အခန်း - ၆၉

2.7K 175 5
                                        

ထိုနေ့မှစပြီး ဘီလီယံ အိမ်မပြန်ဖြစ်တော့ပါ။ သူ့အဝတ်အစား၊ အသုံးအဆောင်တွေနှင့် မီလီယံ့ကို ဝေလကို သွားယူခိုင်းပြီး သူကတော့ အဆောင်မှာပြန်နေခဲ့သည်။ မီလီယံ့ကိုတော့ မိဘအိမ်ကိုပြန်ပို့ခိုင်းလိုက်ရ၏။

"ဟေ့ကောင်.. အခြေအနေ ဘယ်လိုလဲ"

အားလုံးစုနေသော အဆောင်ခန်းထဲသို့ ဝင်လာပြီး သူယူလာသည့် ပစ္စည်းတွေကို နေရာချပေးနေသော ဝေလအား ခန်နိုင်းမံက လှမ်းမေးပြီးမှ လင်းခကုတင်ပေါ်မှာထိုင်နေသော ဘီလီယံ့ကို ကြည့်လိုက်မိသည်။ ဘီလီယံက ကုတင်ထိုင်မှာ မှီထိုင်နေကာ ကြမ်းပြင်ပေါ် စိုက်ကြည့်လျက် တိတ်ဆိတ်ငြိမ်သက်နေ၏။

"ဟို.. ကိုကြီးစည်သူနဲ့ တွေ့ခဲ့တယ်.. ငါက ပြည့်ပြည့်ပစ္စည်းတွေလာယူပြီး မီလီယံ့ကိုလာခေါ်တာဆိုတော့ ဘာမှမပြောဘူး အခန်းတံခါးဖွင့်ပြီး ယူခိုင်းတယ်"

"ဘာမှာလိုက်သေးလဲ"

ဝေက ခေါင်းယမ်းလိုက်ပေမဲ့ ဘီလီယံကလည်း သူ့ကိုကြည့်မနေဘဲ ဘိန်းစွဲသူ တစ်ယောက်လို ငူငူငိုင်ငိုင်ကြီး ဖြစ်နေသည်။ ဒါ ထုံးစံလိုပါပဲ။ ကိုကြီးစည်သူနှင့် အကြီးအကျယ် ရန်ဖြစ်ကွဲကွာပြီးသွားတိုင်း ဘီလီယံ့ခမျာ သူ့မူလပုံစံနှင့် လုံးဝကွဲပြားခြားနားပြီး စက်ပစ္စည်းတစ်ခု ခလုတ်ပိတ်လိုက်သလို shut down ဖြစ်သွားရှာသည်။ ဘာမှမစားချင်မသောက်ချင်၊ မလုပ်နိုင်မကိုင်နိုင်နှင့် အသည်းကွဲဝေဒနာကို လချီနေအောင်ခံစားရသည်။ တချို့အခေါက်တွေမှာ မကျေမနပ်စိတ်နှင့် တမင်နေနိုင်အောင် နေပြနေပေမဲ့ အရင်ကနှင့်မတူဘဲ သနားစရာကောင်းလွန်းနေတာ သူတို့သူငယ်ချင်းတွေအားလုံးအသိ ဖြစ်သည်။

သို့ပေမဲ့ ဒီတစ်ခေါက်မှာတော့ ဘီလီယံ စိတ်လေနေ၍ မရပါ။ တက္ကသိုလ်ကျောင်းသားဘဝ၏ နောက်ဆုံးစစ်ဆေးချက်ဖြစ်သော စာမေးပွဲကြီးက လာတော့မည် ဖြစ်သည်။ ခုလို သူ့ ပုံစံနှင့် စာမေးပွဲအောင်နိုင်မည်မထင်၍လည်း ဝေလတို့အားလုံး စိတ်ပူနေကြသည်။

ကုတင်ပေါ်မှာ ခေါက်စားပွဲလေးနှင့်စာထိုင်လုပ်နေသော လင်းခပင် ဘီလီယံ့ဖြစ်နေပုံကို မကြည့်နိုင်ဘဲ သူ့ဘေး ကပ်ထိုင်ပြီး ပုခုံးကို အသာဖက်လိုက်သည်။

ရှားလော့မှ နဂ္ဂတစ်များWhere stories live. Discover now