အခန်း(၂၆)

277 6 0
                                    

💏 စင်ဒရဲလား 💏
💋အခန်း(၂၆)💋

"ဒေါ်လေး..."
ကြွေ ဒေါ်လေးဆိုသူကိုကြည့်ကာ အံ့သြနေလေသည်။ ဒါ တကယ်ပဲ သူမရဲ့ဒေါ်လေးလား။
"မေမေလို့သာခေါ်ပါ သမီးလေးရယ်..."
ဒေါ်နီလာ သူမအနားသို့ ရောက်သွားကာ သူမကိုပွေ့ဖက်ထား၏။
ခွင်း ကုတင်ပေါ်ကနေ ကြွေတို့သားအမိကိုကြည့်ကာ ကြည်နူးစွာပြုံးလိုက်မိသည်။
"မေမေ အရမ်းတွေ့ချင်နေခဲ့တာ သမီးလေးရယ်..."
သူမ အဒေါ်ဖြစ်သူ မွေးစားအမေဖြစ်သူကိုလည်း ပြန်လည်ဖက်ထားလိုက်ကာ မျက်ရည်တွေကျနေမိ၏။
"ကြွေ လည်း တူတူပါပဲ... အဒေါ်ရှိတယ်ဆိုတဲ့အသံကြားကတည်းက တွေ့ချင်နေခဲ့တာ... ဦးလေးနဲ့ဖုန်းပြောနေတုန်းကလည်း ကြွေလေ မေမေ့အသံလေးကို ကြားခွင့်ရချင်ခဲ့မိတာပါ မေမေရယ်..."
ဒေါ်နီလာ သူမလေးရဲ့မျက်နှာကိုဆွဲမော့လိုက်ကာ ကလေးတစ်ယောက်ကိုနမ်းသလို သူမရဲ့ပါးနှစ်ဖက်ကို အားရပါးရနမ်းရှိုက်လိုက်လေသည်။
သူမပါးပြင်နှစ်ဖက်လုံးနွေးထွေးသွားကာ ရင်ဘတ်ထဲက နှလုံးသားအထိစီးဝင်သွားလေတော့သည်။ မိသားစုမေတ္တာဆိုတာ ဒါမျိုးကိုပြောတာလား...? သူမ ရင်ထဲမှာကြည်နူးသွားမိတော့၏။
"အဲ့ဒီ့တုန်းက သမီးလေးကို သူတို့ဖုန်းပေးမပြောဘူးလား..."
ကြွေ ခေါင်းကိုအသာရမ်းပြလိုက်မိ၏။
ဦးမင်းခေါင်ကျော်နဲ့ ဒေါ်မိုးမာနတို့ ဒေါ်နီလာနဲ့ကြွေ့ကိုကြည့်ကာ ပြုံးနေကြ၏။ သွန်းလည်း ကြွေတို့သားအမိကိုကြည့်ကာ ဝမ်းသာနေမိသည်။ နောက်ဆိုရင် ကြွေ ဟိုမိသားစုရဲ့ နှိပ်စက်ခြင်းကိုခံရတော့မှာမဟုတ်ဘူး။ ကြွေနဲ့မောင်မောင့်ကိုလည်း မိဘတွေက သဘောတူပြီဆိုတော့ သူတို့လေးတွေရဲ့အနာဂတ်ခရီးလမ်းဟာ ဖြောင့်ဖြူးသာယာတော့မှာပေါ့။
"သနားစရာသမီးလေး..."
ဒေါ်နီလာ ကြွေ့ကို နောက်တစ်ကြိမ်ထပ်ပြီး ပွေ့ဖက်ထားလိုက်ပြန်၏။
"သူတို့မိသားစုတွေ သိပ်ရက်စက်တာပဲ အန်တီနီလာ..."
ခွင်းရဲ့ကုတင်ဘေးကခုံမှာထိုင်နေတဲ့ရဲရင့်က မနေနိုင်စွာဖြင့် ဝင်ပြောလိုက်၏။
ဒေါ်နီလာ ကြွေ့မျက်ရည်တွေကို သူမလက်နဲ့ အသာလေးသုတ်ပေးလိုက်ကာ
"မငိုနဲ့တော့သမီးလေး... အခုချိန်ကစပြီး သမီးလေးကို ဘယ်သူမှ အနိုင်မကျင့်စေရတော့ဘူး... သမီးကို မေမေနဲ့အတူ နိုင်ငံခြားကိုခေါ်သွားမယ်..."
"ဟာ... အဲ့လိုတော့မလုပ်ပါနဲ့ အန်တီရယ်... ကျွန်တော် ကြွေမရှိပဲမနေနိုင်လို့ပါ..."
ကြွေ ကိုကို့ကိုကြည့်ကာ ပြုံးလိုက်မိလေသည်။
"ဟုတ်တယ် နီလာရေ... သမီးလေးသာမရှိရင် သားလေး တကယ်နေတတ်မှာမဟုတ်ဘူး... နီလာ့သမီးလေးကို သားလေးကသိပ်ချစ်တာ... မိုးတို့ကသဘောမတူဘူးဆိုလို့ သားလေး အိမ်ပေါ်ကဆင်းသွားခဲ့တာပဲကြည့်လေ..."
ဒေါ်နီလာ သမီးလေးရဲ့ချစ်သူ ခွင်းကိုကြည့်လိုက်ကာ
"မောင်ရင်က သမီးလေးကို ဒုက္ခမရောက်အောင် စောင့်ရှောက်ပေးမှာလား..."
"ကြွေက ကျွန်တော့်ဘဝပါအန်တီရယ်... ကျွန်တော့်အနားမှာကြွေသာရှိရင် ကြွေ မျက်နှာတောင်မပျက်စေရပါဘူး... ကျွန်တော် ကြွေ့ကို အမြဲတမ်းပျော်အောင်ထားပေးမှာပါ..."
ဒေါ်နီလာ ကောင်လေးကိုသေချာကြည့်ကာ ယုံကြည်သွားမိသည်။ သူ့ဥပဓိရုပ်က ယောက်ျားပီသည်။ ကြွေ့ဆီအကြည့်တွေရောက်သွားတိုင်း သူ့ရဲ့အပြုံးကို သူမတွေ့ရသည်။ ဒီကောင်လေးက သမီးလေးကို အရိပ်တကြည့်ကြည့်နဲ့နေတတ်သည်။ ဒီကောင်လေးနဲ့ဆိုရင် သူမစိတ်ချရပါပြီ။
"ကောင်းပြီလေ... ဒါဆိုရင်လည်း သမီးလေးရဲ့ဆန္ဒကိုတော့ မေးကြည့်ပါဦးမယ်..."
သူမပြောလိုက်ကာ သမီးလေးရဲ့မျက်နှာကိုကြည့်လိုက်တော့ သမီးလေးကပြုံးနေလေသည်။ အဲ့ဒါနဲ့ပဲ သူမ သမီးလေးရဲ့ဆန္ဒကို 0နားလည်သွားတော့သည်။
"ကဲပါ မေမေနားလည်ပါတယ် သမီးလေးလည်း သူ့ကိုချစ်တယ်မို့လား..."
ကြွေ မငြင်းဆန်ဘဲ မေမေ့ကိုခေါင်းငြိမ့်ပြလိုက်မိ၏။
"ကြွေလည်း ကိုကိုနဲ့မခွဲနိုင်ပါဘူး မေမေ... ကြွေ တောင်းပန်ပါတယ်..."
"မေမေနားလည်ပါတယ် သမီးလေးရယ်... ဒါပေမယ့် မေမေကတော့ သမီးလေးဆိကို အားတိုင်းလာခဲ့ပါ့မယ်... သမီးလေး စိတ်အားငယ်နေမှာကိုပဲ မေမေကြောက်နေခဲ့တာပါ..."
"ကျေးဇူးတင်ပါတယ် မေမေ..."
"အဲ့လိုပြောဖို့မလိုပါဘူး သမီးရယ်..."
"ဟုတ်..."
ဒေါ်နီလာ ဦးမင်းခေါင်ကျော်နဲ့ ဒေါ်မိုးမာနတို့ကိုကြည့်လိုက်ကာ
"ဒါဆို ကလေးတွေမင်္ဂလာပွဲအတွက် အမြန်ပြင်ဆင်ကြရအောင်လေ... နီလာ မပြန်ခင်လုပ်ပေးသွားချင်လို့ပါ..."
"နီလာက အမြန်ဖြစ်စေချင်တယ်ဆိုရင်လည်း လုပ်ကြတာပေ့ါ...  နီလာ့ခင်ပွန်းကိုရော မခေါ်တော့ဘူးလား..."
"သူက လာလို့မရသေးဘူး မိုးရဲ့... ဟိုမှာက သူနဲ့နီလာ နှစ်ယောက်ထဲက တစ်ယောက်ယောက်ရှိနေမှဖြစ်မှာ... အဲ့ဒါကြောင့်ပါ..."
"ဪ... ဟုတ်ပါပြီ နီလာရယ်... ဒါဆိုရင်လည်း အမြန်ဆုံးလုပ်လိုက်ပါ့မယ်..."
ခွင်း မင်္ဂလာကိစ္စပြောနေကြတဲ့လူကြီးတွေကိုကြည့်ကာ ပျော်ရွှင်နေမိသည်။ ဒါဆို သူနဲ့ကြွေ တကယ်ပဲနီးစပ်ပြီပေါ့။ နောက်ထပ် အခက်အခဲဆိုတာ မရှိတော့ဘူးပေါ့ ဝမ်းသာလိုက်တာ ကြွေနဲ့နီးရတော့မယ်။ ဒါတွေဟာ သူတို့နှစ်ယောက်ရဲ့ စစ်မှန်တဲ့ချစ်ခြင်းမေတ္တာတွေကြောင့်ပဲဆိုတာ သူ ယုံကြည်သည်။ သူသည်လည်းပဲ ကြွေ့အပေါ်မှာ ဘယ်အရာနဲ့မှအစားထိုးလဲလှယ်လို့မရလောက်အောင် ချစ်နေမိခဲ့ပြီပဲ။ သူ တကယ်ပြောတာပါ။ သူ့အနားမှာကြွေမရှိပဲ သူ ဘယ်လိုမှအသက်ရှင်နိုင်မှာမဟုတ်ဘူး။ ခွင်း ကြွေ့ကိုကြည့်လိုက်တော့ ကြွေကလည်းသူ့က်ုကြည့်ကာ ပြုံးနေ၏။ သူ ကြွေ့ကိုမျက်လုံးတစ်ဖက်မှိတ်ပြလိုက်ရာ ကြွေက ခေါင်းငုံ့သွားတော့သည်။ ချစ်ဖို့ကောင်းလိုက်တာ ချာတိတ်ရာ။
ရှင်ကြီးသိပ်ဆိုးတာပဲ။ လူကြီးတွေရှေ့မှာရှိနေတာကို။ ဒါပေမယ့် ရှင်သိရဲ့သား။ ကြွေရဲ့အရာရာအားလုံးကို ရှင့်ဆီမှာ ကြွေအပ်နှင်းပြီးခဲ့ပါပြီ။ ကြွေ့ရဲ့အနာဂတ်ဟာ ရှင့်အပေါ်မှာပဲမူတည်နေတော့တာပါ။
💏💏💏💏💏💏💏
"လရောင် တော်ပါတော့ကွာ... မင်း နေသိပ်ကောင်းတာမဟုတ်ဘူး..."
"အေ့... ငါ့ကိုမတားနဲ့ လင်းလင်း..."
နုဖတ်နေတဲ့မျက်နှာဟာ ဘီယာအရှိန်ကြောင့် အနည်းငယ်သွေးရောင်လွှမ်းနေ၏။ သူငယ်ချင်းတွေအားလုံး ဘေးကနေ တားတဲ့သူကတား ဆွဲတဲ့သူကဆွဲထားတဲ့ကြားကနေ လရောင်ကို မထိန်းနိုင်ခဲ့။ ဘီယာမသောက်ဖူးတာမဟုတ်ပေမယ့် အခုတလော နေ့တိုင်းနီးပါးသောက်နေတော့ စိုးရိမ်ရေမှတ်သို့ရော်ခါနီးပြီဖြစ်သည်။
"ကြွေနဲ့ကိုခွင်းတို့လက်ထပ်တော့မယ်တဲ့လား... ဟား... ဟား... ဟား..."
စည်သူရော လင်းလင်းပါ လရောင်ကိုကြည့်ပြီး မျက်နှာပျက်နေကြသည်။ တခြားသူငယ်ချင်းတွေလည်း မျက်နှာမကောင်းကြ။ လရောင် ဒီလောက်အထိ ခံစားနေရတာကို သူတို့မကျေမနပ်လည်း ဖြစ်နေမိကြသည်။
"လရောင်... တော်ပါတော့ကွာ...မင်း ဒီလောက်အထိခံစားဖို့လိုလို့လား... အခုချိန်မှာ မင်းက နိုင်ငံကျော်အဆိုတော်တစ်ယောက်ဖြစ်နေပြီ... မင်းကို သဘောကျတဲ့မိန်းကလေးတွေမှ တစ်ပုံကြီးပဲ... အားလုံးက အကြွေပန်းထက်သာတဲ့မိန်းကလေးတွေပဲ... မင်း သူတို့ထဲက တစ်ယောက်ယောက်ကို ရွေးလိုက်ပါလား လရောင်ရာ..."
လရောင် ခေါင်းထောင်လာကာ လင်းလင်းကို သေချာကြည့်လိုက်လေသည်။
"မင်း ဘာစကားပြောတာလဲ လင်းလင်း... ကြွေ့ကို ဘယ်မိန်းမနဲ့မှ လာမယှဉ်နဲ့... ကြွေက ဘယ်သူနဲ့မှမတူတဲ့မိန်းကလေး... ငါ့ဘဝမှာ ကြွေကလွဲပြီး တခြားလူကို ဘယ်တော့မှမချစ်ဘူး... အဲ့ဒါမင်းမြဲမြဲမှတ်ထားပါ... "
လရောင် စိတ်ဆိုးသွားမှန်းသိတော့ လင်းလင်းငြိမ်သွားလေသည်။ တခြားသူတွေလည်း လရောင်ကို ဘယ်လိုနှစ်သိမ်ပေ့းရမလဲ စဉ်းစားနေကြ၏။ ဒီမိန်းကလေးကျမှ ရူးရူးမူးမူးဖြစ်သွားတဲ့လရောင်ကို သူတို့တွေ နားမလည်နိုင်ခဲ့ကြ။
"လရောင်... ဘဝဆိုတာအဲ့လိုပဲကွ... ဖြစ်ချင်တာထက် ဖြစ်သင့်တာကိုပဲ ဦးစားပေးရမယ်လေ..."
ကြွေ့ကိုချစ်မိမှ ပထမဆုံးကျလာခဲ့တဲ့မျက်ရည်တွေကို လရောင်မသုတ်မိပေ။ ကြွေ့ကို ဒီလောက်အထိ ရူးရူးမူးမူးချစ်သွားခဲ့တာကိုလည်း ကိုယ့်ကိုကိုယ် မယုံကြည်နိုင်ပေ။
"အဟား... တကယ်တော့ ငါ့အဖြစ်က ရယ်စရာကောင်းတယ်နော်... လူသန်းပေါင်းများစွာရှိတဲ့အထဲကမှ သူမကိုချစ်နေခဲ့မိတယ်... ဒါပေမယ့် သူမမှာကလည်း ချစ်ရသူကရှိနေခဲ့ပြီးသား... အေ့... ငါရူးချင်လာပြီကွာ..."
"လရောင်ရယ်... ငါတို့လည်း မင်းကိုဘယ်လိုကူညီပေးရမှန်းမသိတော့ပါဘူးကွာ... အဲ့ဒီ့နေ့ကတည်းကသာ ငါပြောသလို မင်းလုပ်ခဲ့ရင် အကြွေပန်းကိုမင်းပဲပိုင်ဆိုင်ရမှာ အခုတော့..."
"အေ့..."
လရောင် ဘီယာပုလင်းကို စားပွဲပေါ် ဆောင့်ချလိုက်လေသည်။ ဖန်ခွက်ထဲမထည့်တော့ဘဲ ပုလင်းလိုက်မော့သောက်နေခဲ့တာကြာပြီ။
"ငါကြွေ့ကို ဘာမှကိုမလုပ်ရက်ခဲ့တာ... ကြွေ့ကို ငါ... အေ့... အဲ့ဒီလိုခေါ်ထားခဲ့ပေမယ့် ငါ လက်ဖျားနဲ့တောင်မှ မထိရက်ခဲ့ပါဘူးကွာ..."
မျက်ရည်တွေကျကာပြောနေတဲ့ လရောင်ကိုကြည့်ပြီး သူတို့တွေ စိတ်မကောင်းဖြစ်လာကာ မျက်နှာလွှဲလိုက်ကြတော့သည်။ အဲ့ဒီ့တုန်း ကြွေ့ကို မန္တလေးအထိခိုးပြေးသွားဖို့ သူ လရောင်ကိုပြောခဲ့သည်။ ဒါပေမယ့် လရောင်က မျက်နှာမကောင်းဖြစ်ကာ သူ့အကြံကိုလက်မခံခဲ့။ ကြွေ့ကိုပိုင်ဆိုင်ချင်ပေမယ့် မတရားတာကို လရောင်လုပ်ချင်ပုံမရပေ။
"ငါချစ်ခဲ့တာ ဖြူစင်ခဲ့ပါတယ်ကွာ... ငါ ကြွေ့ကို မစွန့်လွှတ်နိုင်တာတစ်ခုထဲပါပဲ... အေ့... ငါ ငါဘယ်လိုလုပ်ရမှာလဲ... အခုဆို ကြွေက ကိုခွင်းနဲ့လက်ထပ်တော့မယ်... ငါ... ငါ..."
"လရောင်ရာ..."
စည်သူ လရောင်ပခုံးကိုဆုပ်ကိုင်လိုက်လေသည်။ လရောင်ကိုကြည့်ပြီး သူပါ မျက်ရည်ဝဲလာမိတော့သည်။ လရောင် အကြွေပန်းပေါ်မှာ ဘာအခွင့်အရေးမှမယူဘဲ ဖြူစင်ခဲ့တာကို သူတို့တွေသိကြသည်။ တကယ်တမ်း စွန့်လွှတ်ရတော့မယ်ဆိုတော့ အရူးတစ်ယောက်လိုဖြစ်နေတဲ့လရောင်ကို သူတို့တွေ မနှစ်သိမ့်ပေးတတ်တော့။
"လရောင်...အခု ကြွေနဲ့ပတ်သက်ပြီး မင်းဘယ်လိုဖြစ်ချင်တာလဲ ပြော ငါတို့လုပ်ပေးမယ်..."
"ဟား... ဟား... အေ့... အခုမှတော့ ငါ ဘာလုပ်ရတော့မှာလဲ... ငါ့နှလုံးသားလေးကိုပါကင်ပိတ်ပြီး မင်္ဂလာလက်ဖွဲ့ပေးဖို့ပဲ ပြင်ဆင်ရတော့မယ်လေ... ဟား... ဟား... မဟုတ်ဘူးလား..."
နာနာကျင်ကျင်ပြောနေတဲ့ လရောင်ရဲ့စကားလုံးတွေကို သူတို့တွေ နာကျင်စွာနားထောင်နေရုံကလွဲပြီး ဘာမှမတတ်နိုင်ခဲ့။
လရောင်က နောက်ထပ်ဘီယာတစ်ပုလင်းကိုဆွဲယူပြီး ဖွင့်ဖို့ပြင်လိုက်ရာ စည်သူ လှမ်းဆွဲထားလိုက်ပြီး
"တော်သင့်ပြီ လရောင်... မင်း သေသွားလိမ့်မယ်ကွာ..."
"အေ့... ငါထပ်သောက်ချင်သေးတယ်... ငါ့ကိုပေး..."
"မင်းဘေးဖြစ်မှာစိုးလို့ပါ သူငယ်ချင်းရာ..."
လရောင် ခေါင်းကိုသာ တွင်တွင်ခါယမ်းနေပြီး ဘီယာပုလင်းကို ပြန်ဆွဲနေလေသည်။
"အေ့... ငါ... ငါ...ကြွေ့ကိုချစ်တယ်ကွာ..."
ဘီယာပုလင်းကို လှမ်းဆွဲနေတဲ့သူ့ရဲ့လက် အရိုးကြိုးပြတ်ကျသွားတော့သည်။ ခေါင်းသည်လည်း စားပွဲပေါ်တွင်မှောက်လျက်။
သူတို့အားလုံး တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ခေါင်းရမ်းလိုက်ကြလေတော့သည်။ လရောင်အတွက် သူတို့တွေ ဘယ်လိုလုပ်ပေးရမည်နည်း။ လရောင်ရဲ့စိတ်တွေ အရင်လိုပြန်ဖြစ်လာအောင် သူတို့တွေဘယ်လိုများလုပ်ပေးရမှာလဲ။ စိတ်ဒဏ်ရာဆိုတာ ကုသရမှမလွယ်တာ။ အချိန်ပေးပြီးကုသရအောင်လည်း လရောင်ရဲ့စိတ်မျိုးနဲ့ကဖြစ်မှာမဟုတ်။ လရောင်ပြောပုံအရဆိုရင် ကြွေ့ကိုစချစ်မိကတည်းက လရောင်ရဲ့အရာရာဟာ ကြွေပဲဖြစ်သွားခဲ့သည်တဲ့။ အဲ့ဒီတော့ ကြွေ့ကို လရောင်မေ့နိုင်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်တော့...
💏💏💏💏💏💏💏
"တောက်..."
လက်ထပ်ဖိတ်စာကိုကြည့်ကာ သူမအသည်းတွေ တစစီဖြစ်သွားသလား ထင်လိုက်ရတော့၏။ ဖိတ်စာကိုကိုင်ထားတဲ့လက်သည်လည်း အေးစက်လာခဲ့တော့သည်။
"သမီး ဘာဖြစ်တာလဲ..."
"ဖေဖေ အန်တီနီလာနဲ့ ဘယ်လိုတွေ့လာတာလဲ..."
ဖေဖေ့မျက်နှာက ပျော်ရွှင်နေသည့်ပုံပင်။
"မောင်ခွင်းမဏ္ဍိုင်နဲ့ကြွေ့ကိုစေ့စပ်တဲ့နေ့က ဖေဖေ့ကို မမနီလာကခေါ်ပြီး အသိပေးခဲ့တာ... သူတို့နှစ်ယောက်ကို လက်ထပ်ပေးတော့မယ့်အကြောင်း..."
"ဖေဖေ ဘာလို့သမီးကိုမပြောခဲ့တာလဲ..."
မျက်ရည်တွေဝဲနေတဲ့ သမီးဖြစ်သူကိုကြည့်ကာ ဦးနေကျော် စိတ်မကောင်းဖြစ်သွားပြီး သမီးရဲ့ပခုံးကို အသာလေးကိုင်လိုက်လေသည်။
"သမီးရယ်... အခုချိန်ထိ သမီးသူ့ကိုသဘောကျနေတုန်းလား..."
ရွှေရည်နဲ့မေမေ မမနဲ့ဖေဖေ့ကိုကြည့်ကာ သက်ပြင်းချလိုက်မိ၏။ မမက သိပ်အစွဲအလမ်းကြီးတာ။ ကိုခွင်းမဏ္ဍိုင်ကိုပဲ ထာဝရချစ်သွားတော့မှာ။
"သမီး... သူ့ကိုပဲချစ်ခဲ့တာ..."
"မဟုတ်သေးဘူးလေသမီးရဲ့... မဖြစ်နိုင်တာကို လုပ်ယူရင် ဖေဖေ့သမီးလေးပဲ ပင်ပန်းရမှာပေါ့..."
ပြောစရာစကားမရှိလောက်အောင်ပင် သူမဆွံ့အသွားတော့သည်။
"သမီး သဘောမတူဘူး ဖေဖေ... ခွင်းနဲ့ကြွေ လက်မထပ်ရဘူး..."
"နှစ်ဖက်မိဘတွေလည်းသဘာတူ... သူတို့လည်း တစ်ယောက်နဲ့တစ်ယောက် မေတ္တာမျှနေကြတာကိုသမီးရယ်... သမီးညီမလေးအတွက် သမီးဝမ်းတောင်သာရဦးမယ်..."
"ဘာညီမလေးလဲ... နေခြည်နဲ့သူက ဘာမှမတော်ဘူး... နေခြည် သူ့ကိုမုန်းတယ်... "
"သမီး..."
ဖေဖေအော်လိုက်ပေမယ့် နေခြည်ဂရုမစိုက်မိ။ ကျလုလုမျက်ရည်တွေကိုတော့ သူမထိန်းလိုက်ရသည်။
"သမီးရယ်... သမီးစဉ်းစားကြည့်ပါ ကြွေနဲ့မောင်ခွင်းမဏ္ဍိုင်တို့ လက်ထပ်ဖြစ်လို့သာ ဖေဖေထောင်မကျတာ..."
"ကိုကျော်ပြောတာ ဘာအဓိပ္ပါယ်လဲ... "
"ဟုတ်တယ် သန္တာ...ဦးမင်းခေါင်ကျော်က ကြွေ့ကို သူ့သားနဲ့သဘောတူတဲ့အတွက် ကိုယ်အလွဲသုံးစားလုပ်ခဲ့တဲ့ငွေတွေကို ပြန်မလျော်ခိုင်းတော့တာ..."
"ဟင်... တကယ်လား..."
ဦးနေကျော့်စကားကြောင့် ဒေါ်သန္တာ့မျက်နှာဟာ ပြုံးရွှင်သွားတော့သည်။
"တော်သေးတာပေါ့ ဖေဖေရယ်... ရွှေရည်ဖြင့် အဲ့ဒီ့ကိစ္စကိုတွေးပြီး ညတိုင်းအိပ်မပျော်ဖြစ်နေခဲ့တာ..."
ဦးနေကျော် သမီးငယ်ရဲ့ခေါင်းကိုပုတ်လိုက်ကာ
"နောက်ပြီးတော့ မမနီလာက သမီးတို့အတွက် တစ်ယောက်ကိုဆယ်သိန်းစီ မုန့်ဖို့ပေးလိုက်သေးတယ်..."
"ဟင် တကယ်..."
ရွှေရည်အံ့သြတကြီးလေးပြောလိုက်တော့ ဖေဖေက ခေါင်းငြိမ့်ပြနေ၏။
"ဒါဆို မမနီလာက တော်တော်ချမ်းသာတာပေါ့နော် ကိုကျော်..."
"ဒါပေါ့သန္တာရယ်... ကိုယ်တို့ကိုခွင့်လွှတ်ပေးတဲ့အပြင် သမီးတို့ကိုပါ မုန့်ဖိုးတွေပေးလို့ ကိုယ့်မှာ ကျေးဇူးတင်လိုက်ရတာ... သမီးနေခြည် သမီးရောမပျော်ဘူးလား..."
"မပျော်ဘူး..."
ပြောပြောဆိုဆို နေခြည် ဖိတ်စာကို အောက်ကိုဆောင့်ချလိုက်ကာ သူ့အခန်းထဲသို့ဝင်သွားတော့၏။
"သမီးလေးကို ကိုယ် ဘယ်လိုလုပ်ပေးရမလဲမသိတော့ပါဘူး သန္တာရယ်... "
"သမီးလေး သနားပါတယ်..."
မုန်းတယ် အားလုံးကိုမုန်းတယ်။ ကိုယ့်ကိုကိုယ်လည်းမုန်းတယ်။ အဟင့်... ဟင့်... ဟင့်...။ ဒီဘဝမှာလူလာဖြစ်တာ ခွင်းကိုတစ်ဖက်သတ်ချစ်ဖို့လား။ ဟင့်အင်း... ဒါ လုံးဝမဖြစ်စေရဘူး။ အဲ့လို ဘယ်တော့မှ ဖြစ်မလာရဘူး။ ကြွေရယ် ငါခွင်းကိုချစ်တယ်... ငါ့အတွက် နင်သေပေးလိုက်ပါလားဟာ...
💏💏💏💏💏💏💏

#####
အိမ်မက်ကြယ်(ခ)ကြယ်လေး

စင်ဒရဲလား (Completed)Donde viven las historias. Descúbrelo ahora