သွမ့်ဟွားယွဲ့က သူ၏မျက်လုံးများကိုဖွင့်လိုက်ပြီး ဝေဝေဝါးဝါးအသွင်ဖြင့် ငေးမောနေသည်။အချိန်အတော်ကြာမလှုပ်ရှားခဲ့သည့်သူ၏လက်ကို မြှောက်လိုက်ချိန်တွင် စုန့်ယွီကနိုးကြားသွားပြီး သူမသား၏လက်ကိုဆုပ်ကိုင်လိုက်သည်။
"ယွဲ့အာ..ယွဲ့အာ သားသတိရလာပြီလား"
သွမ့်ဟွားယွဲ့ကခေါင်းကိုခပ်လေးလေးညိတ်ပြလိုက်ပြီးအသက်ကိုဖြည်းညင်းစွာရှူသွင်းလိုက်သည်။စုန့်ယွီကသူ၏လည်ချောင်းအတွက် ရေအနည်းငယ်ခွံ့တိုက်ပြီးချိန်မှ သွမ့်ဟွားယွဲ့၏ခန္ဓာကိုယ်ကအနည်းငယ်အဆင်ပြေလာသည်။ သူကအားနည်းကာမောပန်းနွမ်းနယ်နေသည့်ခန္ဓာကိုယ်ကိုလျစ်လျူရှုကာ စုန့်ယွီကိုကြည့်လိုက်သည်။
စုန့်ယွီ၏နုပျိုနေသည့်မျက်နှာလေးက စိတ်ပင်ပန်းမှုများကြောင့် အနည်းငယ်နွမ်းလျနေပြီဖြစ်ကာ သွမ့်ဟွားယွဲ့၏အကြည့်ကိုလက်ခံရရှိချိန်တွင် သူမကမထိန်းချုပ်နိုင်တော့ပဲ မျက်ရည်များကျဆင်းလာတော့သည်။
"မေမေ မငိုပါနဲ့..."
သွမ့်ဟွားယွဲ့က ဆေးထိုးအပ်ရာများပေပွနေသည့် သူ၏လက်ကိုမြှောက်ကာ သူမ၏မျက်ရည်များကိုအသာအယာသုတ်ပေးလိုက်လေသည်။ သူကအခန်းကိုဝေ့ကြည့်လိုက်ပြီး အနည်းငယ်အလိုမကျဖြစ်သွားသည်။"ဖေဖေဘယ်မှာလဲ...ပြီးတော့ တုကျစ်ရှဲ့ရောဟင်...ကျွန်တော်သတိရနေတာကို သူတို့ကိုအကြောင်းမကြားထားဘူးလား"
သွမ့်ဟွားယွဲ့ကသူ၏အနားတွင် အလုပ်များနေကြသည့် အိမ်အကူများနှင့် ဆရာဝန်ကိုကြည့်ကာ ပို၍အလိုမကျဖြစ်လာသည်။
စုန့်ယွီ၏မျက်နှာကသူ၏မေးခွန်းအောက်တွင် အနည်းငယ်ပျက်ရွင်းသွားပြီး သူမကအကြည့်လွှဲကာအနည်းငယ်တွေဝေနေသည်။ သွမ့်ဟွားယွဲ့ကသူမကိုအာရုံမစိုက်နိုင်ပဲ ဆရာဝန်၏စမ်းသပ်ချက်များကိုခံယူနေရသည်။
"အကြောင်းကြားပြီးပါပြီ သားရဲ့ဖေဖေကမကြာခင်ရောက်လာလိမ့်မယ်...အားရှဲ့ကတော့"
စုန့်ယွီကသူမ၏စကားကိုရပ်တန့်လိုက်ပြီး သွမ့်ဟွားယွဲ့ကိုကြည့်ကာချိန်ဆနေရသည်။သူမက သွမ့်ဟွားယွဲ့၏အခြေအနေကြောင့် ယခုထိထိတ်လန့်နေဆဲပင်။ အကယ်၍ သူသာတုကျစ်ရှဲ့၏သတင်းကိုကြားသိ၍ ထပ်မံမေ့မျောသွားခဲ့လျှင်။

YOU ARE READING
ဤပန်းပွင့်ငယ်၌ အဆိပ်ရှိသည် (ဤပန်းပြင့်ငယ်၌ အဆိပ်ရွိသည် )
DiversosStarted date - oct23 2022 End date -