အခန်း-၆၈

3.1K 173 21
                                        

ကားမှန်ကို လက်သည်းထိပ်နှင့် ခြစ်ရင်း ဘီလီယံ့ မျက်မှောင်များ တွန့်ကုပ်နေသည်။ သူ့မျက်စိရှေ့က ကိုစည်မှာ ကားအပြင်၌ မတ်တပ်ရပ်ပြီး ဟိုမိန်းမနှင့် စကားပြောနေ၏။ ခပ်တန်းတန်းအပြုအမူနှင့် ပြောရင်းမှ လိုအပ်သည်များကို လက်လွှဲပေးကာ ကိုစည်က ကားထဲပြန်ဝင်လာသည်။

"ဒီကိစ္စ မင်းသူငယ်ချင်းတွေ သိလား"

"သိတယ်.."

"ဟင် ဘယ်လိုသိတာလဲ"

ကိုစည် တအားလန့်ဖျပ်သွားပြီး ပြာပြာသလဲ မေးလာသည်။

"ကိုစည်နဲ့ ဟိုမိန်းမကို ခီရာဦးအရင်မြင်လို့ ကျွန်တော့်ကို လာပြောပြတာ"

မျက်နှာသေနှင့် ဘီလီယံပြောသောအခါမှ စိတ်မောသွားဟန်နှင့် သက်ပြင်းချလေသည်။

"သူတို့ကရော ငါ့ကို ဖောက်ပြန်တယ်ထင်နေတာလား"

"မထင်ပါဘူး.. မေးကြည့်အုံးလို့ပဲပြောတယ်"

"မင်းသူတို့ကို ဘယ်လိုပြန်ပြောမှာလဲ"

သူ ကိုစည့်ကို စေ့စေ့ပြန်ကြည့်ပြီး မေးဆတ်ပြလိုက်သည်။

"ဘယ်လိုပြောရမလဲ ကိုစည်.. ကိုစည် ဖောက်ပြန်နေတာမဟုတ်ဘူးဆိုတာကလွဲပြီး ဘာမှသိမထားတဲ့ ကျွန်တော်က ဘာကိုဘယ်လိုပြောရမှာလဲ"

"ငါ့ကို မရိပါနဲ့ ဘီလီယံ.. ငါလည်း သူနဲ့ မတွေ့ချင်လှပါဘူး.. မတွေ့မဖြစ်တဲ့ကိစ္စ ရှိနေလို့သာ လူမသိအောင် တွေ့နေရတာ.. ဝေလတို့ကိုလည်း ငါ့ကို ယုန်ထင်ကြောင်ထင် မထင်စေချင်ဘူး.. အဲ့ကိစ္စကို ငါစိတ်ချထားလို့ရမလား"

"ရပါတယ်.."

ကိုစည်ဟာ တစ်ယောက်ယောက်ကသူ့အား တစ်မျိုးတစ်မည်ထင်ပြီး သူ့သိက္ခာကျဆင်းသွားမည်ကို အလွန်ကြောက်နေသည်။ ဘီလီယံ စိတ်ဒဏ်ရာမရဖို့ထက် သူအရှက်ကွဲမခံရဖို့က သူ့အတွက် ပိုအရေးကြီးနေလေသည်။ ဒီထက် ပိုဆိုးသည်မှာ သူနှင့် ဘီလီယံကြား ဒီကိစ္စမဖြစ်ထားသလိုပင် အရင်ကအတိုင်း ချိုချိုသာသာဆက်ဆံပြီး ဘီလီယံ့ပြောင်းလဲမှုတွေကို လျစ်လျှူရှုထားသည်။ ဒါက ဘီလီယံ့ကို ပိုနာကျင်စေပါသည်။

ရှားလော့မှ နဂ္ဂတစ်များWhere stories live. Discover now