Ep 36

1.4K 168 15
                                    

Uni

သွင်ခေတ္တရာ မန္တလေးက ပြန်လာပြီးကတည်းက သစ်လွင်ထူးတို့နဲ့လည်း မတွေ့ဖြစ်သလို သက္ကမြတ်ဇာမ်နဲ့လည်း မတွေ့ဖြစ်ပေ။ ထွဋ်ဦးယံကလည်း အဆက်အသွယ် မလုပ်။ အလုပ်ပုံထဲ ခေါင်းစိုက်ကာ တစ်ယောက်ထဲအထီးကျန်နေသည်။

အခုလည်း ကုမ္ပဏီက အလုပ်စားပွဲတွင်ထိုင်ကာ ဒီဇိုင်းတွေ ဆွဲနေရသည်။ သူဝါသနာပါရာ အလုပ်ဆိုပေမယ့် တခါတလေတော့လည်း ပျင်းမိသည်။

ဆက်ပိုင်ဦးက ရုံးခန်းထဲသို့ ဝင်လာကာ။

" Boss ဧည့်သည်ရောက်နေပါတယ်။ "

"ဘယ်သူလဲ ။ "

"ရောင်ခြည်သစ် ။ "

"ဝင်ခိုင်းလိုက်လေ ။ "

ဆက်ပိုင်ဦးက ခေါင်းညိတ်ပြကာ ရုံးခန်းအပြင်သို့ထွက်သွားသည်။ သွင်ခေတ္တရာ ရုံးခန်းထဲတွင်လာသည့် ရောင်ခြည်သစ်ကို မျက်မှန်ပင့်ပြီး ကြည့်လိုက်သည်။ ရောင်ခြည်သစ်က သွက်လက်လွန်းသည် ရုံးခန်းထဲက ဆိုဖာပေါ်တွင် ဝင်ထိုင်ပြီး ရုံးခန်းအနှံ့မျက်စိကစားကာ လျှောက်ကြည့်နေသည်။ လူငယ်မောဒယ်လေး တစ်ယောက်ဖြစ်တာကြောင့် ဝတ်စားဆင်ယင်မှုက ခေတ်ရှေ့ပြေးလွန်းသည်။ သွင်ခေတ္တရာတို့လို အချိန်ပြည့် suitဝတ်ထားတတ်တဲ့လူတွေနဲ့  ကွဲပြားနေသည်။

"သွင့်ရုံးခန်းက အကျယ်ကြီးပဲ ။ အပြင်အဆင်တွေကလဲမိုက်တယ်။ "

ရောင်ခြည်သစ်က ရုံးခန်းတစ်ခန်းလုံးကို ထိုင်ေနရာကနေ ခေါင်းနဲ့မျက်ဆံတွေသာ ရွေ့လျားပြီး လိုက်ကြည့်ကာ ပြောနေသည်။

" ဒါနဲ့  ကိစ္စရှိလို့ လာတာလား။ "

"အာ...ဟုတ်သား ရုံးခန်းအပြင်အဆင်တွေမှာ မျောသွားတာနဲ့  လာရင်းကိစ္စကိုမေ့နေတာ။ "

သွင်ခေတ္တရာ ဘာမှပြန်မပြောပဲ ရောင်ခြည်သစ် ပြောမည့်စကားကိုသာ အာရုံစိုက်နားထောင်ရန် အသင့်ပြင်ထားလိုက်သည်။

"ညနေ အချိန်ရမယ်ဆိုရင် ကိုသစ်တို့က ညစာကျွေးချင်လို့တဲ့ ။ "

"ကိုသစ်တို့ဆိုတော့ ဘယ်သူတွေပါသေးတာလဲ။ "

တို့ဆိုပြီး အများသုံးစကားကို သုံးနှုန်းလိုက်သည့် ရောင်ခြည်သစ်ကို သွင်ခေတ္တရာမေးလိုက်သည်။

The Kite(ongoing)Where stories live. Discover now