ဒီရက်ပိုင်းအတွင်း ဘီလီယံတို့ သူငယ်ချင်းငါးယောက်မှာ gym ၌ တရုံးရုံးစုပြီး ကာယဗလမောင်ဇာတ်ခင်းနေကြသည်။ ထိုကြောင့် မနက်ပိုင်းများတွင် ကိုစည်နှင့် အစောထရပြီး အရင်လို သရေစာတွေကို စားချင်တိုင်းစားမရတော့သည့် အခက်အခဲ ဘီလီယံ့မှာရှိလာ၏။ တကယ်တော့ ဘီလီယံက သူငယ်ချင်းတွေနှင့် ဟေးလားဟားလားလုပ်ပြီး gym မှာ အချိန်ဖြုန်းချင်ရုံ စိတ်ကူးခဲ့ပေမဲ့ သူ့အိမ်က စာအုပ်ကြီးကတော့ “ဘယ်အရာပဲလုပ်လုပ် အကျိုးရှိအောင်လုပ်ရမည်” ဆိုသည့် ဆောင်ပုဒ်ကို ကိုင်ဆွဲထားတတ်သည့်အားလျော်စွာ gym trainer နှင့်သူကိုယ်တိုင် အပ်နှံပေးပြီး အစားအသောက်၊ အနေအထိုင်ကအစ ကြီးကြပ်ဂရုစိုက်ပေးသည်။
သူက စာသင်ဖို့ အလုပ်ရှုပ်နေသဖြင့် ဘီလီယံကလည်း သူငယ်ချင်းတွေနှင့် အချိန်ဖြုန်းချင်ခဲ့ရာက ခုတော့ ဘီလီယံပဲ သူ့လက်အောက်မှာ စာသင်သားဖြစ်သွားရပြန်၏။ ညဆို ညဉ့်နက်တဲ့အထိ ဂိမ်းမဆော့ရဘဲ အိပ်ချိန်ကို လုံလောက်အောင် အိပ်ရသလို ဘီလီယံကြိုက်တတ်သည့် မာလာရှမ်းကောတို့ခေါက်ဆွဲပြုတ်တို့ ကိတ်မုန့်တို့ကိုလည်း မစားရတော့ပေ။ စားချင်တာမစားရ၍ အဆင်မပြေဖြစ်သည်က အဲ့လောက်မဟုတ်ပါ။ ဘီလီယံ သည်းခံနိုင်ပါသေးသည်။ အဓိက ပြဿနာက သူ့ကိစ္စအကြောင်းပြု၍ gym trainer ကိုမာန်ဟိန်းမှ ကိုစည့်အား ဆက်သွယ်နေခြင်းကို မကြိုက်လှခြင်းဖြစ်သည်။ သို့ပေမဲ့ သူ့ကို ကလေးဆန်သည်ဟု ထင်မည်စိုး၍ သဝန်တိုသည့်ကိစ္စကိုတော့ ကြိတ်မှိတ်မြိုချထားရ၏။
Gym မဆော့တော့ဘူးဟု ပြောပြန်ရင်လည်း ဘီလီယံကပဲ အရင် စလုပ်ထားသည်မို့ လွယ်လွယ်လက်လျှော့တတ်သည့်ကောင်ဟု အထင်အမြင်သေးသွားမှာကို စိုးရိမ်ရသေးသည်။ ကိုစည်နှင့် trainer က ဘီလီယံ့ကို အချိုးအစားကျရုံ၊ ကျစ်လစ်ကြည့်ကောင်းရုံပဲ ပုံစံသွင်းမည်ဟု အားခဲထားသည်။
ဘီလီယံ့စိတ်သဘောထားကို သိသော ကိုစည်က တစ်ခါတလေလည်း ခနဲ့တတ်သေး၏။
“အရာရာကို ကလေးကစားသလို စိတ်ပါတုန်း ခဏပဲလုပ်လိုက် မပါရင် ရပ်လိုက် လုပ်လို့မရဘူး ဘီလီယံ.. မင်း ဒါကို စမယ်ဆို ဖိဖိစီးစီး လေးလေးနက်နက်နဲ့ အကျိုးရှိအောင် ကြိုးစားရမယ်.. ဒါမှ မင်းအချိန်တွေ ငွေတွေကုန်ထားတာ တန်မယ်… လာ ကြက်သားလာစား”
ESTÁS LEYENDO
ရှားလော့မှ နဂ္ဂတစ်များ
Romanceရှားလော့တက္ကသိုလ်၏ ကြည်နူးပျော်ရွှင်ဖွယ်ရာ နဂ္ဂတစ်ပုံရိပ်များအကြောင်း။