ဆိုဖာပေါ်မှာ ပူးကပ်မှီတွယ်ကာထိုင်ရင်း တစ်ယောက်မျက်နှာတစ်ယောက် ကြည့်နေမိသည်မှာ နာရီပိုင်းမျှကြာမြင့်လေသည်။ အနည်းငယ် သွယ်လျသွားတာကလွဲ၍ ဘာမှမပြောင်းလဲပါသော်လည်း ခွဲခဲ့ရသော လေးလကို လေးနှစ်ဟုထင်မှတ်ကာ စည်သူ့ရင်ထဲ အလွမ်းထုထည်တစ်ခု ဆို့နင့်နေ၏။
"ကိုစည်.."
"အင်း"
ငုံ့မိုးကြည့်လာသော ဘီလီယံက စည်သူ့ မျက်နှာအမော့မှာ နဖူးပြင်ကို ငုံ့နမ်းလိုက်သည်။ လွမ်းခဲ့ရသော အနမ်းတွေက အရင်လို နွေးထွေးနေဆဲမို့ စည်သူလွှတ်ခနဲ ပြုံးမိသွား၏။ ထို့နောက် ဘီလီယံက သူ့ရင်ခွင်မှာ ပြန်မှီတွယ်စေပြီး စည်သူ့ ဦးခေါင်းပေါ် မေးဖျားတင်လာသည်။
"မေကြီးနဲ့ မမကြီးတို့က ကျွန်တော် အသည်းကွဲတာကို မမြင်နိုင်တော့တဲ့အဆုံးမှာ ကျွန်တော့်ကို ကိုစည့်ဆီ သွားခိုင်းလိုက်တယ်.. သူတို့ ကိုစည့်ကိုတော့ အပြစ်မမြင်ကြပါဘူး.. ပြတ်နိုင်ရင် ပြတ် မပြတ်နိုင်ရင် လိုက်သွားပေါ့တဲ့ အဲ့လိုပဲ အကြံပေးတယ်.. ကိုစည့်မေမေကရော ဘာပြောလဲဟင်"
"မေမေကတော့ ဘာမှမပြောပါဘူး.. သူက ဒီတိုင်း ငါစိတ်ချမ်းသာတဲ့အရာကိုပဲ လုပ်စေချင်တာ"
လက်ဖျားတွေ ပွတ်သပ်နေရင်း ဘီလီယံက အားမရသလို ပိုတိုးဖက်သည်။
"ကျွန်တော် ခုပြန်လာတာက ကိုစည်စိတ်ချမ်းသာတဲ့ အရာရော ဟုတ်ရဲ့လား.."
"ဘယ်လိုပြောလိုက်တာလဲ ဘီလီယံ.. မင်းပြန်ရောက်လာပြီး ငါနဲ့အတူနေမှာကို ငါတကယ်စိတ်ချမ်းသာပါတယ်"
ဘီလီယံက စည်သူ့ကို ခပ်ငေးငေးကြည့်ရင်း ပြုံးသည်။ သူ့အပြုံးမှာ အရာအားလုံးကို စိတ်လျှော့ထားလိုက်ရသည့် အရှုံးပေးမှုတစ်ခုနှင့် ဆင်တူနေ၏။
"ကိုစည် ကျွန်တော့်ကို ခွဲနိုင်တာသိရတော့ ကျွန်တော် စိတ်မကောင်းဘူး"
သူ အလံဖြူပြလိုက်ရသည်နှင့် ထပ်တူညီအောင် ဒဏ်ရာပါးပါး ပေးလိုက်သလို ခံစားရပြီး စည်သူ့ရင်ထဲ အောင့်သွား၏။
"ငါမင်းကို မခွဲနိုင်တာ မဟုတ်ပါဘူး.. မင်းကမှ ငါနဲ့အတူမနေချင်တာလေ ငါ ဘယ်လိုသိက္ခာနဲ့ရှေ့ဆက်တိုးရမှာလဲ"
VOUS LISEZ
ရှားလော့မှ နဂ္ဂတစ်များ
Roman d'amourရှားလော့တက္ကသိုလ်၏ ကြည်နူးပျော်ရွှင်ဖွယ်ရာ နဂ္ဂတစ်ပုံရိပ်များအကြောင်း။