အခန်း(၃၁)

270 5 0
                                    

💏 စင်ဒရဲလား 💏
💋အခန်း(၃၁)💋

ကိုကို့ကို ဖုန်းမဆက်ခဲ့မိတဲ့အတွက်တော့ ကြွေ စိတ်မကောင်းဖြစ်နေမိသည်။ ကိုကိုက ကြွေ့ကို အရမ်းစိတ်ပူတတ်တာ။ အခု အရေးတကြီးထွက်လာတာဆိုတော့ လက်ထဲမှာကလည်း ဖုန်းပါမလာခဲ့။ ဦးလေးအသည်းအသန်ဖြစ်တာမို့လို့ ကိုကို နားလည်မှာပါလေ။
စတိုးဆိုင်လေးတစ်ဆိုင်ရှေ့ရောက်တော့ မမနေခြည် ကားကိုရပ်လိုက်၏။
"ရွှေရည် ဖေဖေ့အတွက် လိုအပ်တာလေးတွေ သွားဝယ်လိုက်ဦး..."
"ဟင်... ဖေဖေ့အတွက် ဘာဝယ်ရမှာလဲ မမ... ဆေးရုံမှာအစုံရှိနေတာကို... နောက်ပြီး ဖေဖေက သတိလစ်နေတာဆို..."
ရွှေရည် ပြန်ပြောလိုက်တော့ မမက စိတ်ဆိုးသွားကာ
"နင် တော်တော်စကားများတာပဲ... ဖေဖေသတိလစ်နေတော့ ဖေဖေ့ကို သန့်ရှင်းရေးလုပ်ပေးဖို့ စနိုးတာဝါတွေနဲ့ တခြားလိုအပ်မယ့်ဟာလေးတွေ ဝယ်ရမှာပေါ့... သွား မြန်မြန်သွားဝယ်..."
"ဪ ဟုတ်ကဲ့ မမ..."
ရွှေရည် မမပြောတာကို နားလည်ပေမယ့် ဒါတွေက ဆေးရုံမှာလည်းရှိမှာပဲကို မမဘာလို့ဝယ်ခိုင်းတာလဲ...
မမရွှေရည်ကားပေါ်ကနေဆင်းပြီး စတိုးဆိုင်ထဲကိုမြန်မြန်ဝင်သွားတာကို ကြွေ လိုက်ကြည့်နေမိသည်။ အဲ့ဒါတွေက ဆေးရုံမှာရှိတယ်မဟုတ်ဘူးလား... မမနေခြည်က ဘာလို့ဝယ်ခိုင်းတာလဲ... အို... ဘာပဲဖြစ်ဖြစ်ပါ ကိုယ့်ဆီကတစ်ခါထဲပါသွားတာလည်း ကောင်းတာပါပဲ...။
"ကြွေ..."
ကြွေ မမနေခြည်ကို လှည့်ကြည့်လိုက်တော့ အဝတ်စတစ်စက ကြွေ့မျက်နှာနဲ့ထိသွားလေသည်။ ထို့နောက် ကြွေ့ခေါင်းထဲမှာ မူးဝေသွားတော့သည်။ မမနေခြည်ရဲ့လက်ထဲက လက်ကိုင်ပုဝါဟာ ကြွေ့မျက်နှာကို ဖုံးအုပ်သွားခဲ့တာဖြစ်သည်။
"မမနေခြည်..."
ကြွေ ဖယ်ရှားလိုက်ပေမယ့် နောက်ကျသွားတော့သည်။ ကြွေ့ခေါင်းထဲမှာ ချာချာလည်သွားပြီး ဘာကိုမှမသိတော့။ ကြွေ နောက်ဆုံးကြားလိုက်ရတာကတော့ ကားစက်နှိုးသံနဲ့အတူ ကြောက်စရာကောင်းတဲ့ မမနေခြည်ရဲ့အကြည့်တွေသာဖြစ်၏။
😢😢😢😢😢😢😢
"ကျွန်တော် သေချာမှာထားခဲ့တာကို ဦးလေးအေးရာ... ကျွတ်..."
ကားကို ခြံပြင်မှာရပ်ပြီး အိမ်ထဲကိုပြေးဝင်လာကာ ဟိုလူ့ကိုကြည့်လိုက် ဒီလူ့ကိုကြည့်လိုက်ဖြင့် နောက်ဆုံးတော့လည်း ခြံစောင့်ဦးအေးဆီပဲရောက်သွားလေတော့သည်။
"အခု ကျွန်တော် ကြွေ့ကို ဘယ်သွားရှာရမှာလဲ..."
ဦးအေးလည်း မျက်နှာတွေပျက်နေတော့သည်။ သူ့အပြစ်မကင်းဘူးဆိုတာလည်းသူသိပါတယ်။
"ဦးလေးအသည်းအသန်ဖြစ်နေတာဆိုတော့ လူလေးလည်းနားလည်မှာပဲဆိုပြီး ကြွေက လိုက်သွားတာပါ... ဦးလေးလည်း ဖုန်းဆက်ဖို့ပြောလိုက်ပါတယ် လူလေးရယ်..."
"ဒါဆို ကျွန်တော့်မိန်းမရဲ့အပြစ်ပေါ့ ဟုတ်လား ဦးလေးအေး..."
အိမ်မှာရှိသမျှလူတွေအားလုံးရဲ့ရှေ့မှာ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်ရင်းကနေ ခွင်း ဦးအေးရှေ့မှာရပ်ကာ မေးလိုက်တော့ ဦးအေးက ခေါင်းငုံ့သွားကာ
"မဟုတ်ပါဘူး လူလေးရယ်... ဦးအေးအမှားပါ... ကြွေ လိုက်သွားသွားချင်း လူလေးကို ချက်ချင်းဖုန်းဆက်ခဲ့သင့်တာ... အခုတော့..."
ဦးအေး သူ့ကိုဖုန်းခေါ်ခေါ်ချင်း သူ အိမ်ကို ချက်ချင်းပြန်လာခဲ့တာဖြစ်သည်။ အလုပ်မှာက ဝန်ထမ်းတွေနဲ့အစည်းအဝေးပွဲလုပ်နေတဲ့အချိန်။ ဦးအေးပြောပုံအရဆိုရင် ဦးနေကျော်အသည်းအသန်ဖြစ်လို့ နေခြည်ဦးတို့ညီအစ်မနှစ်ယောက် ကြွေ့ကို လာခေါ်သွားကြတာတဲ့။ ရုတ်တရက်ကြီးပဲ။ ဦးအေးဖုန်းဆက်တာနောက်မကျသေးပေမယ့် သူ ကြွေ့ကို ဘယ်လိုက်ရှာရမှန်းမသိ။ နေခြည်ဦးရဲ့ဖုန်းနံပါတ်ကိုလည်း သူမသိ။
ခွင်း ရင်မောသွားကာ ခုံမှာထိုင်လိုက်၏။ ဒါပေမယ့် ချက်ချင်းပဲပြန်ထလိုက်ပြန်သည်။ မဖြစ်သေးပါဘူး။ ကြွေ့ကို သူတို့ဘယ်ခေါ်သွားကြတာလဲ။ ဦးနေကျော် တကယ်ပဲအသည်းအသန်ဖြစ်နေတာလား။ အင်း... ဦးနေကျော် ဖုန်းနံပါတ်တော့ရှိမယ်ထင်တယ်။
ခွင်း စဉ်းစားလိုက်ကာ ဖုန်းကွန်တက်ထဲကို ရှာလိုက်လေသည်။
ဦးအေးမျက်နှာမကောင်းသလို တခြားအလုပ်သမားတွေလည်း မျက်နှာမကောင်းကြ။
ဟာ... တွေ့ပြီ ဦးနေကျော်ဖုန်းနံပါတ်။ ခွင်း ချက်ချင်းပဲခေါ်လိုက်မိ၏။
"တီ... တီ... တီ..."
"ဟယ်လို... မောင်ခွင်းမဏ္ဍိုင် ပြောပါ..."
"ဟင်..."
ဦးနေကျော်ရဲ့အသံကိုကြားလိုက်ရသဖြင့် ခွင်း အံ့သြထိတ်လန့်သွားလေတော့သည်။
"ဦးနေကျော် ခင်ဗျားအသည်းအသန်ဖြစ်လို့ ဆေးရုံတင်ထားရတာဆို အခုဘယ်လိုလုပ်ပြီး..."
"ဘယ်လို.... ဘယ်သူပြောတာလဲ မောင်ခွင်းမဏ္ဍိုင်... ဦး အကောင်းကြီးပါ... အခု သူငယ်ချင်းတွေနဲ့ golf ကွင်းမှာ..."
"ဘာ... တောက်..."
ခွင်း စိတ်တိုသွားကာ တောက်ခေါက်လိုက်တော့ ဦးနေကျော့်အသံက ပြာပြာသလဲဖြစ်သွားကာ
"ဘယ်သူပြောတာလဲ မောင်ရင်... ဦးကိုပြောပါဦး..."
ရင်ထဲမှာ ပေါက်ကွဲလွန်းလာသဖြင့် အသံတွေဟာလည်း မိုးခြိမ်းသံကဲ့သို့ဖြစ်လာလေတော့သည်။
"ဒီမှာ ဦးနေကျော်... ခင်ဗျားအသည်းအသန်ဖြစ်လို့ ဆေးရုံတင်ထားရတယ်ဆိုပြီး ခင်ဗျားသမီးတွေ ကျွန်တော့်မိန်းမကို လိမ်ခေါ်သွားကြတယ်... အဲ့ဒါ အခု ကျွန်တော်ရှာနေတယ်... ကျွန်တော့်မိန်းမသာ တစ်ခုခုဖြစ်သွားခဲ့ရင် ခင်ဗျားသမီးနှစ်ယောက်ကို ကျွန်တော် ဒီအတိုင်းထားမယ်မထင်နဲ့..."
"ဟင်... သူတို့က ကြွေ့ကို ဘာလို့ခေါ်သွားကြတာလဲ..."
"အဲ့ဒါ ခင်ဗျားသမီးတွေပဲသိလိမ့်မယ်... အခု သူတို့ကို ခင်ဗျားပြောလိုက်ပါ... သူတို့ကြောင့် ကြွေ့ခန္ဓာကိုယ်မှာ ပွန်းရာပဲ့ရာလေးတစ်ခု ဖြစ်သွားခဲ့ရင်တောင် ကျွန်တော်ခွင့်မလွှတ်ဘူးလို့..."
"ကောင်းပါပြီ... ဦးလေး အခုပဲဖုန်းဆက်ပြီး ပြောလိုက်ပါမယ်..."
"ကျွတ်..."
ဖုန်းချပြီးတာတောင် သူ့စိတ်ထဲမှာ မကျေနပ်သေး။ မဟုတ်ဘူး... သူတို့ ကြွေ့ကိုခေါ်သွားတာ အကြောင်းတခုခုရှိရမယ်။
သူ ဦးအေးကိုကြည့်လိုက်ကာ
"ကျွန်တော် ကြွေ့ကိုလိုက်ရှာမယ်... ဦးလေးတို့လည်း တတ်နိုင်သလောက် လိုက်ရှာပေးပါ..."
"ကောင်းပါပြီ လူလေး... ဦးလေးတို့လည်း လိုက်ရှာထားပေးပါ့မယ်..."
ခွင်း အိမ်ထဲကနေ မြန်မြန်ထွက်လာလိုက်၏။
သူ အခု ဘာဆက်လုပ်ရမှာလဲ... ကြွေ့ကို ဘယ်လိုက်ရှာရမှာလဲ။ သက်တန့်နဲ့ရဲရင့်တို့ကို ပြောပြပြီး ကူရှာခိုင်းရမှာပဲ။ လရောင်ကိုရော အကူအညီတောင်းရဦးမှာလား... ဒီအချိန်မှာ လရောင်က အဆိုတော်ဆိုတော့ လက်တံရှည်တဲ့သူတစ်ယောက်ဖြစ်နေပြီ လရောင်ဆီကလည်း အကူအညီတောင်းရမှာပဲ။
ဟူး... ကြွေရယ် ဘာလို့ ကိုယ့်စကားကိုနားမထောင်ရတာလဲ... သူတို့ ကြွေ့ကို အန္တရာယ်ပြုလာခဲ့ရင် ကြွေ ဘာပြန်လုပ်နိုင်မှာလဲ ကြွေရာ... အခုတော့ ကိုယ့်ရင်ထဲမှာ မီးတောက်နေပြီ။
💏💏💏💏💏💏💏
"အခုလို ဦးတို့ကုမ္ပဏီနဲ့ ဆက်ပြီးလက်တွဲဖို့ ဆုံးဖြတ်ပေးတဲ့အတွက် လရောင်ကိုတကယ်ကျေးဇူးတင်ပါတယ်... ဦး ဝမ်းလည်းဝမ်းသာပါတယ်..."
လရောင် လက်မှာချည်ထားတဲ့ မိုးပြာရောင်လက်ကိုင်ပုဝါလေးကိုကိုင်လိုက်ကာ ပြုံးလိုက်၏။
"ကျွန်တော်လည်း ဝမ်းသာပါတယ် ဦး... ရှေ့ဆက်လည်း ဦးတို့ကုမ္ပဏီနဲ့ပဲ လက်တွဲဖို့ စဉ်းစားထားပါတယ်..."
"ကောင်းတာပေါ့ လရောင်ရယ်... အခုထုတ်မယ့် ဒုတိယစီးရီးကလည်း လရောင်အတွက် အကောင်းဆုံးဖြစ်လာမှာပါ လရောင်က ကြိုးစားလည်းကြိုးစား... တော်လည်းတော်ဆိုတော့ အောင်မြင်မယ်ဆိုတာ ယုံကြည်ပါတယ်..."
"ဟုတ်ကဲ့ ကျွန်တော်လည်း အဲ့လိုမျှော်လင့်ပါတယ်... ဒါဆို စာချုပ်မှာ လက်မှတ်ထိုးလိုက်ရအောင်..."
"ကောင်းပါပြီ..."
📞📞📞
ဝေဒနာတွေ ရုပ်သိမ်းပါဦး...
ဒီကမ္ဘာကိုအရောင်ပြောင်းပါအချစ်ရာ...
ကိုယ်နေချင်တာဟာ သူ့အနားမှာ နားလည်ပေးပါ...
ကိုယ်ဆိုတဲ့ဒီသီချင်းတွေလည်း...
ရည်ရွယ်ပါတယ် မင်းအတွက်ပဲလေ...
အကြင်နာတွေပြန်လာမှာလားကွယ် စောင့်နေမိတယ်...
📞📞📞
လရောင်ရဲ့ဖုန်းအသံကြောင့် လရောင် သူ့ဟာသူတစ်ယောက်ထဲ ပြုံးလိုက်မိ၏။ ဒီသီချင်းလေးက သူ ကြွေ့အတွက်ရည်ရွယ်ထားခဲ့တာဖြစ်သည်။ လရောင် လက်မှတ်မထိုးခင် ဖုန်းနံပါတ်ကိုကြည့်ကာ အံ့သြသွားပြီး ချက်ချင်းကောက်ကိုင်လိုက်၏။ ကိုခွင်း သူ့ကို ဘာလို့ဖုန်းဆက်တာလဲ...
"ဟယ်လို..."
"လရောင်... မင်းအားရဲ့လား... အကို ကြွေနဲ့ပတ်သက်ပြီး အကူအညီတောင်းချင်လို့ပါ..."
သူတို့အချင်းချင်းစိတ်ဆိုးနေကြလို့ သူ့ဆီကနေ အကူအညီတောင်းမလို့လား... လရောင် ပြုံးလိုက်ကာ
"ဘာများလဲ ကိုခွင်း..."
"ကြွေ့ကို နေခြည်ဦးတို့ညီအစ်မနှစ်ယောက် လိမ်ပြီး ခေါ်သွားကြတယ်..."
"ဘာ..."
လက်မှတ်ထိုးခါနီး လက်ထဲကဘောပင်ဟာ အလိုလိုအောက်သို့ ပြုတ်ကျသွားတော့သည်။
"ဟုတ်တယ် လရောင်... အကို အခု ကြွေ့အတွက် ရင်တွေပူနေပြီ... ရှာတာလည်းနှံ့နေပြီ အခုထိမတွေ့သေးဘူး... အဲ့ဒါကြောင့် လရောင် ကူပြီးရှာပေးပါလား..."
"ခင်ဗျားက ဘာလုပ်နေလို့လဲ... မနေခြည်ဦးက ဘယ်လိုလူမျိုးလဲဆိုတာ ခင်ဗျားသိရဲ့သားနဲ့ ကြွေ့ကို ဂရုမစိုက်ပဲ တစ်ယောက်ထဲထားခဲ့တာလား..."
ကိုခွင်းလို့ခေါ်နေရင်းကနေ လရောင် စိတ်တိုသွားကာ ခင်ဗျားလို့ သုံးနှုန်းလိုက်တော့သည်။ သူ့ရှေ့ကလူတွေကိုလည်း သူ ဂရုမစိုက်နိုင်တော့။
"အကို့အပြစ်မကင်းတာ အကိုသိပါတယ် လရောင်ရယ်..."
သူ့စိတ်ထဲမှာတောင် ဒီလောက်ပူလောင်သွားခဲ့ရင် ကိုခွင်းသာဆို သူ့ထက်ပိုပင်ပန်းမှာကို ကိုယ်ချင်းစာသွားကာ သူ အသံကိုပြန်ပြင်လိုက်တော့သည်။
"ကောင်းပြီလေ... ကျွန်တော်လည်း အခု လိုက်ရှာပေးပါ့မယ်..."
"ကျေးဇူးတင်ပါတယ် လရောင်... အကိုလည်း အခု လိုက်ရှာနေတာ... ဦးနေကျော် အသည်းအသန်ဖြစ်လို့ ဆေးရုံတင်ထားရတယ်ဆိုပြီး သူတို့ ကြွေ့ကို လိမ်ခေါ်သွားကြတယ်... "
"ကျွတ်... တော်တော်ယုတ်မာတဲ့မိန်းမတွေ... ဒါဆို ကျွန်တော်ဖုန်းချလိုက်တော့မယ် ကိုခွင်း..."
"အင်း... အင်း..."
လရောင် ဖုန်းချလိုက်ကာ သူ့ရှေ့ကလူတွေကို ကြည့်လိုက်ပြီး
"အားလုံးကို ကျွန်တော်အားနာပါတယ်... ဒီနေ့ ကျွန်တော် လက်မှတ်ထိုးနိုင်မှာမဟုတ်တော့ဘူး... အခု ကျွန့်တော့်အတွက် အရာရာထက်အရေးကြီးတဲ့လူတစ်ယောက် ဒုက္ခရောက်နေတာကို ကျွန်တော် ဖြေရှင်းပေးရမှာမို့လို့ပါ..."
သူ့စကားကြောင့် တစ်ချို့လူတွေက အံ့သြသွားကာ
"လရောင်ရဲ့ ချစ်သူများလား..."
သူတို့က အရွှန်းဖောက်ကာ ရယ်မောပြီးမေးနေပေမယ့် သူကတော့ ဟန်ဆောင်လို့တောင်မှ ပြန်ပြီးပြုံးမပြနိုင်ပဲ ခေါင်းရမ်းပြလိုက်မိသည်။
"ကောင်းပြီလေ... လရောင်က အရေးကြီးတယ်ဆိုတော့လည်း မနက်ဖြန်မှ လက်မှတ်ထိုးတာပေါ့... ဒါပေမယ့် ဒီစာချုပ်က လုံးဝပျက်သွားတာမဟုတ်ပါဘူးနော် လရောင်..."
"မပျက်ပါဘူး... ကျွန်တော် ဦးတို့နဲ့ပဲ တွဲလုပ်မှာပါ..."
မနက်ဖြန်ဆိုတာမသေချာတာမို့ လရောင် ကတိမပေးပဲ အဆင်ပြေအောင်သာ ပြန်ပြောလိုက်ရသည်။
"ကျေးဇူးတင်ပါတယ် လရောင်..."
"ဟုတ်ကဲ့ ဒါဆို ကျွန်တော့်ကိုခွင့်ပြုပါဦး..."
"ကောင်းပါပြီ..."
လရောင် ပြုတ်ကျသွားတဲ့ဘောပင်ကိုလည်း ပြန်မကောင်နိုင်တော့ပဲ ကားသော့ကိုဆွဲကာ အမြန်ပြေးထွက်လာခဲ့တော့သည်။ အဲ့ဒီ့ဘောပင်လေးက သူ့ဘဝမှာ သူ အမြတ်နိုးဆုံးနဲ့ တန်ဖိုးအထားရဆုံးပစ္စည်းတစ်ခုဆိုလည်းမမှား။ ဘာလို့လဲဆိုတော့ အဲ့ဒီ့ဘောပင်လေးက သူ ကြွေ့ဆီကနေ မလှိမ့်တပတ်နဲ့ ငှါးပြီး တမင်ပြန်မပေးခဲ့တဲ့ဘောပင်လေးဖြစ်နေခဲ့လိုပါ။ ဒါပေမယ့် အခု အဲ့ဒီ့ဘောပင်လေးက မထင်မှတ်ဘဲ သူ့ခြေထောက်နဲ့နင်းမိပြီး ကျိုးသွားခဲ့တာကိုတော့ သူမသိခဲ့...။
💏💏💏💏💏💏💏
မျက်လုံးတွေက တော်တော်နဲ့ဖွင့်မရခဲ့။ သူမ ခန္ဓာကိုယ်လေးဟာလည်း အရာဝတ္ထုတစ်ခုခုနဲ့ဖိထားသလို လေးလံနေခဲ့သည်။ ခန္ဓာကိုယ်တစ်ခုလုံးလှုပ်လို့မရသလို ဘာအသံမှလည်း ထွက်မရခဲ့။
သူမရဲ့မသိစိတ်ထဲမှာ ကိုကို့ရဲ့မျက်နှာပေါ်လာ၏။ ဒါပေမယ့် ကိုကိုက သူမကိုစိတ်ဆိုးနေသည့်ပုံပင်။ ကိုကိုက စကားတွေကို တတွတ်တွတ်ပြောနေ၏။ ကိုကိုဘာတွေပြောနေတယ်ဆိုတာ သူမနားမလည်ခဲ့။ နောက်ပြီး ကိုကိုက သူမကို မြင်သည့်ပုံလည်းမရ။ ခနနေတော့ ရုပ်ပုံတွေက ရုပ်ရှင်ကားတစ်ကားလို ရွေ့လျားနေတော့သည်။
ကြည်လင်ပြတ်သားမှုမရှိတဲ့ တီဗွီလိုင်းတစ်ခုကိုကြည့်ရသလိုမျိုး အစင်းကြောင်းတွေထင်လာကြ၏။ ပြန်လည်ကြည်လင်လာသောအခါမှာတော့ အခန်းကျယ်ကြီးတစ်ခုကို တွေ့လိုက်ရသည်။ အခန်းထဲမှာ ကုတင်တစ်လုံး။ အဲ့ဒီ့ကုတင်ရဲ့ ဘေးကပ်လျက်မှာလည်းကုတင်တစ်လုံး။ ပထမကုတင်ပေါ်မှာ လူတစ်ယောက်က လှဲနေသည်။ အိပ်နေတာလား သတိလစ်နေတာလားတော့ သူမလည်းမသိ။ ဘေးက ကုတင်ပေါ်မှာလည်း ထိုကဲ့သို့ လူတစ်ယောက်က လှဲနေပြန်သည်။ ရုပ်တွေကမသဲမကွဲ... သူမ အားယူပြီးကြည့်လိုက်တော့မှ တဖြည်းဖြည်းသဲကွဲလာခဲ့၏။ ကုတင်တစ်ခုစီပေါ်မှာ ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ယောက်။ သူတို့နှစ်ယောက်ရဲ့မျက်နှာက တစ်ခုခုဖုံးကွယ်ထားသလို မမြင်ရပေ။ ဒါပေမယ့် မိန်းကလေးရဲ့ခေါင်းမှာတော့ သွေးတွေနီရဲနေ၏။
ဘယ်သူလဲဆိုတာသိချင်ဇောနဲ့ သူမအရှေ့ကိုတိုးကာ တဖြည်းဖြည်းနဲ့ကြည့်လိုက်လေသည်။ လုံးဝန်းတဲ့မျက်နှာ... ပိပိရိရိနှုတ်ခမ်း... စင်းနေတဲ့နှာတံ... နီရဲနေတဲ့နှုတ်ခမ်း... ဒီမျက်နှာကို သူမစိတ်ထဲမှာ ရင်းနှီးနေသလိုဖြစ်နေသဖြင့် သေချာအနီးကပ်ကြည့်လိုက်ရာ
"ဟင်... ဒါ... ဒါ ငါ့ရုပ်ပါလား..."
သူမ ထိတ်လန့်ကာနောက်ကိုဆုတ်လိုက်မိလေသည်။ သူမပါးစပ်ကနေ တစ်ယောက်ယောက်ကို အော်ခေါ်နေမိပေမယ့် အသံကထွက်လာခဲ့ခြင်းမရှိ။ ဘေးက ကုတင်ပေါ်ကလူက ဘယ်သူလဲဆိုတာ သူမ လှည့်မကြည့်ရဲခဲ့။ ကိုကိုများလား... ဘုရားဘုရား မဟုတ်ပါစေနဲ့... ကိုကိုဖြစ်နေမှာကိုကြောက်ရွံ့ကာ ကြွေ လှည့်မကြည့်ခဲ့ပေ။ တကယ်လို့ ကိုကိုသာဖြစ်နေခဲ့ရင်... ကိုကိုလည်း ကြွေ့လိုပဲ ခေါင်းမှာ သွေးတွေနဲ့များလား... ရုတ်တရက် အမြင်အာရုံတွေက ဝေဝါးသွားပြန်လေသည်။
နားထဲမှာ ဆူဆူညံညံသီချင်းသံတွေကို ကြားလိုက်ရပြန်တော့ မျက်လုံးကို ကြိုးစားပြီး ဖွင့်လိုက်ပြန်သည်။ ဒီတစ်ခါတော့ အမြင်တွေဝါးမနေခဲ့။ မိုးတွေသည်းသည်းမည်းမည်းရွာနေခဲ့သည်။ သူမရှေ့မှာ တစ်ရှူးဘူးတစ်ဘူးက လှုပ်ယိမ်းနေသည်။ သူမခန္ဓာကိုယ်သည်လည်း လှုပ်ရှားနေသည်။ သူမမျက်လုံးရှေ့က မိုးတွေရွာနေပေမယ့် အရှေ့မှာ မှန်တစ်ချပ်ကာထားသဖြင့် သူမကိုမထိခဲ့။ ဟင်... ငါ ကားတစ်စီးရောက်နေတာပဲ။ သတိထားကာ ဘေးဘီကိုကြည့်လိုက်တော့ ကားမောင်းနေတဲ့လူတစ်ယောက်။ သူ့လက်ချောင်းလေးတွေက သွယ်လျနေသည်။ ကြွေ မျက်နှာကိုမော့ကြည့်လိုက်တော့ ဟင်... မမနေခြည်...
သူမ ပါးစပ်ကနေအော်လိုက်ပေမယ့် အသံကတော့ထွက်မလာခဲ့ပေ။ သူမပါးစပ်က ဟလို့တောင်မှမရခဲ့။ တစ်ခုခုနဲ့ပိတ်ထားသလိုပင်။ သူမလက်တွေခြေထောက်တွေလည်း လှုပ်ရှားမရသဖြင့် ငုံ့ကြည့်လိုက်ရာ ကြိုးတွေနဲ့တုပ်ထားတာဖြစ်သည်။ သူမပါးစပ်ကိုလည်း တိပ်နဲ့ကပ်ထားတာဖြစ်ရမည်။ အဲ့ဒါကြောင့် သူမ အသံမထွက်နိုင်ခဲ့တာ။ ခုနကဟာက ပျောက်ကွယ်သွားတာဆိုတော့ ဒါလည်း အိမ်မက်လို ပျောက်ကွယ်သွားမှာလား...
ဒါပေမယ့် သူမထင်သလိုမဟုတ်ခဲ့ပါ...
"မိကြွေ... သတိရပြီလား..."
မမနေခြည်က သူမကိုကြည့်ကာ မေးလိုက်လေသည်။ မမနေခြည်ရဲ့မျက်နှာမှာ ကြွေ တစ်ခါမှမမြင်ခဲ့ဖူးသော ရက်စက်ကြမ်းကြုတ်တဲ့အမူအရာတွေကို တွေ့လိုက်ရ၏။ ကြွေ့ကိုကြည့်တဲ့အကြည့်တွေဟာလည်း ကြောက်စရာကောင်းလှသည်။ မမနေခြည်ဘယ်ကိုသွားနေတာလဲ... ဦးလေးကိုတင်ထားရတဲ့ဆေးရုံကိုသွားနေတာမဟုတ်ဘူးလား... မမရွှေရည်ရော...
ကြွေ အနောက်ကိုလှည့်ကြည့်လိုက်တော့လည်း မမရွှေရည်ကိုမတွေ့ရ...
"သေမယ့်လမ်းသွားမှာ ငါ့ညီမလေးကို ခေါ်ခဲ့စရာလား..."
ဟင်... သေမယ့်လမ်းဆိုတာ ဘာအဓိပ္ပါယ်လဲ... ကြွေ မမနေခြည်ကိုကြည့်ကာ မေးလိုက်ပေမယ့် အသံကထွက်မလာပဲ ဝူးဝါးဝူးဝါးသာ ထွက်လာခဲ့လေသည်။
"နင့်ပါးစပ်ပိတ်ထားစမ်း မိကြွေ... ဖေဖေဘာမှမဖြစ်ဘူး... ဆေးရုံလည်းတင်မထားရဘူး... နင့်ကို အသေသတ်ချင်လို့ အခုလိုလိမ်ခေါ်လာခဲ့တာ... ငါ့ညီမလေးဘေးဖြစ်မှာစိုးလို့ လမ်းမှာထားခဲ့တာလေ... ကဲ ဘာသိချင်သေးလဲ..."
အသေသတ်ချင်တယ်ဆိုတာ ဘာကိုပြောတာလဲ... ကြွေ့ကို ဘာလို့သတ်ချင်ရတာလဲ... ကြွေ ဘာများလုပ်မိလို့လဲ မမနေခြည်ရယ်...
သူမကိုကြည့်ကာ မမနေခြည်က အားရပါးရရယ်နေတော့သည်။
"ဟား... ဟား... ဟား... ငါ ခွင်းကို အသာတကြည်စွန့်လွှတ်ခဲ့တယ်များထင်နေလား မိကြွေ... အဲ့ဒီ့အတွက် လက်စားချေဖို့ကို ငါ အမြဲတမ်းစဉ်းစားနေခဲ့တာ... အခုတော့ အခွင့်အရေးရပြီ... မိကြွေ နင်သေပြီသာမှတ်..."
မမနေခြည်ရဲ့အသံက မိုးသည်းထဲမှာတောင် ဟိန်းထွက်နေ၏။ ကြွေ ကြောက်လာကာ ခြေဖျားလက်ဖျားတွေ အေးစက်လာတော့သည်။
"ငါ ခွင်းကိုအရမ်းချစ်တာ... ဒါကိုခွင်းသိအောင် ငါမပြောခဲ့မိဘူး... ခွင်းက နင့်လို ကောင်မကိုရွေးလိုက်တော့ ငါ နင့်ကိုဘယ်လောက်တောင် မုန်းသွားလဲဆိုတာ နင်သိလား မိကြွေ... ငါ နင့်ကို သေလောက်အောင်မုန်းတာ... အေး နင်ကတော့ စင်ဒရဲလားလိုပဲ ကံကောင်းပြီး ခွင်းလိုလူမျိုးကို ပိုင်ဆိုင်ခွင့်ရခဲ့တယ်... နင်က ကံကောင်းသွားပေမယ့် ငါကတော့ ကံဆိုးသွားတာပေါ့... ငါ ခွင်းကိုအရမ်းချစ်တာ... နေ့တိုင်းနေ့တိုင်း ခွင်းကိုခိုးခိုးကြည့်ပြီး ရင်ခုန်ခဲ့ရတာ... ခွင်းကြောင့်ပဲ ငါ့ရဲ့နေ့ရက်တိုင်းကို အသက်ဆက်ခဲ့ရတာ ဒါကို ခွင်းမသိဘူး... အဲ့ဒါနင့်ကြောင့်... နင့်ကြောင့် မိကြွေ... အဲ့ဒါကြောင့် ငါ နင့်ကို သတ်ချင်ခဲ့တာ..."
မမနေခြည်က ပြောရင်းနဲ့ အသားတွေတဆတ်ဆတ်တုန်လာကာ ကြွေ့ကိုလည်း လက်ညှိုးထိုးပြီး ပြောဆိုနေသည်။ ကားမောင်းနေရင်းနဲ့ လက်က ကားစီယာတိုင်ကိုလွှတ်ကာ ရှေ့ကိုမကြည့်ပဲ ကြွေ့ကိုပဲလှည့်ကြည့်ကာ ပြောဆိုနေသဖြင့် ကြွေ ဘုရားတမိနေသည်။ မိုးတွေရွာနေတော့ ရှေ့ကိုသေချာမမြင်ရ။ မတော်လို့တစ်ခုခုဖြစ်သွားခဲ့ရင် နှစ်ယောက်စလုံး ဒုက္ခရောက်မှာ။ မမနေခြည်ခေါင်းထဲမှာ ဒါတွေရှိဟန်မတူပေ။ ကြွေ့ကိုမုန်းတဲ့စိတ်ကြောင့် မမနေခြည့်ခေါင်းထဲမှာ အသိတွေပျောက်ကွယ်နေတဲ့လူတစ်ယောက်လို ကြွေ့ကိုပြောဆိုနေ၏။
သူပြောချင်တာတွေသာပြောတာ ကြွေကတော့ ဘာမှပြန်ပြောလို့မရခဲ့။ ပါးစပ်ကိုတိပ်နဲ့ပိတ်ကာ ခြေထောက်တွေလက်တွေကိုလည်း ကြိုးတုပ်ထားသဖြင့် လှုပ်ရှားလို့မရခဲ့။
"တကယ်ဆိုရင် နင်သေသင့်တာကြာပြီ မိကြွေ... ငါ့အမုန်းတွေနဲ့ ဆက်ပြီးရှင်သန်နေမယ့်အစား သေသွားလိုက်ပါလား..."
ပြောရင်းဆိုရင်းကနေ မမနေခြည့်လက်တွေက ကြွေ့ပါးစပ်နားကိုရောက်လာပြီး ကြွေ့ပါးစပ်က တိပ်ကို ဆွဲခွာလိုက်တော့သည်။
"အား..."
"ပြောစမ်း မိကြေ... နင့်ရဲ့နောက်ဆုံးအချိန်မှာ ဘာတွေပြောချင်လဲ... ပြော..."
"မမနေခြည် ကြွေ့မှာဘာအပြစ်ရှိလို့ အခုလိုလုပ်ရတာလဲ..."
"ငါ ဒီလောက်ပြောနေတာကို နင်နားမလည်ဘူးပဲ... နင် ခွင်းကိုချစ်တဲ့အပြစ်က အကြီးဆုံးပဲ..."
"မမအခုလိုလုပ်နေတော့ရော ကိုကိုက ပြန်ချစ်လာမှာမှမဟုတ်တာ မမရယ်... ကြွေ့ကို ပြန်ပို့ပေးပါနော်... မမအခုလိုလုပ်တာ ကြွေ ကိုကို့ကိုပြန်မပြောပါဘူး..."
"ဟား...ဟား...ဟား... နင့်ကိုအခုလိုခေါ်လာရဲမှတော့ ငါ ခွင်းကိုကြောက်နေပါတော့မလား... နင့်ကို တစ်ခါတည်းသတ်ပေးပြီးမှ ငါ့ကို ခွင်း သတ်ရင်လည်းသတ်ပါစေ ပျော်ပျော်ကြီးသေပေးလိုက်မယ်... ခွင်းကို ငါမပိုင်ရမှတော့ နင်လည်းမပိုင်ဆိုင်စေရဘူး..."
"မဟုတ်ဘူး မမ... မမ စိတ်ကိုထိန်းပါ မမရယ်..."
မမနေခြည်ကရယ်ကာ ကားကိုအရှိန်ပိုတင်လိုက်တော့သည်။
"ဟင်..."
သူမမျက်လုံးတွေ ပြာဝေသွားသလားအောက်မေ့ရသည်။ ရှေ့ကလမ်းကွေ့မှာ ကုက္ကိုလ်ပင်ကြီးတစ်ပင်။ နေခြည် ကားဘရိတ်ကို ဖိနင်းလိုက်ပေမယ့် ဘရိတ်ကလွတ်နေကာ မနင်းမိပဲ ကုက္ကိုလ်ပင်ကြီးဆီသို့ တည့်မတ်စွာ...
"မမနေခြည်..."
"ဒုန်း..."
"ဝုန်း..."
"ခွမ်း..."
ကားခေါင်းက ကုက္ကိုလ်ပင်ကို တည့်တည့်တိုးတိုက်သွားတော့သည်။ ကားမှန်တွေလည်း တစ်စီကွဲကာ ရှေ့တည့်တည့်ကြည့်နေသော ကြွေ့မျက်လုံးတွေဆီသို့...
"အား..."
မိုးကတော့ သူနဲ့မဆိုင်သလိုလို ဘာကိုမှမသိသလိုလိုဖြင့် သည်းသည်းမဲမဲရွာနေဆဲပင်။ ကမ္ဘာမပျက်ပေမယ့် ရင်ထဲမှာဗလောင်ဆူနေသူတွေကတော့ ဒီအဖြစ်ကို မသိရှိကြသေး...။
💏💏💏💏💏💏💏

#####
အိမ်မက်ကြယ်(ခ)ကြယ်လေး

စင်ဒရဲလား (Completed)Where stories live. Discover now