တစ်ရက် ဘီလီယံ သူ့ကျောင်းသားအိမ်မှာ စာသွားသင်နေတုန်း စည်သူ တစ်ယောက်တည်း ကျန်ခဲ့စဉ် အရှေ့ဘက်သုံးအိမ်ကျော်က ဘီလီယံ့ ဘော်ဒါအိမ်လာလည်၏။ သူ့ဘော်ဒါဆိုလို့ ကြီးကြီးမားမားမှတ်ပါသည်။ လေးနှစ်ကလေးပင် ဖြစ်နေ၏။
ထိုကလေးက သူ့ဟာသူ လမ်းလျှောက်လာပြီး စည်သူတို့ခြံထဲ ဝင်လာရာက ဝရံတာတွင် စာထိုင်ဖတ်နေသော စည်သူနှင့် ပက်ပင်းတိုးလေသည်။
"ကိုရီးပေ့(ပြည့်ကို ပြောတာဟု ထင်သည်) ရှိဘူးလား" ဟု မေး၏။
မှိုလုံးကေဆံပင်လေးနှင့် အသားညိုကာ ဝကစ်နေသော ကလေးလေးကို ငုံ့ကြည့်ပြီး စည်သူ မျက်မှောင်ကုပ်သွားသည်။
"ဘာကိုကြီးပေ့လဲ၊ မင်းကရော ဘယ်သူလဲ။ လူကြီးတွေ မပါဘူးလား၊ ဒီအိမ်ကလူတွေကို သိလို့လား"
"ဒီအိမ်က ကိုရီးပေ့ ခေါ်ထားလို့"
"ကိုကြီးပြည့်လား၊ ဘီလီယံ့ကိုပြောတာလား"
ကလေးက ခေါင်းညိမ့်ပြသည်။
"မင်းက ဘယ်အိမ်ကလဲ"
ကလေးက အရှေ့ဘက်ကို လက်ညိုးထိုးပြတော့ စည်သူလည်း စိတ်ရှုပ်ရှုပ်နှင့်ပဲ သူ့လက်ကို တန်းဆွဲပြီး အိမ်ပြန်ပို့ပေးလိုက်သည်။ သူ့အိမ်မှာက လူကြီးတွေမရှိပေ။ ကလေးတစ်ယောက်ကို ပစ်ထားပြီး ဘယ်တွေလျှောက်သွားကြလဲမသိ။ သူလည်း နှစ်အတော်ကြာပြီးမှ ပြန်ရောက်လာတော့ ရှေ့အိမ်နှင့်နောက်အိမ်လောက်က လွဲပြီး အိမ်နီးချင်းတွေကို မသိပေ။ နဂိုကတည်းက ဆိုရှယ်ကခပ်ကောင်းကောင်းပါဆို ဘယ်ကဟာတွေမှန်းမသိ ကလေးတွေရောခွေးတွေရော အိမ်ကိုရောက်ရောက်လာတတ်တာလည်း ပြဿနာပင်။
ဘီလီယံ ပြန်ရောက်ဖို့ကလည်း နာရီဝက်လောက်ပဲ လိုတော့သလို ဒီကလေးကို လူကြီးတွေမရှိသည့် သူ့အိမ်သူ ပြန်ထားခဲ့ဖို့ကလည်း မကောင်း။ စည်သူ မရှိခင်ကတည်းက လာနေကျဖြစ်ဟန်တူပြီး ဘီလီယံနှင့် စိတ်ချလို့ပဲ သူ့အိမ်က လူကြီးတွေက သွားခိုင်းလိုက်တာ ဖြစ်မည်။ အဲ့တော့ အိမ်မှာပဲ ခဏခေါ်ထားဖို့ ရှိ၏။
"ကိုကြီးပြည့်က ခဏနေ ပြန်ရောက်မှာ၊ အိမ်မှာ လာစောင့်နေလေ"
YOU ARE READING
ရှားလော့မှ နဂ္ဂတစ်များ
Romanceရှားလော့တက္ကသိုလ်၏ ကြည်နူးပျော်ရွှင်ဖွယ်ရာ နဂ္ဂတစ်ပုံရိပ်များအကြောင်း။
