်... "
"အေး.. ပြောထားပါ... နောက်ပြီးတော့ သူတို့တွေ ဒီကိုရောက်လာရင် ဘယ်လိုတောင်းပန်မလဲဆိုတာကိုလည်း စဉ်းစားထား..."
"ဟင့်အင်း ဘယ်တော့မှမတောင်းပန်ဘူး..."
"အေးပေါ့ ဒါဆိုလည်း ဘယ်လိုယုတ်မာတဲ့အကြံအစည်တွေကြံဦးမလဲ... ကြံကြဦးပေါ့... ငါကတော့ ငါ့တူမအရင်းအပေါ်လည်း ထပ်ပြီးမယုတ်မာနိုင်တော့ဘူး... အပြစ်တွေအတွက် တောင်းပန်မယ်... တောင်းပန်လို့မရရင်လည်း ထောင်ကျပါစေ... မင်းတို့ကတော့... "
"ကိုကျော်..."
မေမေကအော်လိုက်တော့ ဖေဖေကဘာမှမပြောတော့ဘဲ အပြင်သို့ထွက်သွားလေတော့သည်။ ရွှေရည်ကတော့ ကြားထဲကနေ ဟိုလူ့စကားနားထောင် ဒီလူ့စကားနားထောင်ဖြင့် တွေဝေနေခဲ့တော့သည်။ ရွှေရည် မြန်မာနိုင်ငံမှာမရှိတဲ့အချိန်ကတည်းက မမနဲ့မေမေ ကြွေ့ကို အခုလိုမျိုး ခနခနနှိပ်စက်ကြတာလား...။ ဖေဖေပြောပုံအရဆို အားလုံးကအမှန်တွေပဲ။ ဖေဖေလည်း တူမတစ်ယောက်လုံးအနှိပ်စက်ခံရတာကိုသိရဲ့သားနဲ့ ကွယ်ရာမှာ အံကြိတ်ပြီး ငြိမ်ခံနေခဲ့တာလား။
"မေမေ... နေခြည့်မှာအကြံရှိတယ်... အဲ့ဒါ မေမေကူညီမှဖြစ်မှာ...."
"မေမေကူညီမယ်သမီး ပြောပါ..."
"သမီး ခွင်းကိုချစ်တယ်..."
မမစကားကိုကြားတော့ မေမေက မမကိုတွေတွေလေးကြည့်နေလေသည်။ မေမေ့မျက်နှာက သမီးတစ်ယောက်ရဲ့လိုအင်ဆန္ဒတွေကို အချိန်မရွေးဖြည့်ဆည်းပေးမည့် မိခင်တစ်ယောက်ရဲ့မျက်နှာမျိုးကဲ့သို့ဖြစ်နေသည်။
"သမီး သေချာပြန်စဉ်းစားလိုက်ဦးမယ် မေမေ... သမီး ခွင်းကို ဘယ်လိုနည်းနဲ့မှ မစွန့်လွှတ်နိုင်ဘူး..."
မေမေက သူမလက်ကို အားပေးသည့်ဟန်ဆုပ်ကိုင်ထား၏။
ဘယ်သူ့ကိုမှ မချစ်မိခဲ့ဘူး။ အဲ့ဒါကြောင့် သူမ ခွင်းအပေါ် ဒီလောက်အထိ ရူးသွပ်ခဲ့တာပေါ့။ ခွင်းကို သူမချစ်သည်။ ခွင်းချစ်တဲ့လူကို သူမမုန်းသည်။ အဲ့ဒါကြောင့်ကြွေ့ကိုမုန်းခဲ့တာ သမီးမှာ အပြစ်ရှိတာလား ဖေဖေရယ်။ ဒါဟာ တရားပါတယ်။ ဘယ်သူမဆို ကိုယ်ချစ်တဲ့သူကို ပိုင်ဆိုင်ချင်တာပဲလေ။
မစားရတဲ့အမဲ သဲနဲ့ပက်တယ်ပဲပြောပြော ဒဿလိုမိန်းမလို့ပဲပြောပြော ခွင်းကိုပိုင်ဆိုင်ရဖို့အတွက် သမီးဘာမဆိုလုပ်မှာပဲဖေဖေ။ ဖေဖေ့တူမ ဟုတ်လား။ ဖေဖေဘယ်တုန်းကများ မိကြွေအပေါ် အဲ့လိုသုံးနှုန်းခဲ့ဖူးလို့လဲ။ အခုမှ ဖေဖေ့ပါးစပ်ကပြောထွက်လာခဲ့တာ မိကြွေကို တူမတဲ့။ ဘာပဲဖြစ်ဖြစ် သမီးစိတ်မဝင်စားဘူး ဖေဖေ။
ခွင်းကို မစွန့်လွှတ်ရဖို့က အဓိက ကျန်တာ သာမညပဲ။ ခွင်းကိုချစ်တယ်... ခွင်းကိုချစ်တယ်... ကိုယ့်ကိုမုန်းနေတဲ့လူတစ်ယောက်ကို ကိုယ်ကချစ်နေတဲ့အကြောင်း တစ်လောကလုံးသိအောင် ပဲ့တင်ထပ်စွာ အော်ဟစ်ကြွေးကြော်ပစ်လိုက်ချင်သည်။ သူ ကိုယ့်ကိုမချစ်ဘဲ တခြားသူကိုချစ်ခဲ့လို့ပေါ့။ မဟုတ်ရင် ကမ္ဘာကြီးတစ်ခုလုံးကိုတောင် ပြောင်းပြန်လုပ်ပစ်လိုက်မှာ။
နေခြည် ရှင့်ကိုချစ်မိလို့ တစ်ခါမှ နောင်တမရခဲ့ဘူး။ ဒါပေမယ့် ရှင် နေခြည့်ကိုမချစ်တာကိုတွေးမိရင်တော့ နေခြည် ကိုယ့်ကိုကိုယ်သတ်သေပစ်လိုက်ချင်တယ်။ ဟင့်အင်း နေခြည် ရှင့်ကိုမမုန်းပါဘူး။ ရှင့်ကိုမမုန်းပေမယ့်လည်း တစ်ခါတစ်လေကျတော့ နေခြည် ရှင့်အပေါ် စိတ်နာချင်မိတယ်။ ဒါပေမယ့်လည်း အဲ့ဒီ့အခါကျရင် နေခြည်က ပိုပြီးနာကျင်ခဲ့ရတာပါ။ ဒါတွေအားလုံးဟာ မိကြွေကြောင့်ပဲ နေခြည်သိတယ်။ အဲ့ဒီ့အတွက် နေခြည်စဉ်းစားနေပါတယ်။ နေခြည် ရှင့်ကိုလည်းမစွန့်လွှတ်ရအောင် မိကြွေအပေါ်လည်း နေခြည့်အမုန်းတွေပျောက်ကင်းသွားအောင်... အဲ့ဒီ့အကြွေပန်း တစ်စစီကြေမွပျက်စီးပျောက်ကွယ်သွားစေမယ့်အကြံမျိုး နေခြည့်မှာရှိတယ်... အဲ့ဒါဘာလဲရှင်သိလား... ရှင် ခနတာတော့ နာကျင်ရလိမ့်မယ်။ ဒါပေမယ့်လည်း အဲ့ဒီ့နာကျင်မှုတွေ ပျောက်ကင်းသက်သာသွားအောင် နေခြည်ကိုယ်တိုင်လုပ်ပေးမှာပါ...။
💏💏💏💏💏💏💏#####
အိမ်မက်ကြယ်(ခ)ကြယ်လေး
KAMU SEDANG MEMBACA
စင်ဒရဲလား (Completed)
Romansaပုံပြင်ထဲကစင်ဒရဲလားလေးလိုမျိုး အရမ်းသနားစရာကောင်းတဲ့ 'ကြွေ'ဆိုတဲ့မိန်းကလေးနဲ့ အရာရာပြီးပြည့်စုံပြီး မင်းသားတစ်ပါးလို ချောမောခန့်ညားတဲ့ ကျောင်းက king 'ခွင်း'ဆိုတဲ့ ကောင်လေးတို့ရဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါ။ 💜