အနားထိုင်ဆိုတော့လည်း ဘာမှမပြောတတ်ဘဲ ကျောက်ရုပ်ကြီး ချထားတာနှင့် တူနေမှာ သူ့ကိုယ်သူ သိသည်။
ဘီလီယံက အိုဗာတင်းတစ်ငုံ မော့သောက်ပြီး စကားစ၏။
"ကိုစည် ကျွန်တော့်ကို စိတ်ကောက်နေသလား"ဘီလီယံ့ မေးပုံက ထူးဆန်းပြီး စိတ်တိုစရာ ကောင်း၏။ စည်သူက ဘာကိစ္စနဲ့ သူ့ကို စိတ်ကောက်ရမှာတဲ့လဲ။
"ငါက ဘာလို့ကောက်ရမှာလဲ"
မသကာ စိတ်ဆိုးနေသလား၊ မကျေမနပ်ဖြစ်နေသလား မေးတာကပင် နားဝင်ချိုဦးမည်။ စိတ်ကောက်နေသလားဆိုတာက ဘယ်လိုကြီးလဲ။
စည်သူ မေးတော့ ဘီလီယံက ဘာမှမပြောဘဲ ထမင်းကို မှိန်းဝါးနေသည်။ အတန်ကြာမှ ခေါင်းတဆတ်ဆတ်ငြိမ့်ရင်း..
"စိတ်မကောက်ကြောင်းသိရတော့ ဝမ်းသာပါတယ်"
ကြည်လင်နေသည့် စိတ်က ချက်ချင်းပြန်နောက်သွားသည်။ ဘီလီယံ့ အပြောက ဖြတ်ရိုက်ချင်စရာပေ။
"ကျွန်တော် ကိုစည့်ကို အော်တာမဟုတ်ပါဘူးနော်.. ဒီတိုင်း အဲ့လောက် အများကြီး အဆူမခံရဖူးတော့ စိတ်တိုပြီး ဝမ်းနည်းသွားလို့ပါ"
သူကပဲ စိတ်တိုရတယ် ရှိသေးသည်။ စည်သူက မျက်စေ့ရှေ့က ရေခွက်ကိုသာ စိုက်ကြည့်ပြီး နှုတ်ဆွံ့နေတုန်း ဘီလီယံက ထပ်ပြောလာ၏။
"ကိုစည် ကျွန်တော့်ကို ဘာတွေကြည့်မရဖြစ်နေလဲမသိပေမဲ့ ကျွန်တော်.. ခုနတုန်းကလိုပဲ ကိုစည်နဲ့ အဆင်ပြေပြေနေချင်ပါတယ်"
ငါ မင်းကိုကြည့်ရပါတယ်ဟု မလိမ်ချင်သလို မင်းကို ကြည့်မရတဲ့ အကြောင်းပြချက်တွေက ဒါတွေပါ ဆိုပြီးလည်း သေချာ မပြောတတ်။
သူ ဘီလီယံ့ကို ကြည့်မရခဲ့သည်မှာ ကျောင်းတက်စ နေ့ကတည်းက ဖြစ်သည်။ သူ့ ခန္ဓာကိုယ်ကို ဘုတ်ပြားနှင့် ဖိကပ်၍ သူ့ လည်ပင်းကို နှုတ်ခမ်းအပ်သွားသော ဘီလီယံသည် သူ့ထက် ရှစ်နှစ်ငယ်သည်ကို သိလိုက်ရသောအခါမှာ ပိုပြီး မကျေမနပ် ဖြစ်ခဲ့သည်။ ဒီကြားထဲက ဘီလီယံ့မှာ ယောက်ျားတစ်ယောက်အနေနှင့် ရှိသင့်ရှိထိုက်သည်ဟု သူ ယူဆထားသော အေးဆေးတည်ငြိမ်မှုမျိုး ရှိမနေပါ။ ဘီလီယံ၏ မူပိုင် လက္ခဏာဖြစ်သည့် နောက်တီးနောက်တောက်နှင့် စပ်စလူးထကာ လူတကာကို စနောက်တတ်သည့် အကျင့်ဆိုးမျိုးကို စည်သူ လုံးဝ မကြိုက်ပေ။
![](https://img.wattpad.com/cover/335866692-288-k623128.jpg)
YOU ARE READING
ရှားလော့မှ နဂ္ဂတစ်များ
Romanceရှားလော့တက္ကသိုလ်၏ ကြည်နူးပျော်ရွှင်ဖွယ်ရာ နဂ္ဂတစ်ပုံရိပ်များအကြောင်း။