Episode 3(Z+U)

17.4K 1K 35
                                    

[Zawgyi]
3

ခြံတံခါးဖွင့်သံနှင့်အတူ ကြားလိုက်ရသောကားသံကြောင့် သွန်း ဧည့်ခန်းတွင် ဖတ်လက်စစာအုပ်ကို ချကာ မေမေ့ကိုထွက်ကြိုလိုက်၏။

သွန်းကို တွေ့တော့ မေမေက သွန်းမျက်နှာကို တစ်ချက်ကြည့်ကာ ဘာမှမဆိုဘဲ ထမင်းစားခန်းထဲဝင်သွားလေသည်။

ယနေ့သွန်းဖျားနေသဖြင့် မေမေက သွန်း၏ဆေးခန်းကိုပါတစ်ခါတည်းအခြေအနေသွားကြည့်မည်ဟုဆိုကာ သွန်းကိုအိမ်မှာနေခိုင်းပြီး ဆေးခန်းသွားထိုင်၏။

ထမင်းစားပွဲပေါ်တွင် ပန်းကန်များဟာ ထမင်းဟင်းအပြည့် မထိမခပ်ရသေး။

"ဘယ်သူမှမစားရသေးဘူးလား"

"ဟုတ်ကဲ့ ဆရာမကြီး"

ထမင်းစားပွဲထိပ်ဆုံးတွင် မြတ်ကထိုင်နေရာ မြတ်၏ ညာဘက်တွင် သွန်းကထိုင်နေပြီး ဘယ်ဘက်ခုံကတော့လွတ်နေသည်။

ရုတ်တရပ် သူမ နဖူးပေါ်စမ်းလိုက်သော မြတ်ကြောင့် သွန်း နည်းနည်းတုန်သွား၏။

"ငွေ့ငွေ့ပဲရှိတော့ပေမဲ့ ဆန်ပြုတ်ပဲစား"

"ဟုတ်ကဲ့ မေမေ"

နူးနူးညံ့ညံ့အမူအယာမဟုတ်ပေမဲ့ မေမေက သွန်းကိုခုလိုဂရုတစိုက်ရှိတော့သွန်းပျော်ပါသည်။

"ကိုယ်ခံအားပဲနည်းတာလား ပျော့လွန်းတာလား တန်းဖျားတော့တာပဲ"

မေမေက သူမဘာသာရေရွတ်နေသော်လည်း သွန်းကြားနေရသည်။ သွန်း မေမေ့ကို တည့်မကြည့်ရဲပါ။ မနေ့က အရိုက်ခံထားရသော ပါးတစ်ဖက်သည် ခုထိအယောင်သိပ်မကျသေး။ ထိုအရှိန်ကြောင့်ထင်သည် ညက သွန်း တော်တော်အဖျားတက်၏။

မျက်စိမဖွင့်နိုင်သည့် အခြေအနေတွင် သူမနဖူးကိုစမ်းကာ ရေဝတ်တင်ပေးနေသူ။ မေမေတော့ မဖြစ်နိုင်။ ကြီးကြီးဝင်းပဲနေမည်ဟုထင်ကာ မေးလိုက်တော့ မေမေဖြစ်နေတာတဲ့။ ညက တစ်ညလုံး မေမေ သွန်းအနားမှာနေပေးသည်ဟု ကြီးကြီးဝင်းကပြောသည်။

သွန်း အသက် ၂၇နှစ်ကျော်ပြီဆိုသော်ငြား သူမလည်း ကလေးတစ်ယောက်လိုမေမေ့ကိုချွဲနွဲ့ချင်သေး၏။

အချစ်ကိုတွေ့ခဲ့သည်(completed)Where stories live. Discover now