အခန်း-၆၇

2.5K 147 5
                                        

ပြည်ခမ်းစိုင်က ဒီတစ်ခါတော့ ပြတ်နေသည်။ သူ့မေမေ ဘီလီယံတို့အိမ်ကို ရောက်ချလာသည့် သုံးခါလုံးမှာ ဝေလကိုမှ လက်မခံလျှင် အိမ်ပြန်မလိုက်ဘဲ ကိုယ့်ဘဝနှင့်ကိုယ် နေတော့မည်ဟု ခိုင်ခိုင်မာမာ ပြောနေ၏။ ဒီအခြေအနေမှာ ဘီလီယံစနက်ချည်း စွပ်စွဲလို့မရနိုင်တော့မှန်း ဒေါ်ခင်မုဏ်းပြည့်လျှံလည်း သဘောပေါက်လာရသည်။ အချစ်ကြောင့်အသက်ပင်သေစေ လုပ်လာသည့် သားမှာ သူမအား ဆန့်ကျင်တော်လှန်ဖို့အားတွေ ဘယ်ကတည်းက စုဆောင်းထားမိလဲ စဉ်းစားစရာမလို။ သူ့ဘေးက စစ်ကိုင်းသားလေးကြောင့်ပဲ အချစ်ရူးရူးပြီး ပြောင်းလဲသွားတာ ဖြစ်သည်။ ဒီအရွယ်ကြီးရောက်မှလည်း ခြိမ်းလားခြောက်လာနှင့် အတင်းခွဲပစ်ဖို့ မတတ်နိုင်တော့။ အမေ့ကို တိုင်ပင်ကြည့်တော့ အမေကလည်း ပြည်ခမ်းစိုင်ကို သနားသည့်ပုံနှင့် " မြေးလေးက သူ့တစ်ဘဝလုံး ညည်းသဘောအတိုင်းနေလာတာ၊ သူပေါင်းရမဲ့ကိစ္စတော့ သူကြိုက်တဲ့သူနဲ့ နေပါစေတော့အေ" ဆိုပြီး လေပြည်ထိုးရှာသည်။

အမေပြောတာလည်းမှန်တော့မှန်ပါသည်။ ပြည်ခမ်းစိုင်က တကယ့် အလိမ္မာတုံးလေးပင်။ လူမှန်းသိတတ်စကတည်းက ကောင်းလိုက်တဲ့ညဉ်ကလေးက သူမ စကားဆို နှစ်ခါပြောစရာမလိုအောင် တသဝေမတိမ်းလိုက်နာတတ်ရှာသည်။ အမေကို ကပ်လွန်းသဖြင့် သူများတွေက မားမားဘွိုင်းဟု စလည်း မနာတတ်ဘဲ ထိုသို့အခေါ်ခံရတာကိုပဲ သဘောကျတတ်သည့် သားလေး ဖြစ်သည်။ အဲဒီလို သားလေးက သူ့အချစ်အတွက် စွန့်စားခန်းဝင်ကာ မိခင်အပေါ် ရဲရဲဝင့်ဝင့် ရင်ဆိုင်လိုက်ခြင်းဟာ အတ္တကြီးသောမိခင် သူမအား ဆွေ့ဆွေ့ခုန်သွားစေသည်။

ဒီလိုနှင့် ပြည်ခမ်းစိုင်ကို မနိုင်တော့သည့်အခါ ဘီလီယံ့ဘက်လှည့်ပြီး လက်ချာရိုက်ပြန်၏။

"စည်သူနဲ့ ထပ်ရန်မဖြစ်နဲ့.. တည့်အောင်နေနော်.. သူက မင်းထက်အကြီးဆိုတာ မမေ့ထားနဲ့.. အသေးအမွှားကိစ္စလောက်နဲ့ အိမ်မှာငါတို့ကို ပြန်ပြောသလို ခွန်းတုံ့ပြန်မနေနဲ့ ကြားလား"

ဘီလီယံကတော့ ဘာတွေလာရောင်းနေတာလဲ ပုံစံနှင့် သိပ်ဂရုမစိုက်ခဲ့သော်လည်း အစတုန်းက လက်မခံခဲ့သည့် မမကြီးမှာ ယခုမှ ကိုစည်နှင့်မပြတ်ရေး တို့အရေး လုပ်နေသဖြင့် ဇဝေဇဝါတော့ဖြစ်မိလာသည်။

ရှားလော့မှ နဂ္ဂတစ်များWhere stories live. Discover now