🌸 ပန်းတစ်ပွင့်ရဲ့ရာဇဝင် 🌸
====================
Part-24
======"ဘယ်လို နင်..နင်က.."
ထိပ်ထား ရိပ်ကို ကြည့်ပြီး အထိတ်ထိတ်အငေါက်ငေါက် စကားဆိုသည်။
"ချွေးမအကြီးလို့.."
"ဟားဟား စိတ်ကူးနဲ့ရူးနေတာလား ဘယ်လိုလုပ်ပြီး နင်က.."
"မင်းတိမ်တိုက်က ကောင်းကင်စံအိမ်ရဲ့သားအကြီးဆုံးဆိုတာ တစ်နိုင်ငံလုံးသိတယ် မသိဘူးလို့တော့ လာမပြောနဲ့.."
တကယ်လည်း တရားဝင်မယားကမွေးတဲ့သားမဟုတ်ပေမယ့် ဦးမြင့်မိုလ်က တိုက်ကို သားအကြီးဟု လူသိစေခဲ့သူမို့ ဒေါ်ယမင်းသူရော ထိပ်ထားပါ ဘာမှမပြောနိုင်၊
"နင်က ဘာလာလုပ်တာလဲ "
"ဒီမှာ နေမှာလေ နေမှာမို့လာတာပေါ့.."
"ဘာ.."
ထိုစဉ် အလုပ်သမားတွေ အထုပ်အပိုးတွေ သယ်ပြီး ရောက်လာကြသည်၊
"မမလေး ဘယ်နားထားရမလဲ.."
ရိပ် ဒေါ်ယမင်းသူကို ပြုံးကြည့်လိုက်ပြီး..၊
"အန်တီ ရိပ်တို့ဘယ်အခန်းမှာ နေရမလဲ ဦးတိုက်က အသန့်ကြိုက်တာမို့ အခန်းကြီးပေးမှရမယ်နော်.."
"ဟင် မင်း မှားနေတာလား မင်းတိမ်တိုက်က ဒီမှာ မနေပါဘူး "
"ဟင့်အင်း နေမှာ ဥက္ကဋ္ဌကြီး အဲ အဖေနဲ့ပြောပြီးသွားပြီ အဖေက ရိပ်တို့လာနေမယ်ပြောလို့ ဝမ်းသာနေတာ ဥက္ကဋ္ဌကြီးနဲ့ဦးတိုက်က အစည်းအဝေး ရှိနေလို့ နောက်မှလိုက်လာလိမ့်မယ်.."
"ဘယ်လို "
"အား.. ပစ္စည်းတွေ သိမ်းလာရတော့ ပင်ပန်းလိုက်တာ အခန်းလိုက်ပြပေးနိုင်မလား ယောင်းမလေး "
တာရာက သူမကို ပြောမယ်မထင်ထားသဖြင့် အံသြသွားပြီးမှ..ခေါင်းညိတ်သည်။
"ဟုတ်ကဲ့ "
ရိပ် အနားမှာရပ်နေဆဲဖြစ်တဲ့ ရိုစီ ပုခုံးကို ပုတ်ပြီး.၊
"အားတင်းထားနော် နောက်မှ တွေ့ကြတာပေါ့ "
ရိပ် အိမ်ထဲသွားသည်နဲ့ ရိုစီ ထိပ်ထားနဲ့ဒေါ်ယမင်းသူကို တချက်ဝေ့ကြည့်ပြီး ထွက်လာခဲ့သည်။