ဟောင်းနွမ်းသွားခဲ့တဲ့အမှတ်တရတွေနဲ့
ဒီနှစ်ဆောင်း မောင့် နှုတ်ဆက်ခြင်းတွေကြောင့်
ပိုအေးနေတာလား..။မောင် စကားပြေမပြန်ခဲ့တဲ့မျက်လုံးတွေနဲ့
ဘယ်တော့မှဖွင့်ဟမပြမယ့်စာမျက်နှာချပ်တွေမှာ
လူတွေကပြောတယ်...
ကိုယ်က အားမရစရာပဲတဲ့....။ကြက်ခြေခတ်တွေကညတွေကို
အိပ်မပျော်စေဘူးမောင်......။
ငယ်ရွယ်မှုရဲ့မိုက်ရူးရဲခြင်းဆိုတဲ့ခေါင်းစဉ်က
သိပ်တော့ပျော်စရာကောင်းမနေဘူး။
ဒါပေမယ့် သိပ်လည်းဝမ်းနည်းမနေပါဘူး။နွေဦးလေတွေတိုက်လာရင်
နှစ်ယောက်အတူတူခရီးတွေ...
မိုးစက်တွေကျလာတော့
ထီးတစ်ချောင်းအောက်ကအနမ်းလှလှတွေ..
ဆောင်းလေတွေသုန်လာတဲ့အခါ
မောင်နဲ့အတူတက္ကသိုလ်ပြန်တက်ချင်မိတယ်။တစ်ခါတရံရဲ့ရိုးရှင်းတဲ့သတိရခြင်းတွေပါ။
"သေလူ"လို့သတ်မှတ်ထားခြင်းအတွက်
ကိုယ့်မှာအယူခံဝင်ပိုင်ခွင့်မရှိဘူးဆိုတာလည်း
သေချာစွာသိနားလည်ပါတယ်။ဘာတွေလွဲချော်ခဲ့လဲ...
ဘယ်အက်ကြောင်းတွေကဤကဗျာမျိုး
ဖြစ်လာစေခဲ့လဲ....
မောင်အပါအဝင်အားလုံးကိုကိုယ်စိတ်ကုန်နေလို့
ကျေးဇူးပြုပြီးပြန်မမေးပါနဲ့...။တပ်မယ့်ခေါင်းစဉ်က "ကလေးဆန်ခြင်း"
ပဲဖြစ်လိမ့်မယ်....။
အပစ်မခံချင်ပဲ အချစ်ခံချင်တဲ့ကလေးတစ်ယောက်
ရဲ့အတ္တဟာ ကမ္ဘာပြိုခဲ့တယ်။သိမ်ငယ်ခြင်းတွေနဲ့ဒူးနှစ်ဖက်ပိုက်နေရမှာ
သိပေမယ့်...မောင်ပြောခဲ့သလို
ကိုယ့်ဘဝကိုယ်သိဆိုတာကို နားလည်ပေမယ့်
လက်ပိုက်ခေါင်းမော့ခဲ့တဲ့အတွက်ခွင့်လွှတ်ပါ။ခွင့်လွှတ်ပါမောင်....။
လောကက ရှုံးပြရင်...ပိုနိုင်စားလာတတ်ကြလို့ပါ။အိမ်ပြန်လမ်းရဲ့မီးရောင်မှိန်မှိန်တွေအောက်
ဟိုးတုန်းကလို ဘယ်တော့မှအတူတူ
ပြန်မရယ်မောနေတော့မှာသေချာပေမယ့်
ရယ်သံတွေဟာ.....လူတွေတစ်လမ်းစီဖြစ်လည်း
အချိန်အခါသင့်တိုင်းပဲ့တင်ထပ်နေဦးမှာပါ။အက်ကြောင်းကဗျာ။
~~~~~~~~~~~~~