အခန်း-၆၂

1.4K 128 38
                                    


စည်သူ နိုးလာတော့ ညဆယ်တစ်နာရီတောင် ကျော်နေလေပြီ။ အိပ်ခန်းထဲမှာ ဘီလီယံ့ကို မတွေ့ပေမဲ့ အခန်းထောင့်မှာ ခွေအိပ်နေသည့် မီလီယံ့ကိုတွေ့ရတော့ ပြုံးမိသွားသေး၏။ ကုတင်ပေါ်က ဆင်းပြီး မီလီယံ့ခေါင်းကို အသာပွတ်လိုက်သည်။ အိမ်ကိုခေါ်လာသည့်နေ့တုန်းကတောင် သူမထိမကိုင်ချင်သဖြင့် မွန်မွန့်အား ပွေ့ချီခိုင်းခဲ့ရသည့် ဒီကောင့်ကို သံယောဇဉ်တွယ်နေမိပြီထင်သည်။ ဒါထက် သူတို့ အခုလို ရင်းနှီးတာတွေ့လျှင် ဘီလီယံ သေချာပေါက် ဝမ်းသာမည်ပင်။

အတွေးနှင့် အခန်းထဲမှ ထွက်လိုက်စဉ် စည်သူ့ မျက်လုံးများ ဗြုန်းခနဲ ပြာဝေသွားသည်။ ဧည့်ခန်းအလယ်က ဆိုဖာတွေ ဝန်းရံထားသည့် ဖန်စားပွဲ မရှိတော့ပေ။

ထိုအစား.. ဖန်ကွဲစတွေ ပြန့်ကြဲနေသည်။ ဆိုဖာဘေးက ပန်းအိုးရှည်တွေလည်း တစ်စစီ ကွဲသည့်အိုးကကွဲ၊ ထိပ်ပိုင်းတွေပြတ်သည့် အိုးကပြတ်ကာ ဆိုဖာဆက်တီတွေပေါ်မှာလည်း ပန်းအကျိုးတွေနှင့် ဖန်ကွဲစတွေဟာ မြင်မကောင်း။

ကျွန်းစင်ကြီးပေါ်မှ ညီညီညာညာစီထားသာ စာအုပ်တွေ ပြိုကျနေကာ တချို့စာအုပ်အထူများ၏ စာရွက်တွေက စုတ်ပြဲပြီး ဘာအရည်တွေမှန်းမသိ စိုရွှဲနေသည်။ စည်သူ ရင်တလှပ်လှပ်တုန်ကာ မျက်တောင်တွေ အခါခါခတ်ပြီး အိပ်မက်မဟုတ်စေရန် ဆုတောင်းနေမိသည်။

ဧည့်ခန်းတစ်ခုလုံးပေပွအောင် စုတ်ပေရိရွဲနေခြင်းဟာ သမိုင်းစည်သူထွန်းလို စည်းကမ်းတင်းကြပ်ပြီး ကိုယ့်အပိုင်ပစ္စည်းတွေကို မြတ်နိုးတန်ဖိုးထားသည့်လူအတွက် နှလုံးသားကို အစိတ်စိတ်အမြွှာမြွှာ ခွဲခြမ်းထုချေသလို ဆိုးဆိုးရွားရွား ထိခိုက်နာကျင်စေသည်။

နှမြောတသဖြစ်ခြင်းနှင့် လက်လွတ်ဆုံးရှုံးရခြင်းဟာ ယောက်ျားရင့်မာတစ်ဦး၏ မျက်ရည်တွေကို ရက်ရက်စက်စက် ခူးယူခြွေမွသွားနိုင်သလို စိုစွတ်သော ပါးပြင်များနှင့် စည်သူ့ နှုတ်မှ "ဟာ" ခနဲ ညည်းညူသံသာ ထွက်လာနိုင်ခဲ့သည်။

ဒါတွေဟာ ခုဝယ်၊ ခုအလှဆင်လို့ရသည့်ပစ္စည်းတွေမဟုတ်ဘဲ နှစ်ရှည်လများ တန်ဖိုးထားစုဆောင်းခဲ့ရသည့် ဘိုးဘွားပိုင် အမွေအနှစ်တွေ.. စည်သူ မြတ်နိုးတန်ဖိုးထားလွန်း၍ ဧည့်ဆောင်ခန်းမှာ ဂုဏ်ယူဝင့်ကြွားစွာ နေရာချထားခဲ့သည့် အရာတွေကို တစ်ခဏတွင်းချင်း ရှုပ်ဖွဖျက်ဆီးနိုင်ခဲ့သူအား ဘယ်သူလဲ မေးနေစရာမလိုတော့။

ရှားလော့မှ နဂ္ဂတစ်များWhere stories live. Discover now