အခန်း - ၇၂

3.3K 231 50
                                        

ကိုစည် သူ့ဘဝထဲက ထွက်သွားခဲ့သည်မှာ သုံးနှစ်ခန့်ကြာသွားလေပြီ။ အဆင်ပြေလားဆိုလျှင်တော့ မပြေ။ သို့ရာတွင် လောက၌ ဆက်လက်ရှင်သန်နေထိုင်နိုင်သေးရန် ဆင်ခြင်ဉာဏ်တုံ့တရားနှင့် မျှော်လင့်ချက်ကိုအသုံးပြု၍ ထိန်းသိမ်းထားခဲ့ရသော ကာလတွေ ဖြစ်ခဲ့သည်။

ကိုစည် သူ့အပေါ် ဘယ်လောက်ထိ ရက်စက်သလဲဆို လျှင် သူတို့အတူနေထိုင်ခဲ့သည့် အိမ်လေးကို သူ့အား စာချုပ်စာတမ်းနှင့် လွှဲပြောင်းပေးခဲ့သည်ပင်။ သို့သော်လည်း သူကတော့ မာနကြီးစွာပဲ ထိုအိမ်ဘက်သို့ ခြေဦးပင် မလှည့်ခဲ့။ မိဘအိမ်မှာနေ၍သာ အင်္ဂလိပ်စာသင်ပေးသည့် freelance instructor life ကို သေချာလေး ပျိုးထောင်ခဲ့သည်။ ကိုစည့်အား လွမ်းလာလျှင် အလုပ်တွေပိုလုပ်သည်၊ စာသင်ချိန်တွေပိုယူသည်၊ မမကြီး၏ ရတနာဆိုင်လုပ်ငန်းကိုလည်း စိတ်ဝင်စားပြီး သွားကူလုပ်ပေးသည်၊ ဖေကြီးနှင့် မေကြီးကို ပြုစုလုပ်ကိုင်ပေးသည်၊ သူငယ်ချင်းတွေလာလျှင် အချိန်ပေးပြီး သူတို့လိုအပ်တာတွေကို လိုက်လုပ်ပေးသည်။ နောက်ပြီး လင်းခကို သတိရသည်။

ကိုစည် ထားခဲ့ပြီးနောက် တစ်နှစ်ကျော်နှစ်နှစ်အတွင်းမှာတော့ သူ အလူးအလဲ အသည်းကွဲခဲ့ရပြီး ပြန်လည်ထူထောင်နိုင်ဖို့ အများကြီး ကြိုးစားခဲ့ရသည်။ လူတစ်ယောက်ကို လွမ်းဆွတ်တမ်းတခြင်းမှ နာကျင်ခံစားရတာတွေ လျော့ပါးသွားအောင်ပင် အချိန်အတော်ယူခဲ့ရသည်မို့ ထိုလူကို မေ့ပျောက်ဖို့ဆိုသည်မှာ သူ့အနေနှင့်ဝေးကွာလွန်းပါသည်။ ခု သူ့အခြေအနေဟာ လွမ်းသည့်တိုင်အောင် အရင်ကလောက် ရုပ်ပျက်ဆင်းပျက် မနာရတော့ခြင်းဖြစ်သည်။ ခံပြင်းစိတ်နှင့် ယောက်ျားမာနကတော့ ရာခိုင်နှုန်းအားဖြင့် အနည်းငယ် ကျန်ရှိနေသေးသည်။

အရင်ကဆို ဩကာသတောင် ကိုစည် တိုင်ပေးမှ လိုက်ဆိုတတ်ခဲ့သူက ခုတွင်တော့ လူကြီးတွေနဲ့အတူလိုက်ပြီး တရားစခန်းအချို့ပင် ဝင်တတ်နေလေပြီ။ ကိုယ့်စိတ်အနာကို ကိုယ်တိုင်သိပြီး တရားဓမ္မနှင့် ဖေးမကုစားတတ်အောင် တဖြည်းဖြည်းကျင့်ယူခဲ့ရာမှ ဘုရားတရားပိုလုပ်ဖြစ်လာခြင်းဖြစ်သည်။ ကိုစည်လုပ်သလောက် မဟုတ်လျှင်တောင် တစ်နေ့ကို နည်းနည်းစီ ဘာဝနာပွါးများခြင်း စတင်တရားထိုင်ဖြစ်ခဲ့သည်။ တရားထိုင်စဉ် ဖြစ်ပေါ်လာသော စိတ်တည်ငြိမ်မှုကို ပထမဆုံးအကြိမ် တွေ့ကြုံခံစားဖူးပြီး ကိုယ့်အတွင်းစိတ်သန္တာန်ကို သိမြင်နိုင်အောင် ကြိုးစားမိသည်။

ရှားလော့မှ နဂ္ဂတစ်များWhere stories live. Discover now