အခန်း-၂၆

1.9K 160 39
                                    

"ပြည့်ပြည့်တို့က ကျူတိုရီရယ်နီးပြီမို့ စာကျက်ရင်း ညဉ့်နက်မှ အိပ်ကြတာ.. ပင်ပန်းနေလို့ နှိုးမရတာ ထင်တယ်.. ကောင်လေးရော စာရပြီလား"

ခြင်ထောင်မျက်နှာကျက်ကို အကြည့်ပို့ထားပြီး အသက်မဲ့သလို လှဲနေရာက ခေါင်းညိမ့်လာသည်။

လျှပ်စီးတန်းများအောက်က စိုစွတ်ပေလူးနေသော နားထင်စောင်းလေးကို ငေးကြည့်ပြီး ဒန်းမွေ သက်ပြင်းရှိုက်မိ၏။

"ကြောက်နေသေးလား"

ခေါင်းယမ်းပြီး တစ်ဖက်လှည့်အိပ်သွားသည်။ သူနှင့်အတူ အိပ်ဖို့ ခေါ်တာတောင်ကျေးဇူးတင်စကားမဆို၊ လူမှုဆက်ဆံရေး ကောင်းချက်ကတော့ စည်သူ့အတိုင်းပဲဟု တွေးနေဆဲမှာ

"ကျေးဇူးတင်ပါတယ်"

လေသံတိုးတိုးလေး ထွက်လာသည်။ ဒန်းမွေ ကိုယ့်အတွေးကို ရှက်သွား၏။

"ရတယ်.. အိပ်မပျော်ရင် ကိုကြီးကို နှိုးလိုက်နော်"

"ဟုတ်"

သူက ဒန်းမွေကို ကျောပေးထားတာမို့ ဒန်းမွေလည်း ဟိုဖက် လှည့်အိပ်လိုက်သည်။ မှေးခနဲ အိပ်ပျော်ပြီး မကြာ၊ ပူးကပ်မှူတစ်ခုက အိပ်မက်ကမ္ဘာရောက်တော့မည့် သူ့လက်တစ်ဖက်ကို ဖမ်းဆုပ်ဆွဲလိုက်၏။

မျက်လုံးဖွင့်ကြည့်ပြီး တစ်ဖက်လှည့်ရန် လှုပ်ရှားတော့ လင်းခ၏ ကျောပြင်က သူ့ကျောနှင့် အတင်းကပ်ထားသည် ဖြစ်ရာ လှည့်ဖို့ပင် ခက်ခဲနေ၏။ ကတ်သီးကတ်သတ် ပူးနေသည့် တစ်ဖက် ကျောပြင်လေးက တုန်နေသည်။

ငိုနေပြန်ပြီလား။

ဒီကောင်လေး မာရေကြောရေနိုင်သလိုနှင့် အငိုသန်သည်။

"ကောင်လေး.."

ကျောပြင်ချင်း ကပ်ထားသော်လည်း လုံးဝ လှည့်မလာဘဲ ဒန်းမွေကသာလျှင် အောင်မြင်စွာနှင့် သူ့ကျောပေါ် မျက်နှာမူနိုင်ခဲ့သည်။

ပုခုံးပေါ် လက်တင်ပြီး ဖိဖိ ညှစ်လိုက်တော့ ပိုတိုး၍ ရှိုက်လာသည်။

အိပ်နေတာမဟုတ်ဘဲ ရှိုက်ကြီးတငင် ငိုနေပြီး ဘာမှ ပြန်ပြောမလာသောကြောင့် ဒန်းမွေ ဘာလုပ်ပေးရမှန်းမသိ။ ပုခုံးလေးကိုသာ ဆုပ်ညှစ်ပြီး ငြိမ်နေမိသည်။

ရှားလော့မှ နဂ္ဂတစ်များWhere stories live. Discover now