💏 စင်ဒရဲလား 💏
💋အခန်း(၂၇)💋"မင်္ဂလာဆောင်ပြီးရင် သား မေမေတို့နဲ့အတူနေမှာလား..."
မိသားစုထမင်းစားဝိုင်းမှာ လူတွေဆုံနေကြသည်။ ထမင်းစားနေတယ်သာဆိုတယ် ဘယ်သူကမှ ထမင်းကိုဟုတ်တိပတ်တိစားနေတာမဟုတ်။ စကားတွေပြောနေကြတာဖြစ်သည်။
ခွင်း မေမေ့စကားကိုနားထောင်ပြီး ကြွေ့ကိုလှမ်းကြည့်လိုက်ကာ
"ကျွန်တော်ကတော့ ကြွေ့သဘောပါ..."
"မေမေရယ် မောင်မောင်တို့လွတ်လွတ်လပ်လပ်နေပါစေ..."
"မိုးရယ်... နီလာက သမီးတို့အတွက် တိုက်တစ်လုံး ကားတစ်စီးဝယ်ပြီး လက်ဖွဲ့ပေးမလို့တောင် စဉ်းစားနေတာ..."
ဒေါ်မိုးမာန ခက်ရင်းကို ထမင်းပန်းကန်ထဲသို့ အသာတင်လိုက်ကာ ဒေါ်နီလာ့ကိုကြည့်ပြီးပြုံးလိုက်၏။
"မိုးက သားနဲ့မခွဲနိုင်လို့ပါ နီလာရယ်... သမီးလေးသဘောကရော..."
ကြွေ မမဘေးမှာထိုင်နေတဲ့ ကိုကို့ကိုကြည့်လိုက်ပြီး
"ကိုကို့သဘောပါ..."
"ဟောတော်..."
"ဟား... ဟား... ဒီကလေးတွေကတော့..."
လူကြီးတွေက သဘောတကျရယ်နေသဖြင့် ကြွေရှက်သွားကာ ခေါင်းငုံ့သွားတော့သည်။ ခွင်း ကြွေ့ကိုကြည့်ပြီး ကြည်နူးစွာပြုံးလိုက်မိတော့သည်။ ချာတိတ်ကတော့။
"ဟုတ်ပါပြီ ဒါဆိုရင်လည်း ကလေးတွေကို ကိုယ်တို့ကုမ္ပဏီနဲ့နီးတဲ့စံအိမ်ကို လက်ဖွဲ့ပေးလိုက်မယ်လေ မိုး... နီလာလည်း ဝယ်ပေးမနေနဲ့တော့ပေါ့..."
"အင်း... ဒါဆို သမီးလေးအတွက် နီလာဘဏ်စာအုပ်ပဲလုပ်ပေးလိုက်တော့မယ်..."
"ကောင်းသားပဲ..."
"မောင်မောင်တို့ကတော့ ထမင်းစားဝင်တော့မှာမဟုတ်တော့ဘူး..."
ခွင်း မမကို ဘာမှမပြောဘဲ ကြွေ့ကိုကြည့်ကာ ပြုံးပဲပြုံးနေမိ၏။
"ကြွေရေ... ခေါင်းလည်း ခုံအောက်ထဲဝင်သွားဦးမယ်..."
"မမသွန်းကလည်း..."
ကြွေ ခေါင်းမော့လာကာပြောလိုက်တော့ အားလုံးရယ်လိုက်ကြ၏။
"မင်္ဂလာပွဲအတွက်ရော အားလုံးအဆင်သင့်ဖြစ်ပြီလား သားတို့..."
"ဪ... ကိုမင်းကလည်း မနက်ဖြန်ပဲ မင်္ဂလာဆောင်ရတော့မယ်... အဆင်သင့်ဖြစ်ပြီပေါ့..."
"မိုးရယ်... ကိုယ်က လိုအပ်တာတွေရှိနေမှာစိုးလို့ပါ..."
"ဟုတ်ကဲ့ဖေဖေ... သားတို့အားလုံးအဆင်သင့်ဖြစ်နေပါပြီ..."
"အေးပါကွယ်..."
"ကဲ... ကဲ... ထမင်းစားကြပါဦး..."
"ဟုတ်..."
လူကြီးတွေ ထမင်းဆက်စားနေကြပေမယ့် ခွင်းနဲ့ကြွေကတော့ တစ်ယောက်ကိုတစ်ယောက်ကြည့်နေကြသည်။ မျက်နှာချင်းဆိုင် ဆိုတော့ အကြည့်တွေဟာလည်း တန်းနေ၏။ ခွင်း ကြွေ့ကိုကြည့်ကာ စချင်စိတ်ပေါက်လာသဖြင့် ခုံအောက်ကိုတစ်ချက်ကြည့်လိုက်ကာ ကြွေ့ခြေထောက်ကို သူ့ခြေထောက်နဲ့လှမ်းတို့လိုက်၏။
"အို..."
"ဟင် သမီးလေးဘာဖြစ်တာလဲ..."
ဒေါ်နီလာ ကြွေ့ကိုအလန့်တကြားကြည့်ကာ မေးလိုက်တော့ ကြွေ့အကြည့်တွေက ကိုကို့ဆီသို့ ရောက်သွားတော့သည်။
"ညောင်... ညောင်..."
"ဘာမှမဖြစ်ပါဘူး မေမေ... ကြွေ့ခြေထောက်ကို ဘေဘီလာထိတာ ကြွေ လန့်သွားလို့..."
"ဪ သမီးလေးရယ်... အရိုးစူးတာလားလို့ မေမေဖြင့် လန့်သွားတယ်..."
ကြွေပြုံးပြီး ကိုကို့ကိုကြည့်လိုက်တော့ ကိုကိုက ရယ်ကာခေါင်းငုံ့ပြီး ထမင်းစားနေ၏။
"ဘေဘီက ကြွေ့ကိုသိပ်ချစ်တာပဲနော် မောင်မောင်..."
ခွင်း ခေါင်းငြိမ့်လိုက်ကာ
"ချစ်တာပေါ့ မမရယ်... အခု ကြွေ့ခြေထောက်ကို ထိသွားတဲ့ဘေဘီလေးက ကြွေ့ကို သူ့အသက်ထက်တောင် ပိုချစ်တယ်တဲ့..."
"မောင်မောင်က ဘယ်လိုသိလဲ..."
မမက တအံ့တသြလေးမေးနေတော့ ခွင်း ရယ်လိုက်ကာ
"မမကလည်း အဲ့ဒီ့ဘေဘီအကြောင်းကို ကျွန်တော်ကအသိဆုံးပဲလေ..."
"ဪ... အေးပါ... အေးပါ..."
မမက နားမလည်တော့သည့်သဘောဖြင့် ထမင်းကိုသာ ဆက်စားနေတော့သည်။
ကြွေ ခွင်းကိုမျက်စောင်းထိုးလိုက်တော့ ခွင်း ကြွေ့ကိုကြည့်ကာ ရယ်နေတော့သည်။
ကိုကိုနော်... ဟွန့်... ကြွေသိတယ်။
သာယာစရာအချိန်လေးတစ်ခုဖြစ်သည်။ ဖြစ်နိုင်ရင် ခွင်း အခုအချိန်တွေကို ရပ်တန့်ထားလိုက်ချင်တော့၏။ ကြွေနဲ့နီးစပ်လာတော့မှပဲ အချိန်တွေကုန်ဆုံးသွားမှာကို သူ ကြောက်လာမိတော့တာဖြစ်သည်။
💏💏💏💏💏💏💏
"အင်း... ကူညီမှာလား..."
" ..... "
"ကောင်းပြီလေ... ငါ ကြိုစီစဉ်ထားမယ်..."
" ..... "
"ဒီကိစ္စက နင်နဲ့ငါနဲ့ကလွဲပြီး ဘယ်သူမှသိလို့မဖြစ်ဘူးနော်..."
" ..... "
"အင်း နင့်သူငယ်ချင်းတွေကိုလည်း မသိစေချင်ဘူး..."
" ..... "
ဖုန်းပြောနေရင်းနဲ့ မမမျက်နှာက အလိုမကျစွာ မဲ့ရှုံ့သွားတာကို ရွှေရည် သတိထားလိုက်မိ၏။
" အဲ့ဒါဆိုလည်း ပိပိရိရိတော့လုပ်... ငါက ငါ့ဘက်က ဘယ်သူ့ကိုမှ အကူအညီမတောင်းချင်လို့ နင့်ကိုပြောရတာ... ငါ ရွှေရည့်ကိုတောင်မယုံဘူး..."
" ..... "
"အင်း... အင်း အဲ့ဒါဆိုလည်း ငါဖုန်းချလိုက်တော့မယ်နော်... "
" ..... "
"ငါ ဒီညစဉ်းစားလိုက်မယ်... မနက်ဖြန် မင်္ဂလာပွဲဆိုတော့ မနက်ဖြန် လုပ်မှဖြစ်မှာ..."
" ..... "
"အင်းပါ... ငါ နားလည်ပါတယ်..."
" ..... "
" ငါ နင့်ကိုအကူအညီတောင်းတယ်ဆိုကတည်းက နင်နားလည်ပေါ့ဟာ..."
မမ ဘာတွေကြံစည်နေပြန်တာလဲ။ ကြွေတို့ကို ဘာလုပ်ဦးမှာလဲမသိဘူး။ ကျွတ်...
" ..... "
မမက တစ်ဖက်ကလူကိုပြောကာ သက်ပြင်းချလိုက်လေသည်။ မမက ပြောနေရင်းနဲ့ စိတ်မရှည်တော့သလို
"ငါ နားလည်ပါတယ်... အောင်မြင်ခဲ့ရင် နင်လိုချင်တဲ့..."
မမက ရပ်သွားကာ မျက်နှာကတည်သွား၏။ တစ်ဖက်က တစ်ခုခုပြန်ပြောနေတာကိုလည်း သေချာနားထောင်လိုက်ကာ ခေါင်းကိုငြိမ့်ပြီး အင်းပါ လို့သာ တိုးတိုးလေးပြောပြီး ဖုန်းကို ချလိုက်။ ထို့နောက် ပြတင်းပေါက်ကိုကိုင်လိုက်ကာ အပြင်ကိုကြည့်လိုက်ပြီး သက်ပြင်းတွေချနေပြန်လေသည်။
"မမ ဘာလုပ်ဖို့စဉ်းစားနေတာလဲ..."
"ဟင်..."
ရွှေရည့်အသံကြောင့် နေခြည်လန့်သွားကာ ရွှေရည့်ကိုလှည့်ကြည့်လိုက်၏။
"နင် ဘာပြောတာလဲ ရွှေရည်..."
ရွှေရည်က သူမအနားသို့ ရောက်လာကာ သူမရဲ့လက်တွေကို ကိုင်လိုက်ပြီး
"မမရယ် ကြွေနဲ့ ကိုခွင်းမဏ္ဍိုင်ကို ဘာမှမလုပ်ပါနဲ့တော့နော်... သူတို့တွေ သာသာယာယာ ဖြစ်နေပြီပဲ မမ ဒုက္ခမပေးပါနဲ့တော့..."
"ရွှေရည် ဘာမှဆက်မပြောနဲ့တော့... နင် ဘယ်သူ့ဘက်ကပါနေတာလဲ... နင်နဲ့ငါက ဘာတော်တာလဲ..."
ရွှေရည် မမရဲ့လက်တွေကိုလွှတ်လိုက်ကာ
"ရွှေရည်တို့က ညီအစ်မတွေပဲ မမ... အဲ့ဒါကြောင့်လည်း မလုပ်သင့်တာတွေကို မမ မလုပ်မိအောင် ရွှေရည်တားနေတာပေါ့ မမရယ်..."
"တော်စမ်းပါ... နင့်ကို သူတို့ကဘာတွေပေးထားလို့ နင်က သူတို့ကပြောနေတာလဲ... အေး ဘာပဲပေးပေး နင် သူတို့ဘက်ကပြောပေးလည်း ငါက ဆက်လုပ်နေမှာမို့လို့ အပိုပဲရွှေရည်... ဆက်မပြောနဲ့တော့... "
"မမရယ်... မဖြစ်နိုင်တာကိုမှ မမ ဘာလို့ လိုချင်ရတာလဲ... ရွှေရည် အခုလိုလုပ်နေတာတွေဟာ မမအတွက်ပါပဲ... မမ ထိခိုက်မှာစိုးလို့ ရွှေရည် ပြောရတာပါ..."
"အဟွန့်..."
မမက မျက်နှာမဲ့ရုံတင်မဟုတ်တော့ပဲ အသံပါထွက်လာခဲ့၏။
"နင်လည်းမိန်းကလေး... ငါလည်းမိန်းကလေးပဲ ရွှေရည်... ယောက်ျားလေးတစ်ယောက်ကို တစ်ဖက်သတ်ချစ်ရတာ ဘယ်လောက်နာနာကျင်ကျင်ခံစားရတယ်ဆိုတာ နင်လည်းသိမှာပေါ့... နင်လည်း သက်တန့်မောင်ကို တစ်ဖက်သတ်ချစ်နေတာမို့လား..."
ရွှေရည့်စိတ်ထဲမှာ မမအတွက် စိုးရိမ်နေတာပဲသိသည်။ ခေါင်းကိုအသာရမ်းလိုက်ပြီး
"မဟုတ်ဘူး မမ... ကိုသက်တန့်နဲ့ရွှေရည်က တစ်ယောက်နဲ့တစ်ယောက် နားလည်နေကြပါပြီ..."
မမက ရွှေရည့်ကို အံ့သြတကြီး ကြည့်နေ၏။
"နင်တို့တွေ ချစ်သူတွေဖြစ်နေပြီလား..."
ရွှေရည် ခေါင်းမငြိမ့်သလို ခေါင်းလည်းမခါမိခဲ့။ တကယ်တော့ ကိုသက်တန့် ရွှေရည့်ကို ချစ်ခွင့်ပန်ခဲ့ပြီးပါပြီ။ ဒါပေမယ့် ရွှေရည်အဖြေမပေးရသေး။ သူ ရွှေရည့်ကို တကယ်ချစ်မှန်း ရွှေရည်သိပေမယ့် ရွှေရည်လက်မခံသေးဘဲ စဉ်းစားနေခဲ့တာကလည်း မမကြောင့်သာ။ မမတစ်ယောက်ထဲ အထီးကျန်နေမှာကို သူမ မလိုလားပါ။
"ထားလိုက်တော့... နင်နဲ့သူ ရည်းစားတွေဟုတ်ဟုတ် မဟုတ်ဟုတ် ငါ စိတ်မဝင်စားဘူး..."
ရွှေရည် ခေါင်းငြိမ့်လိုက်ကာ
"မမ... ကြွေတို့ကို ဘာလုပ်ဦးမှာလဲဟင်..."
မမရဲ့မျက်စောင်းတွေက သူမဆီသို့ရောက်လာတော့၏။
"ဘာမှမလုပ်ပါဘူး... "
"မမ..."
"ရွှေရည်... နင် မကူညီနိုင်ဘူးမို့လား... အေး မကူညီနိုင်ရင်လည်း အေးအေးဆေးဆေးနေ ငါ့ကိုလာမနှောင့်ယှက်နဲ့..."
မမက ပြောကာ ရွှေရည့်ရှေ့ကနေ ထွက်သွားတော့၏။ မမဘာတွေလုပ်မှာလဲ သူမမသိ။ သူမ ဘယ်လိုလုပ်ရမလဲ။ ကြွေ့ကိုသွားပြောလို့ကလည်းမရ။ ဒါဆို ဘယ်သူ့ကိုပြောပြရမှာလဲ။
သူမခေါင်းထဲမှာ လူတစ်ယောက်ကိုတော့ လှမ်းသတိရသွားမိသည်။ ဒါပေမယ့် သူ့ကို အကူအညီတောင်းလို့ရပါ့မလား။
💏💏💏💏💏💏💏
ဖူးစာမပါဘူးလို့ပဲ မှတ်လိုက်ရတော့မှာလား။ သူမကိုချစ်ခဲ့တာ ကံကိုယုံပြီး ဆူးပုံနင်းခဲ့တာမှမဟုတ်ပဲ။ ဖူးစာကို ယိုးမယ်မဖွဲ့ချင်တော့ပါဘူး။ ကိုယ်ချစ်ရတဲ့သူကို ပျော်ရွှင်စေနိုင်တာလည်း အချစ်တစ်မျိုးပဲဖြစ်မှာပါ။ သူမက ကိုယ်နဲ့မတန်ပဲ ကိုယ့်ထက်သာတဲ့သူနဲ့ ပိုထိုက်တန်ခဲ့တယ်လို့ပဲ သတ်မှတ်လိုက်ရတော့မယ်။
စွန့်လွှတ်လိုက်တာ မဟုတ်ဘူး...
ရှေ့ဆက်မတိုးရက်တော့တာ...
မချစ်တော့တာ မဟုတ်ဘူး...
ထာဝရထက်တစ်ရက်ပိုချစ်ခဲ့တာ...
မနီးချင်တော့တာ မဟုတ်ဘူး....
မဖြစ်နိုင်တော့တာ...
"တီ... တီ... တီ..."
ဖုန်းသံကြောင့် အတွေးစတွေ လွင့်ပြယ်သွားရတော့သည်။ လရောင် ဖုန်းနံပါတ်ကိုကြည့်ကာ အံ့သြသွားမိ၏။
"မမရွှေရည်..."
သူ ဖုန်းကိုချက်ချင်းကိုင်လိုက်သည်။
"ဟယ်လို..."
"လရောင်... မမရွှေရည်ပါ..."
"ဟုတ်ကဲ့ မမ... ဘာကိစ္စရှိလို့လဲ... "
"လရောင်ကို ဖုန်းသာဆက်လိုက်ရတယ်... ဖြစ်ပါ့မလားမသိဘူး..."
"ဘာဖြစ်လို့လဲ ပြောပါ..."
"မမနေခြည်လေ ကြွေတို့ကို..."
လရောင် စိတ်ပူသွားတော့၏။
"ဘာလုပ်ဦးမှာလဲ မမရွှေရည်... ကြွေ့ကိုထိရင် ကျွန်တော် ထပ်ပြီး သည်းမခံနိုင်တော့ဘူးနော်..."
"မမသိပါတယ်... အဲ့ဒါကြောင့် မင်းကိုဖုန်းဆက်လိုက်တာ... ကြွေ့အမေက မမတို့တစ်မိသားစုလုံးကို အဲ့ဒီ့အိမ်အလာမခံကြဘူး..."
"ဟင်..."
လရောင် အံ့သြသွားမိ၏။ အင်းပေါ့... သူတို့လုပ်ခဲ့တဲ့အပြစ်တွေကို ကြွေ့မွေးစားအမေက ဘယ်လိုလုပ် နားလည်ပေးနိုင်မှာလဲ။
"ဟုတ်တယ်... အဲ့ဒါကြောင့် မင်း မနက်ဖြန် ကြွေတို့မင်္ဂလာပွဲကိုသွားဖြစ်အောင်သွားပြီး ကြွေ့ကို သေချာဂရုစိုက်ပေးပါလား လရောင်ရယ်..."
လရောင် ကုတင်ပေါ်မှာ ပက်လက်လှန်အိပ်နေရင်းကနေ ထလိုက်မိ၏။
"ကျွန်တော် သွားဖို့ အစီအစဉ်မရှိဘူး မမ..."
"မမနားလည်ပါတယ်... အားလည်းနာမိပါတယ် လရောင်ရယ်... ဒါပေမယ့် ဒါ ကြွေ့အတွက်ပါ... မမလည်း ဒီဘက်ကနေ မမနေခြည်ကို စောင့်ကြည့်ရဦးမယ်..."
"ဟူး..."
လရောင် သက်ပြင်းချလိုက်မိ၏။
"ဟုတ်ပါပြီ... ကျွန်တော် သွားလိုက်ပါ့မယ် မမရွှေရည်..."
"ကျေးဇူးတင်ပါတယ် လရောင်ရယ်... ကြွေတို့အတွက် စိုးရိမ်လွန်းလို့ပါ... မမနေခြည်က သိပ်အတ္တကြီးတာ... ကိုခွင်းကိုချစ်တော့ ပိုဆိုးလာခဲ့တယ်..."
"ဟုတ် ကျွန်တော်နားလည်ပါတယ်..."
"ဒါဆို မမ ဖုန်းချလိုက်တော့မယ်နော်..."
"ဟုတ်..."
လရောင် ဖုန်းကိုချကာ အိပ်ရာပေါ်သို့ လှဲချလိုက်တော့သည်။
ဟူး... ချစ်ခဲ့မိတော့လည်း ဘယ်တတ်နိုင်ပါ့မလဲ။ သူမ ကောင်းစားဖို့အရေး ဘာမဆိုလုပ်ပေးရတော့မှာပေါ့။ အို... ကိုယ်က သူ့အတွက်ဆို အသက်တောင်ပေးမယ်လို့ ခံယူထားခဲ့တာပဲ။
ကြွေရယ်... ကိုယ်လေ... ကြွေ့ကို... ဟူး...။ သူမကိုချစ်တဲ့အကြောင်း တစ်ယောက်ထဲပြောတာတောင် ရဲရဲမပြောရဲခဲ့တဲ့အဖြစ်။ အခုဆိုရင် သူမအကြောင်းတစ်ခါတွေးမိတိုင်း မြင်ယောင်မိတာ သူမမျက်နှာမဟုတ်ဘဲ ကိုခွင်းရဲ့မျက်နှာဖြစ်နေခဲ့ပြီ။ ကိုယ်မပိုင်တဲ့ပန်းကိုမြတ်နိုးမိမှတော့ ပန်းပိုင်ရှင်ကို သတိရရတော့မှာပေါ့။
ကိုခွင်းကံကောင်းခဲ့တာပဲ။ ဒါပေမယ့် သူတော့ ကံမဆိုးခဲ့ဘူးထင်ပါတယ်။ ကြွေ့ရဲ့အချစ်ကို မရခဲ့ပေမယ့် ကြွေ့ရဲ့ရိုးသားတဲ့ခင်မင်မှုကိုရခဲ့တာပဲလေ။ သူနဲ့ကြွေ ရိုးသားစွာခင်မင်လာရင်းကနေ သူ့ဘက်က ကြွေ့ကိုစချစ်မိခဲ့တာ။ ဒါပေမယ့် ကိုခွင်းကတော့ သူ့လိုမဟုတ်ခဲ့။ သူ့လို ခင်မင်ရင်းနှီးခွင့်မရှိခဲ့ပဲ ပိုင်ဆိုင်ခွင့်ရခဲ့သည်။
အင်း... အချစ်ဆိုတာ နားလည်ရခက်တာပဲ။ တစ်ချို့လူတွေက ရူးသွပ်စွာ ပိုင်ဆိုင်ချင်ပေမယ့် တစ်ချို့လူတွေကတော့ ရူးသွပ်စွာ ပေးဆပ်ချင်ကြတယ်။ ဒါပေမယ့် ကြွေရယ်... တကယ်တော့ ကိုယ်က အဲ့လိုမျိုးထဲကမှ ရူးသွပ်စွာပေးဆပ်ချင်ခဲ့သူပါကွာ...
💏💏💏💏💏💏💏#####
အိမ်မက်ကြယ်(ခ)ကြယ်လေး
KAMU SEDANG MEMBACA
စင်ဒရဲလား (Completed)
Romansaပုံပြင်ထဲကစင်ဒရဲလားလေးလိုမျိုး အရမ်းသနားစရာကောင်းတဲ့ 'ကြွေ'ဆိုတဲ့မိန်းကလေးနဲ့ အရာရာပြီးပြည့်စုံပြီး မင်းသားတစ်ပါးလို ချောမောခန့်ညားတဲ့ ကျောင်းက king 'ခွင်း'ဆိုတဲ့ ကောင်လေးတို့ရဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါ။ 💜