အခန်း-၆၃

3.9K 252 44
                                        

မွေးနေ့တုန်းက ဘာသံမှမကြားရသည့်အပြင် အပြင်မထွက်သည်မှာလည်း တစ်ပတ်ကျော်ပြီဖြစ်သော သူငယ်ချင်းဆီသို့ ဝေလတို့ လေးယောက်ရောက်သွားချိန်မှာ စုတ်ပြတ်ပေရေနေသော ဘီလီယံက အိမ်တံခါးလာဖွင့်ပေးသည်။ ဧည့်ခန်းထောင့်မှာ ဖန်စမှန်စတွေနဲ့ တယောအကျိုးစတွေကို ဂေါ်ပြားတစ်ခုထဲ ဖြစ်သလို လှည်းကျင်းထည့်ထားတာ တွေ့ရပြီး မရှင်းတာကြာသည့် အခန်းက အနံ့အသက် မကောင်းလှပေ။ ဘီလီယံ့ကိုယ်မှလည်း ရေမချိုးတာ အတော်ကြာသည့် ချဉ်စော်နံ့ ထောင်းထောင်းထနေလေ၏။

သေချာဂရုစိုက်ပေးထားပုံရသည့် မီလီယံကတော့ ဆိုဖာအောက်၌ အစာခြောက်တွေ ငုံ့စားနေပါသည်။

သူတို့ မေးတော့ ဖြစ်ကြောင်းကုန်စင်ပြောပြပြီး ထုံပေပေနဲ့ ငိုင်ကျနေသည်။

"မင်းတို့သမီးရည်းစားရန်ဖြစ်တာကလည်း ကြောက်စရာကောင်းလှချည်လားကွာ.."

ခန်နိုင်းမံ၏ မှတ်ချက်မှအပ ကျန်သည့်လူများက ဘာအကြံပေးရမှန်း မသိ ဖြစ်နေသည်။ ဘာပဲဖြစ်ဖြစ် အခုလောလောဆယ်တော့ ပြဿနာကို ဖြေရှင်းဖို့ထက် ဘီလီယံ့ကို လူပုံသူပုံပေါက်အောင် လုပ်ပေးဖို့က ပိုအရေးကြီးနေသည်။ ထို့ကြောင့် သူငယ်ချင်းသုံးယောက်အားနှင့် လူသေကောင်လို မလှုပ်မယှက်ဖြစ်နေသော ဒင်းကို ရေမိုးချိုး၊ သန့်ရှင်းရေးလုပ်ပေးပြီး ကျန်တစ်ယောက်က အိမ်ရှင်းရတော့သည်။ ရေခဲသေတ္တာထဲမှာလည်း ဘာမှမရှိပါ၊ နေ့စဉ်ရက်ဆက် ဘီယာတွေပဲသောက်နေတာ ဖြစ်၏။

"သူ့သတင်းဘာကြားသေးလဲ"

ညနေစာချက်ပေးနေသော ဝေလကို ဘီလီယံက လာမေးသည်။

"ဘာမှတော့ ထူးထူးထွေထွေမကြားပါဘူး.. သူက အခုကျောင်းကအဆောင်မှာနေနေတာ... ပထမရက်တုန်းက မင်းကျောင်းမလာလို့ ငါတို့သူ့သွားမေးသေးတယ် သူက မသိဘူးတဲ့.. အဲ့တော့ မင်းတို့ရန်ဖြစ်နေတာလို့ပဲ ငါတို့ကထင်လိုက်တာ.. ဖုန်းဆက်တော့လည်း မင်းကဖုန်းမကိုင်ဘူးလေ.. အဲ့တော့ ငါတို့နဲ့လည်း မတွေ့ချင်ဘူးထင်လို့ ခဏလွှတ်ထားပေးတာ.. ဒါပေမဲ့ စာမေးပွဲက နီးနေပြီကွ.. မင်း သတိကပ်အုံး"

ရှားလော့မှ နဂ္ဂတစ်များWhere stories live. Discover now