အခန်း - ၇၄

3.8K 219 17
                                        

မိုးဇေနိုင်ကို ခေါ်လာသည့်နေ့မှစပြီး သောင်လင်းခကြွယ်က မျိုးစုံသောင်းကျန်းတော့သည်။ သူနှင့် ရုပ်အလွန်တူသောလူကို မြင်ရသည်မှာ သူ့ဆီမှ တစ်စုံတစ်ခုကို ခိုးယူခံရသည့်အတိုင်း မိုးဇေနိုင်နှင့်ဆုံချိန်တိုင်းမှာ အမြင်စောင်းပြီး မုန်းနေတတ်သည်။

မိုးဇေနိုင်ကတော့ သူ့ကို သူ့ညီအရင်းဖြစ်ကြောင်း သိနေသလို စိတ်ကျန်းမာရေးမကောင်းသည့်အတွက်လည်း ကရုဏာသက်ပြီး သည်းခံရှာသည်။ တကယ်တော့ မိုးဇေနိုင်ဟာ ဘာလုပ်လုပ်ခံတတ်သည့် ကြာပန်းဖြူလိုကောင်လေးမျိုးမဟုတ်ဘဲ ဘဝပေးအခြေအနေကြောင့်သာလျှင် ဟုတ်ဟုတ်၊ မဟုတ်ဟုတ် ခေါင်းငုံ့ခံနေရတာ ဖြစ်သည်။

ဖောင်း..

စာဖတ်နေစဉ် အရှိန်ပြင်းပြင်း ပြေးဝင်လာသော သံဗူးကြောင့် မိုးဇေနိုင်၏ နားထင် နာသွားသည်။ ဖျတ်ခနဲ မော့ကြည့်လိုက်သောအခါ အအေးဗူးတွေသောက်နေသော သောင်လင်းခကြွယ်မှ သူနှင့် ခပ်လှမ်းလှမ်းက စားပွဲတွင်ထိုင်လျက် လှမ်းပစ်နေခြင်း ဖြစ်၏။

"ပြန်ကောက်ခဲ့"

သောင်လင်းခကြွယ်က သူ့နှာခေါင်းကို လက်နှင့်ပွတ်ရင်း ပုခုံးတွေမငြိမ်သက်စွာ လှုပ်ခါနေလျက်က ခိုင်းသည်။ မိုးဇေနိုင် ကောက်ပြီး လာပေးလိုက်၏။ ဒါကို သူကမကျေနပ်သေးဘဲ..

"ရပ်နေစမ်း"

မိုးဇေနိုင် မကြည်လင်ပေမဲ့ အင်တင်တင်ရပ်နေလိုက်လျှင် သောင်လင်းခကြွယ်က မတ်တပ်ထရပ်ကာ သူနှင့်မျက်နှာချင်းဆိုင် ကြည့်လာ၏။

"မင်း မျက်နှာပေါ်မှာ ငါ့မျက်နှာ ဖြစ်နေတာ မမြင်ချင်ဘူး၊ ခုချက်ချင်း ဆွဲခွါပေး"

"ဘာ"

လူကသာ အကြောအချဉ်တွေ လှုပ်ယွပြီး သနားစရာကောင်းနေပေမဲ့ နိုင်ထက်စီးနင်းလုပ်တတ်သည့် အကျင့်ကတော့ အမေနှင့်တူပုံရသည်။ မိိုးဇေနိုင် ခါးထောက်ရပ်ကြည့်နေသော သူ့ကို အဖတ်မလုပ်ဘဲ လှည့်ထွက်လာခဲ့တော့ သူက ပုခုံးကနေပြန်ဆွဲလှည့်ပြီး ဆံပင်ကိုဆောင့်ဆွဲကာ မျက်နှာကိုပါ လက်သည်းတွေနှင့်ကုတ်ပစ်၏။

"အာ့ အား ဘာလုပ်တာလဲ၊ ငါ့ကိုလွှတ်"

မိုးဇေ နာကျင်လွန်း၍ မျက်လုံးတွေပြာပြီး လုပ်မိလုပ်ရာနှင့် သူ့ကိုဆောင့်တွန်းမိသည်။ သူက လူကောင်ပိုသေးပြီး အလစ်အငိုက်မိသွားသဖြင့် မြက်ခင်းပြင်ပေါ် ဖင်ထိုင်လျက် လှဲကျသွား၏။

ရှားလော့မှ နဂ္ဂတစ်များWhere stories live. Discover now