အခန်း(၂၈)

254 3 0
                                    

💏 စင်ဒရဲလား 💏
💋အခန်း(၂၈)💋

အခုချိန်ထိတော့ အရိပ်အယောင်တောင်မမြင်ရသေး။ ခန်းမကို ဘယ်သူမှမရောက်ခင် သူအရင်ရောက်နေခဲ့တာဖြစ်သည်။ မနေခြည်ဦးက ပြောလို့ရတာမဟုတ်ဘူး။ စောစောစီးစီးရောက်နေပြီး ကြွေ့ကိုဒုက္ခပေးနေရင် သူနောက်ကျသွားရင် ဘာမှသိလိုက်မှာမဟုတ်ဘဲ နောင်တရမိနေလိမ့်မယ်။ ခြောက်နာရီထိုးပြီပဲ။ လက်ကနာရီကိုကြည့်ပြီး သူ ဘေးဘီကိုဝေ့ကြည့်လိုက်သည်။ ဘာထူးခြားမှုကိုမှမတွေ့ရ။
သူငယ်ချင်းတွေကို မသိစေချင်လို့ သူ တစ်ယောက်ထဲရောက်လာတာဖြစ်သည်။ သူတို့သိရင်လည်း သူ့ကိုသွားခိုင်းမှာမဟုတ်။ ကိုခွင်းနဲ့ကြွေကိုယ်တိုင် ဖိတ်စာလာဖိတ်တာတောင် သူ ထွက်တွေ့ခဲ့တာမဟုတ်။ သူငယ်ချင်းတွေက ယူထားခဲ့တာဖြစ်သည်။
ကားသံတွေကိုကြားလိုက်ရသဖြင့် သူ ခန်းမရှေ့တံခါးနောက်မှာ ဝင်ပုန်းလိုက်မိသည်။ အဖြူရောင်မင်္ဂလာကားကိုတွေ့လိုက်ရတော့ သူ ခေါင်းနည်းနည်းထွက်ကာ ကြည့်လိုက်၏။ ကားပေါ်ကနေ ကိုခွင်းကအရင်ဆင်းလာကာ တစ်ဖက်ကားတံခါးနားကိုလျှောက်သွားပြီး ကြွေ့ ကားတံခါးကိုဖွင့်ပေးလိုက်လေသည်။
သူ စမြင်လိုက်တာက ခရမ်းနုရောင်ကတ္တီပါဖိနပ်မြင့်လေးနဲ့အတူဖြူဝင်းနေတဲ့ခြေထောက်လေးတစ်ဖက်က ကားတံခါးပွင့်ကာ အောက်ကိုကျလာခဲ့သည်။ သူမ ကားပေါ်ကဆင်းကာ မတ်တပ်ရပ်လိုက်တော့ သူ့ရင်ခုန်သံတွေ ရပ်တန့်သွားသလားအောက်မေ့ရတော့သည်။ ခရမ်းနုရောင် ထိုင်မသိမ်းဝတ်စုံနဲ့သူမ။ လက်ထဲမှာလည်း ခရမ်းရောင်လာဗင်ဒါပန်းတွေ။ လှလိုက်တာကြွေရယ်။ နန်းဆန်နေတဲ့သူမအပြုံးတွေဟာ ကိုခွင်းကိုကြည့်ကာ ပြုံးနေလေသည်။ ကိုခွင်းလည်း ခရမ်းရောင်သတို့သားဝတ်စုံနဲ့ ခန့်ညားလှသည်။ သူတို့နှစ်ယောက် တကယ်လိုက်ဖက်တာပဲ။ သူမကားပေါ်ကဆင်းလိုက်တော့ ကိုခွင်းက လက်ကမ်းပေးလိုက်ရာ သူမက ကိုခွင်းရဲ့လက်ကိုဆွဲကိုင်လိုက်၏။ ထို့နောက် အသေအချာ လက်ကိုချိတ်လိုက်ကြသည်။
ဘယ်လိုပဲပြင်ဆင်ထားပါစေ သူမမျက်နှာဟာ အမြဲတမ်းအပြစ်ကင်းစင်နေခဲ့သည်။ အခုလည်း သူမမျက်နှာဟာ ဟန်ဆောင်မှုကင်းစွာ ပျော်ရွှင်နေ၏။ သူမ ကိုခွင်းကိုသိပ်ချစ်တာပဲ။
သူမတို့ကားနောက်ကနေပါလာတဲ့ တခြားကားပေါ်ကနေ လူကြီးတွေလည်းဆင်းလာကြ၏။ အမျိုးသမီးကြီးတစ်ယောက်က ကြွေ့အနားကိုရောက်သွားကာ ကြွေနဲ့ကိုခွင်းကိုသေချာကြည့်ကာ သဘောတကျပြုံးနေတော့သည်။ ကြည့်ရတာ ကြွေ့မွေးစားအမေထင်တယ် ကြွေနဲ့လည်း ရုပ်ချင်းအနည်းငယ်ဆင်သည်။ ထို့နောက် လူကြီးတွေက အရှေ့ကဝင်သွားကြပြီးမှ သတို့သား သတို့သမီးနဲ့အရံတွေလည်း နောက်ကဝင်သွားကြတော့၏။ ကိုရဲရင့်က သတို့သားအရံပါလား... ဒါဆို ကိုကိုကဘယ်ရောက်နေတာလဲ။
တစ်ယောက်ပြီးတစ်ယောက်ဝင်သွားကြပေမယ့် မနေခြည်ဦးရဲ့အရိပ်အယောင်တောင်မတွေ့ရပေ။
"ညီ..."
"ဟင်..."
လရောင် နောက်လှည့်ကြည့်လိုက်ရာ ကိုကို့ကို တွေ့လိုက်ရသဖြင့် အံ့သြသွားလေသည်။
"ကိုကို..."
ကိုကိုသည်လည်း သပ်သပ်ရပ်ရပ်ချောမောနေခဲ့သည်။
"ညီ့ကိုတွေ့လိုက်လို့ ကိုကိုအပြင်မှာနေခဲ့တာ... ညီ ဘာလာလုပ်တာလဲ..."
လရောင် ဆွံ့အသွားမိ၏။ ဟုတ်၊ မဟုတ်မသေချာတော့ ကိုကို့ကို ပြောလို့ရပါ့မလား။ ကိုကိုက သူ့ကို မယုံသင်္ကာဖြစ်သလိုကြည့်နေ၏။
"ညီ... ကိုကိုမေးနေတယ်လေ..."
သူ ကိုကို့ကို မရဲတရဲလေး မော့ကြည့်လိုက်ကာ
"မနေခြည်ဦး ကြွေ့ကိုဒုက္ခပေးမှာစိုးလို့ ညီ အပြင်မှာစောင့်နေတာပါ..."
"ဟင်... သူကဘာပြောလို့လဲ..."
"မမရွှေရည် မနေ့ကဖုန်းဆက်လို့ပါ..."
ချက်ချင်းဆိုသလို ကိုကို့မျက်နှာက ဒေါသထွက်သွားကာ
"ကျွတ်... အဲ့ဒီ့မိန်းမက ဘာတွေလုပ်ဦးမှာလဲမသိဘူး...  ကိုကိုအထဲဝင်ပြီးကြည့်လိုက်ဦးမယ် ညီ..."
"ဟုတ်..."
ကိုကိုက စိုးရိမ်တကြီးပြောကာ ခန်းမထဲသို့ဝင်သွားတော့သည်။ သူ ပတ်ဝန်းကျင်ကိုထပ်ပြီး အကဲခတ်နေပေမယ့် မင်္ဂလာပွဲကို လာတဲ့လူတွေကလွဲပြီး ကျန်တာ ဘယ်သူ့ကိုမှမတွေ့ရ။ ဟုတ်ရောဟုတ်ရဲ့လား... အင်း... မမရွှေရည်က မနေခြည်ဦးလိုမဟုတ်တော့ လိမ်ပြောတာမဟုတ်လောက်ပါဘူး...။
လရောင် တံခါးအနောက်ကနေထွက်မလို့ပြင်လိုက်ရာ ခန်းမရဲ့အပြင်ဘက်မှာ ကားတစ်စီးရပ်သွားတာကို သတိထားလိုက်မိ၏။ အထဲထိဝင်မလာဘဲ အပြင်မှာရပ်သွားတာဖြစ်လို့ သူ သင်္ကာမကင်းဖြစ်သွားတော့သည်။ သူ အရှေ့နည်းနည်းတိုးကာကြည့်လိုက်၏။
"ဟင်... မနေခြည်ဦး... "
သူထင်သည့်အတိုင်းပင်။ ကားပေါ်ကနေ မနေခြည်ဦးက ဆင်းလာ၏။ ဒါပေမယ့်သူတစ်ယောက်ထဲ။ တစ်ခြား ဘယ်သူမှပါမလာခဲ့။ သူမပုံစံက တစ်ခုခုကိမျှော်နေသလိုလိုဖြင့် ခန်းမထဲသို့ လှမ်းကြည့်နေသည်။
"ဘာလဲ... ခန်းမထဲမှာ တစ်ခြားလူတွေရှိနေသေးတာလား..."

စင်ဒရဲလား (Completed)Donde viven las historias. Descúbrelo ahora