အပိုင်း ( ၉ )
" ကိုထွဋ်မြတ်.."
မိတ်ကပ်ဖျက်နေရင်း ကောင်းမြတ်ရဲ့ အလောတကြီး ခေါ်သံကြောင့် ထွဋ်မြတ် မေးဆတ်ပြလိုက်တယ်။
" ရွှေပြည်တန် ဘာဖြစ်တာလဲ မသိဘူး.. ဆက်တင်ထဲနေ ခေါ်ထုတ်လို့မရသေးဘူး.."
" ဟမ်.."
ထွဋ်မြတ်ရဲ့အာမေဋိတ်အသံဟာ သူ့မိတ်ကပ်ခန်းထဲဝယ် ပျံ့လွှင့်လို့ကျန်ခဲ့ပြီး လူကတော့ ရွှေပြည်တန်ရှိရာဆီ အပြေးအလွှား။ နောက်ဆုံးကဒ်က နဂါးအရှင်ကို မျှော်ကြည့်ရင်း ကျန်ခဲ့ရသည့်အခန်းမို့ ဆက်တင်မှာ ရွှေပြည်တန် တစ်ယောက်တည်း ရိုက်ကျန်နေခဲ့တာရယ်။ ထွဋ်မြတ် အလောတကြီး ရောက်သွားတဲ့အချိန်အထိ ရွှေပြည်တန်က ကြမ်းပြင်မှာ ပုံ့ပုံ့လေး ထိုင်နေတုန်းပဲ။ ဦးကျော်သူရကို လှမ်းကြည့်လိုက်တဲ့အခါ ဦးကျော်သူရ သူ့အား ဖြည်းဖြည်းချင်း အနားတိုးဖို့ အမူအရာပြတယ်။
" ရွှေပြည်တန်.."
ထွဋ်မြတ် လှမ်းခေါ်ပေမယ့် ရွှေပြည်တန်က မကြားသည့်ပုံ။ ရီဝေဝေ မျက်ဝန်းပြာများက တစ်နေရာဆီသို့ လှမ်းမျှော်ငေးလျှက်ရှိပြီး ဝေ့သီနေသော မျက်ရည်စများသည် မျက်ဝန်းအိမ်မှ ထွက်ခွာလုဆဲဆဲ။ အောက်နှုတ်ခမ်းဖျားလေးသည် တဆတ်ဆတ် တုန်ယင်နေကာ ရွှေပြည်တန်၏ ဟန်ပန်မှာ စိတ်နှင့်လူမကပ်သလိုမျိုး။ ထွဋ်မြတ် ရင်ထဲ တအုန်းအုန်းထအောင် မြည်ဟီးသွားရတယ်။
ဒီပုံစံလေး။ ဒီလိုကျိုးကြေနေမှုတွေ။
မျက်ကပ်မှန်အပြာလေးနဲ့ ဆံပင်တုအဖြူလေးနဲ့ မဆိုသလောက်လေး ခပ်ဟဟပွင့်နေတဲ့ နုထွေးထွေး နှုတ်ခမ်းလွှာလေး တစ်စုံရယ်။ အတုအယောင်တွေဟာ တစ်ချိန်တစ်ခါက အစစ်ဖြစ်ခဲ့တယ်။
သူ့ရင်ထဲမှာ စစ်ခနဲ။
ဒါဟာ သူ့မင်းသားငယ်။ သူ့ပန်းပွင့်ပြာ မင်းသားငယ်ပဲ ဖြစ်တယ်။
ဈာန်ဝင်လွန်းနေတယ်ဆိုရင်တောင် အပီအပြင် သရုပ်ဆောင်ပြနေစရာမလိုတဲ့ ဇာတ်ရုပ်တစ်ခုပါလို့ ရွှေပြည်တန့်ကို လှုပ်နိုးပြောပြလိုက်ချင်တယ်။
မင်း ဖန်တီးနေတာ မင်းကိုယ်မင်းပါ။ ကိုယ့်မင်းသားငယ်ဟာ မင်းပါ ရွှေပြည်တန်။
ဘဝအဆက်ဆက် ဖန်လာတဲ့ ကိုယ်တို့ရေစက်တွေပေါ့။
မင်း မှတ်မိလာနိုင်ဦးမလား မင်းသားငယ်။ ဟိုးအရင်က ကိုယ်တို့အကြောင်းတွေ။ မင်း စံမွနျးခဲ့ဖူးတဲ့ နွဦေးကန်သာ စံအိမ်တော်နဲ့ မင်း လျှောက်လှမ်းခ့ဲတ့ဲ ကန်တော်သာ တံတားငယ်။ မင်း ပြောဖူးတဲ့ စကားတွေ၊ မင်း ပြုံးပြဖူးတဲ့ အပြုံးတွေ၊ ကိုယ့်အသည်းထဲ အခုထိ စွဲနေတဲ့ မင်းရဲ့စိုးရွံ့ကြောက်လန့်မှုတွေ။ နောက်ဆုံး ကိုယ့်ရှေ့မှာတင် ရုပ်ခန္ဓာကို စွန့်ခွာသွားတဲ့ မင်းရဲ့ရက်စက်နိုင်မှုတွေ။
မသိလိုက် မသိဘာသာဖြင့် ကျစ်ကျစ်ပါအောင် ဆုပ်ထားမိတဲ့ လက်သီးဆုပ်တွေအား နံရံဆီ ပစ်ထိုးပစ်လိုက်ချင်တယ်။ ရင်ဘတ်ကြီး ကွဲထွက်မတတ် အော်ဟစ်ပစ်လိုက်ချင်တယ်။
...ဘယ်ကိုမှ လှမ်းငေးမနေပါနဲ့.. မင်းရှေ့မှာ ကိုယ် ရောက်နေပါပြီလို့ ဖွင့်ဟဝန်ခံလိုက်ချင်တယ်.. ဖြစ်နိုင်ရင် မင်း ခွင့်လွှတ်နိုင်မယ်ဆိုရင်လေ ကိုယ်တို့ အစက ပြန်စချင်တယ်.. ဟိုးအရင် အပြာရောင် ပန်းပွင့်လေးဘဝက စလို့ ကိုယ်တို့ ချစ်ကြည့်ချင်တယ်.. ဖြစ်နိုင်မယ်ဆိုရင်ပေါ့ ပန်းပွင့်ပြာရယ်...
အခုချိန်မှာတော့ မတတ်သာတဲ့ အခြေအနေမို့ စိတ်ကို မနည်းချုပ်ထိန်းရင်း ရွှေပြည်တန့်ပုခုံးစွန်းဖျားလေးအား အသာအယာ လှမ်းထိကာ..
" ရွှေပြည်တန်.. အဆင်ပြေရဲ့လား.."
အသားကို တို့ထိခံလိုက်ရမှပဲ ရွှေပြည်တန်ဟာ အိမ်မက်ကနေ လန့်နိုးသွားသလို ဆတ်ခနဲ တစ်ကိုယ်လုံး လှုပ်ခါသွားပြီး ထွဋ်မြတ်အား မော့ကြည့်လို့လာသည်။ တွဲသီခိုနေလျှက်ရှိသော မျက်ရည်စများသည်လည်း ထိုအချိန်မှပင် တာတမံ ကျိုးပေါက်သကဲ့သို့ တသွင်သွင် ယိုဖိတ်စီးဆင်းလေပြီ။ ပန်းပွင့်ပြာသဏ္ဍာန် အသွင်ယူထားသော ရွှေပြည်တန်သည် ထွဋ်မြတ်ခြေရင်း၌ ပြားပြားဝပ်ရင်း သည်းလှိုက်အူလှိုက် ငိုကြွေးပါတော့သည်။
ထိုအချိန်အခိုက်အတန့်လေးအတွင်းမှာ ငိုကြွေးနေသူဟာ ရွှေပြည်တန်အသွင်ရှိ ပန်းပွင့်ပြာသာ ဖြစ်နေကြောင်း ထွဋ်မြတ်တစ်ယောက် သေချာသိရှိလိုက်ရသည်။
" အရှင်က မျက်နှာတော်ကိုတောင် မော်ဖူးခွင့်မပေးဘူး.. မော်ဖူးခွင့်မပေးတော့ဘူး.."
ရှိုက်ငိုနေရင်း တတွတ်တွတ် ရေရွတ်နေသည်မို့ ဘေးလူများက ရွှေပြည်တန် မုဒ်ဝင်ရင်း ဘာထဖြစ်လို့ ဘာပြောနေမှန်း နားမလည်ကြသော်ငြား အနီးကပ်ရှိနေသည့် ထွဋ်မြတ်ကတော့ စကားနှင့်အတူ နာကျင်ဝမ်းနည်းမှုတွေကိုပါ ထပ်တူ ခံစားလိုက်မိသည်။ ရွှေပြည်တန် သို့တည်းမဟုတ် ပန်းပွင့်ပြာ၏ ပုခုံးစွန်းနှစ်ဖက်အား ဆုပ်ကိုင်ထားရင်း သူနှင့်အတူ လိုက်မငိုမိရန်ကိုပင် အံကြိတ်ထိန်းနေရသည်။
" အရှင်က ကျောခိုင်းလို့ မျက်နှာတော်လွှဲရက်လေတယ်.."
မသေမျိုး အမတခန္ဓာအား နောက်ဆုံးမစွန့်ခွာခင် ပန်းပွင့်ပြာမင်းသားက နဂါးအရှင် ဘုရင်မင်းမြတ်အား တိုင်တည်ပြောခဲ့တဲ့စကားများထဲမှ နောက်ဆုံးစကားတစ်ခွန်းဖြစ်သည်။ ပန်းပွင့်ပြာမင်းသား၏ အာရုံထဲ နောက်ဆုံးစွဲကျန်ရစ်ခဲ့သည့် မြင်ကွင်းသည်မှာလည်း နဂါးအရှင် ဘုရင်မင်းမြတ် ကျောခိုင်းထားတော်မူသော နောက်ကျောပြင် ရုပ်ပုံလွှာသည်သာ။
.....
ထိုနေ့ညက စံအိမ်တော် တံခါးအနား ပန်းပွင့်ပြာ တစ်ကိုယ်တည်း နဂါးအရှင်ကို ထိုင်စောင့်သည်။ မြူဆွယ်ဖျားယောင်းပါတယ်ဆိုပြီး စွပ်စွဲပြောဆိုကာ ထွက်သွားသူကိုမှ ပြန်လာလိမ့်မယ်အထင်ဖြင့် စောင့်ဆိုင်းနေမိခြင်းသည် မိမိကိုယ်ကို ညှင်းပန်းနှိပ်စက်မှုဖြစ်ကြောင်း ပန်းပွင့်ပြာလေးကတော့ မထင်မှတ်ယူရှာပေ။ ရှင်သန်ရာအဓိပ္ပါယ်သည် နဂါးအရှင်သာဖြစ်သည်ဟု ခံယူမွေးဖွားလာသူအဖို့ ဒီဝေဒနာဟာ ငရဲထက် ဆိုးပါစေဦး အဘယ်မှာ ရှောင်လွဲချင်စိတ် ရှိပါလိမ့်မလဲလေ။
ညဥ့်နက်သန်းခေါင်အထိ စောင့်နေပါသော်လည်း ချစ်သောနဂါးအရှင်၏ ခြေသံမျှပင်မကြားရ
အရိပ်မျှပင်မမြင်ရ။ ညဥ့်ကောင်းကင်ယံမှာ တိတ်ဆိတ်ငြိမ်သက်ခြင်းတို့ ကြီးစိုးလာကာ စံအိမ်အတွင်းရှိ အလင်းတိုင်ငယ်ဆီမှ အလင်းရောင်ခပ်မှိန်မှိန်ကလွဲလို့ ပတ်ဝန်းကျင်တစ်ခုလုံး အမှောင်ဖုံးလို့သွားသည်။ ပန်းပွင့်ပြာ၏ နွဦေးကန်သာ စံအိမ်တော်နှင့် နန်းတော်မြေသည် တဆက်တည်း မဟုတ်ပဲ ကန်တော်သာဖြင့် ပိုင်းခြားထားသောကြောင့် နန်းဆောင်များမှာလည်း အလှမ်းဝေးလှသည်။
တသီးတသန့်ကမ္ဘာထဲမှာ တစ်ယောက်တည်း ဖြစ်နေရသူ ပန်းပွင့်ပြာအဖို့ ပျင်းရိလာသည်မှာ မဆန်း။ အရှင့်အား လွမ်းဆွတ်တမ်းတစိတ်ကြောင့်လည်း သူ့မယ် အိပ်မပျော်နိုင်။ စံအိမ်တော်ထဲ ထိုင်နေရသည်မှာ စက္ကန့်နှင့်အမျှ အထီးကျန်ဆန်လာရတာမို့ ကန်လျှောက်တံတားလမ်းပေါ်သို့ အညောင်းပြေ လမ်းလျှောက်ထွက်လာခဲ့တော့သည်။
အေဝးရွိ နန်းဆောင်များဆီက အလင်းရောင်များဟာ သူ့စံအိမ်နှင့် ကန်တော်သာအထိ အလင်းပေးနိုင်စွမ်းမရှိပါ။ ကောင်းကင်မှ တဝက်သာ သာနေသည့် လမင်း၏ ခပ်မှိန်မှိန် လရောင်သာ တံတားငယ်ပေါ်သို့ ဝဲဖျာကျရောက်နေလေသည်။ အေးမြသော လရောင်သည်သော်လည်းကောင်း ညဥ့်လေညှင်း အေးအေးလေးသည်သော်လည်းကောင်း လွမ်းစိတ်၊ အထီးကျန်စိတ်ဖြင့် ပူလောင်နေရှာသော ပန်းပွင့်ကလေး၏ ရင်ထဲထိ တိုးဝင်ခြင်း တိုက်ခတ်ခြင်းအား မစွမ်းနိုင်သာ။
...အရှင်က တိုင်းပြည်တစ်ခုလုံးအတွက် စီမံအုပ်ချုပ်နေရတဲ့ ဘုရင်တစ်ပါးလေ.. ငါနဲ့ အချိန်ပြည့် အတူရှိနေဖို့တော့ ဘယ်ဖြစ်နိုင်ပါ့မလဲ.. အရှင့်မှာ မိဖုရားတွေ တပြုံကြီးနဲ့ အခြွေအရံ အသင်းအပင်းတွေ၊ အရှင့်အလိုကျ ခစားပြီး အလုပ်အကျွေးပြုမယ့်သူတွေ ဒီလောက်ပေါများနေတာ ငါ့ကို သတိမရတာ ဖြစ်နိုင်ပါတယ်...
အတွေးတို့နဲ့အတူ သက်ပြင်းတစ်ချက် ရှိုက်ထုတ်လိုက်မိသည်။
မပီပြင် ဝိုးတဝါး လရောင်အောက်ရှိ ကန်တော်သာ ရေပြင်သည် ပကတိ တည်ငြိမ်အေးချမ်းနေသည်။ ထိုငြိမ်သက်နေသော ရေပြင်အထက်ဝယ် ဖြူနီဝါညိုခရမ်းတို့ဖြင့် အရောင်အသွေးစုံလင်လှသော ကြာပန်းများလည်း တင့်တင့်တယ်တယ် လှပနေကြသည်။ ပန်းပွင့်ပြာဟာ အနှီပွင့်ဖူးလှပနေသည့် ကြာပန်းများအား မနာလိုမရှုစိမ့်စွာ မျက်စောင်းလှလှလေး ထိုးကာ အလိုမကျခြင်းများ စုပုံပေးပစ်လိုက်သည်။
သူ့နဂါးအရှင်က ရဲရင့်တက်ကြွတဲ့ အနီရောင်တို့၊ မဟာဆန်တဲ့ ခရမ်းရောင်တို့ကို နှစ်သက်သဘောကျတော်မူတာလေ။ သူ့ကို ရတုန်းကတောင် ပူဆွေးဝမ်းနည်းစေတဲ့ အပြာဆိုပြီး မြေပေါ်ကို လွှင့်ပစ်ခဲ့သေးတာမလား။
ပန်းပွင့်ပြာ ခေါင်းကို အသာခါယမ်းလိုက်မိတော့သည်။
ချစ်ရတဲ့သူကို လွမ်းနေတဲ့ သူအဖို့ ခေါင်းထဲရောက်လာတဲ့ အတွေးတိုင်းက ဝမ်းနည်းစရာတွေချည်း ဖြစ်နေပါရောလား။ တမြေတည်း တမိုးအောက်တည်း အတူတူရှိနေပါတယ်ဆိုတာလောက်နဲ့ မလုံလောက်တော့ဘူး။ အသံလေးကြားရမှ၊ မျက်နှာလေးမြင်ရမှ ဒီဝေဒနာတွေ သက်သာနိုင်မယ်ထင်ရဲ့။
လွမ်းစိတ်တို့ ပြေပျောက်လို့ ပြေပျောက်ငြား လမင်းကြီးအား မော့ကြည့်မိတော့ အရှင့်မျက်နှာတော် ခပ်တင်းတင်းသာ မြင်ယောင်မိသည်။ ညဥ့်လေပြည်ထဲ အရှင့်အသံသဲ့သဲ့များ ပါလာလေမလား နားစိုက်ထောင်မိသည်။ ဆက်သွားရင်လည်း နန်းတော်မြေဆီ ခြေချမိတော့မည်။ ခြေချမိလျှင် အရှင့်အား သူ သွားရှာမိလိမ့်မည်။
...မဖြစ်ဘူး၊ မဖြစ်ဘူး.. အရှင်က အလုပ်ရှုပ်နေတာ ငါ သွားရှာလိုက်ရင် စိတ်အနှောက်အယှက် ဖြစ်နေပါလိမ့်မယ်...
ပန်းပွင့်ပြာသည် ကန်လယ်အနားရောက်ပြီးကာမှ စံအိမ်တော်ဘက်ဆီသို့ လှည့်ပြန်ဖို့ ဆုံးဖြတ်လိုက်သည်။ ခြေဦးသည် စံအိမ်တော်ဘက်အလှည့် မသိစိတ်ထဲမှာတော့ အရှင်ရှိရာ နန်းတော်ဆီသို့ ပြေးသွားနှင့်လေပြီ။ ရုပ်ခန္ဓာကတော့ အရှင်ထားရာ နေခဲ့ရသည်ပေ။
ထိုစဉ် ငြိမ်သက်နေသည့် ကန်ရေပြင်ထက် ပွက်ခနဲ ရေထပွက်သံ ကြားလိုက်ရသည်။ ပန်းပွင့်ပြာ၏ စိတ်အလျဉ်သည် ချက်ချင်းပင် ထိုရေပွက်ရာသို့ အာရုံစိုက်မိသွားသည်။ တိတ်ဆိတ်သောညဥ့်အချိန်ဝယ် တည်ငြိမ်သောကန်ရေပြင်မှ ပွက်ခနဲ အသံများသည် ဆက်တိုက်ဆိုသလို ထွက်ပေါ်လာတော့သည်။ ရေပွက်သံအတိုင်း လိုက်ကြည့်နေသည့် ပန်းပွင့်ပြာပင် ခေါင်းမူးလိုက်တာဟု ခံစားလာရ၏။
သူ သေသေချာချာ အာရုံစိုက်ကြည့်တော့မှ ထိုရေပွက်သံပိုင်ရှင်လေးများသည် ကန်တော်သာထဲ၌ ရှင်သန်ကူးခတ်နေကြသည့် ရွှေရောင်ငါးကလေးများပင် ဖြစ်ကြောင်း သိလိုက်ရတော့သည်။ ရေမျက်နှာပြင်ပေါ်သို့ နှုတ်သီးလေးဖော်ကာ လေရှူကြဟန်တူသည်။
အရှင့်အား လွမ်းဆွတ်တမ်းတနေသူ သူ့အား တမင်ပင် အဖော်လာလုပ်ပေးကြသလား။
လျှောက်လမ်းတံတားပေါ်မှ ငုံ့ကြည့်ရင်း အားမရနိုင်စွာ တံတားပေါ်သို့ ထိုင်ချလိုက်ပြီး ခြေထောက်များကိုပါ ကန်ရေထဲ စိမ်ထားလိုက်တော့သည်။ ကန်ရေအေးအေးက ပန်းပွင့်ပြာအတွက် စိတ်ငြိမ်ဆေးသဖွယ်။ ထိတွေ့နေသော ခြေဖျားမှတဆင့် တစ်ကိုယ်လုံးရှိ အကြောပေါင်းများစွာထဲသို့ စီးဆင်းသွားနေသလိုပင်။ အေးအေးမြမြ အရသာကို ခံစားကာ ငြိမ်ငြိမ်လေး မလှုပ်မရှက် ထိုင်နေမိ၏။ ခုနက တပွက်ပွက်လုပ်နေသည့် ရွှေရောင်ငါးလေးများကတော့ သူတို့ပိုင်နက်ထဲရှိ ခြေချောင်းသွယ်သွယ်လေးများအား အနီးကပ် ရှုစားနေကြသည်။
မြင်ယောင်ကြည့်စမ်းပါ။
ခပ်ဖျော့ဖျော့ လရောင်ဟာ လက်ရာဆန်းပြားစွာ တည်ဆောက်ထားတဲ့ စံအိမ်တော်နှင့်တကွ ကန်တော်သာ ရေမျက်နှာပြင်ပေါ် ဖြာကျလို့နေစဉ်မယ် သစ်သားလျှောက်လမ်းတံတားလေး အလယ်မှာ လူမက နတ်တမျှ လှပသော ယောကျာ်းငယ်တစ်ဦး ကန်ရေထဲသို့ ခြေအစုံ ဆင်းထိုင်နေသည့် မြင်ကွင်း။ ထိုယောကျာ်းငယ်ဟာ မျက်နှာကိုမော့လို့ လမင်းဆီ ရှုစားတဲ့အခါ အပြာရောင်ခြယ် မျက်ဝန်းအစုံတို့ တလဲ့လဲ့။ ထုံးနှောင်ထားသည့် ဆံနွယ်ဖြူတို့ကို လွတ်လပ်စေရန်အလို့ငှာ ဖြေချတဲ့အခါ ညဥ့်ကမ္ဘာဟာ ထိုယောကျာ်း၏အဆင်းသဏ္ဍာန်ဖြင့်ပင် လင်းချေပြီ။
နဂါးအရှင် ဘုရင်မင်းမြတ်မှာ စာကြည့်ဆောင်ကအပြန် စက်တော်ဆောင်ဆီ ကြွမြန်းရင်း လောလောလတ်လတ် ရရှိထားတဲ့ ကောင်းချီးရတနာ လူသားလေးအား ဖျတ်ခနဲ သတိရစိတ်ဝင်လာသည်မို့ နွဦေးကန်သာ စံအိမ်တော်သို့ လှမ်း၍အလာ အထက်ပါမြင်ကွင်းအား မြင်တွေ့လိုက်ရသည်။ နန်းတော်တွင်းထဲ ဆူညံသွားအောင် ပြသနာရှာထားခဲ့သော၊ မိဖုရားခေါင်ကြီးအား အရိုအသေမပေးနိုင်ဟု ငြင်းဆိုခဲ့သော အရိုင်းအစိုင်းက မည်သူနည်း။
အရှင်ကလွဲရင် အခြားတပါးသူအား ဒူးထောက်မခစားနိုင်ပါလို့ ယတိပြတ် ငြင်းခဲ့စဉ် သူ့စကားလေးပြန်ကြားယောင် ပြီး ပြုံးလိုက်မိရင်း ပန်းချီကားတစ်ချပ်အလား သက်ဝင်လှပနေသည့် ဒီအခိုက်အတန့်လေးမှ ခွာမရချေ။
ရာဇဣန္ဒကြောင့် အမြဲလိုလို ခပ်တင်းတင်း မျက်နှာထားဖြင့် မော်ထားချီထားရပါသော်လည်း ရှင်ဘုရင်လည်း လူသားစင်စစ်ပေ။ ခေါင်းထဲမှာ အချိန်ပြည့် ပြည့်နှက်နေရသည်က တိုင်းပြည့်အရေး ပြည်သူ့အရေး။ ဘယ်လိုသော အချိန်အခါမျိုးမဆို စိတ်ကို အတည်ငြိမ်ဆုံးထားတတ်ဖို့ အပြင်းအထန် ကြိုးစားနေထိုင်နေရသူအဖို့ မိနစ်ဝက်မျှ လိုလိုလားလား ပေါ့ပေါ့ပါးပါး ပြုံးနေခြင်းသည် အကြာဆုံး စံချိန်ပင် ဖြစ်လာတော့သည်။
" အိပ်ဆောင်ဝင်ရန် အချိန်လင့်နေပါပြီ ဘုရင်မင်းမြတ်.."
နောက်တော်ပါး ခပ်လှမ်းလှမ်းက အရပ်ပုပု ဝဖိုင့်ဖိုင့်ဟန်ရှိ အထိန်းတော်ကြီး၏အသံ။ ရှင်ဘုရင် ပျော်ဝင်ရာ အာရုံကိုလည်း မနှောင့်ယှက်လို။ သို့သော် မိမိမှာ တာဝန်အရမို့ တံတွေးကို အနိုင်နိုင် မြိုချရင်း လျှောက်တင်လိုက်ရတယ်။ သို့ပေသိ မတိုးလွန်း မကျယ်သာ ထိုအသံကို လက်နှစ်ဖက် နောက်ပစ်ပြီး ရှားရှားပါးပါး ညဥ့်ရှုခင်းသာအား စိမ်ပြေနပြေ ရှုစားနေသူမှာ မကြား။
...ငါလေးက ခေါင်းအပိုပါနေလို့ အသံမြှင့်ပြီး ထပ်လျှောက်တင်ရဲနေမယ်ထင်သလား ဟေ့အေး တော်ပဟ...
ပါးစပ်ကို အသာပိတ်ကာ နောက်သို့ ခြေနှစ်လှမ်းဆုတ်လိုက်ရတယ်။ တော်ကြာ အမျက်တော်ရှပြီး ဘာကိစ္စ သံတော်ဦး မတင်တာလဲလို့ ထမေးရင် ကျွန်တော်မျိုး လျှောက်တင်သံတိုးသွားတာကြောင့် အပြစ်ရှိကြောင်းပါဆို ပြီးပြီ။
...ပြောသားပဲ မင့်ဘာသာမကြားတာ မတတ်နိုင်ဘူးပေါ့...
အထိန်းတော်ကြီးတစ်ယောက် ကြိုတင်တွေးတောနေစဉ်မှာပဲ နဂါးအရှင်ရဲ့မျက်နှာတော်ဟာ မကြည်မလင်ဖြစ်လို့လာသည်။ နှုတ်ခမ်းစွန်းလေး ကွေးရုံ ပြုံးထားသည့် အပြုံးလည်း ပျောက်ကွယ်ကာ အေးစက်သွားပြီ။
အကြောင်းမူကား..
ခြေထောက်တွေ ရေစိမ်နေတဲ့ ပန်းပွင့်ပြာက ဘာစိတ်ကူးပေါက်တယ်ရယ်မသိ ပိုးသားဝတ်ရုံကို ဆွဲချွတ်ပြီး ခပ်ပါးပါး အတွင်းဝတ်ဖြင့် ကန်တော်သာထဲ ဆင်းချသွားသောကြောင့်ပင်။ ကန်တော်သာမှာ အတော်နက်သဖြင့် နဂါးအရှင် စိတ်ထဲထင့်ကာ ပြေးသွားမည်ပြုသော်လည်း ကျွမ်းကျင်စွာ ကူးခတ်နေသော ပန်းပွင့်ပြာကို မြင်လိုက်ရပြီး ကိုယ်ဟန်ကို အသာပြန်ရို့လိုက်ရသည်။
သဘောကျတော်မူနေသော ပုံရိပ်လေးပျောက်ကွယ်ပြီး ငါးတွေနဲ့အပြိုင် ရေဆင်းကူးနေတဲ့ ပန်းပွင့်ပြာကြောင့် နဂါးအရှင် မှာ ခေါင်းကိုအသာယမ်းရင်း အဆောင်တော် ပြန်ကြွဖို့ နောက်သို့လှည့်လိုက်လေတော့၏။
ထိုသို့ လှည့်လိုက်သောအခါ နဂါးအရှင်ရဲ့ မကြည်မလင်မျက်နှာတော်ဟာ မိုးကြိုးမုန်တိုင်းအပြည့်နှင့် ကောင်းကင်ကြီးသဖွယ် မဲမှောင်သည့်အဆင့်သို့ ရောက်ရှိသွားသည်။ သူ မြင်လိုက်ရသည်က အထိန်းတော်ကြီးနှင့်တကွ နောက်တော်ပါးက အခြွေအရံတွေ ရဲမက်တွေအားလုံးဟာ ရှင်ဘုရင်နှင့်အပြိုင် ညခင်းရဲ့ ဇာတ်ဆောင် ပန်းပွင့်ပြာလေးဆီ ရီဝေဝေ မျက်လုံးများဖြင့် တမေ့တမော ပြိုင်တူ ငေးကြည့်နေကြသတဲ့။
မငေးနေနိုင်ရိုးလား.. ကြည့်စမ်းပါအုံး..
အဝေးက လှမ်းမြင်ရတာတောင် နုအိနေတဲ့ ပုခုံးသားလေးတွေက ရေစိုအဝတ်ပါးအောက်မှာ ထင်းလို့။ လည်တိုင်ပျော့ပျော့ ကျော့ကျော့ရှင်းရှင်းမှာ လည်ဇလုပ်ဖုလေးဟာ အလှတစ်မျိုး။ ပြေပြေပြစ်ပြစ် ခါးသွယ်သွယ်က ပန်းရိုးတံလေးလို ရေနဲ့အတူ လှုပ်လီလှုပ်လဲ့။ မမြင်ရတဲ့အောက်ပိုင်းအလှဆိုရင်..
" အတင့်ရဲလှချည်လား.. အားလုံး မျက်နှာလွှဲကြစမ်း "
ဟော... မိုးကြိုးတော့ ပစ်ကုန်ပြီ..
" အကုန်ဒီမှာနေခဲ့.. ထပ်ပင့်ကြည့်ရဲ ကြည့်ကြည့်စမ်း.. တစ်သက်လုံး မျက်လုံးဟောက်ပက်နဲ့ နေသွားရမယ် မှတ်.."
မိုးကြိုးဆိုတာမျိုးက စက်ကွင်းမလွတ်ရင် အကုန်ပစ်သတဲ့။ ဒီဒေါသစက်ကွင်းကြီးထဲ ဘယ်သူအရင်မိမလဲ။ အခုမှ အသိတရားဝင်လာသော အကြည့်သရဲတစ်သိုက်တို့မှာ မြေကသိုဏ်းရှုရင်း ကြောက်ဒူးတုန်နေလေပြီ။ မိုးကြိုးမျက်နှာ ပိုင်ရှင်ကတော့ ခြေလှမ်းကျဲကြီးများ လှမ်းကာ အနှီမြူဆွယ်ဖျားယောင်းတတ်သော လူတစ်ပိုင်း နတ်တစ်ပိုင်းဆီ။
" အခုချက်ချင်း တက်ခဲ့စမ်း.."
နဂါးအရှင်ရဲ့ အသံခပ်ကြမ်းကြမ်းကြောင့် ပန်းပွင့်ပြာမှာ အလန့်တကြား ဖြစ်သွားရကာ အလိုလိုနေရင်း ကြောက်စိတ်ဝင်လာသည်။ နဂါးအရှင်ရှိရာဆီ အလျင်အမြန် ကူးလာပြီး အပေါ်သို့ လှမ်းတက် မတ်တပ်ရပ်လိုက်သည်မို့ ရေစိုအတွင်းဝတ်ပါးပါးဟာ ခန္ဓာကိုယ်ကောက်ကြောင်းအတိုင်း တသားတည်းဖြစ်သွားတော့သည်။ ပျော့ပျောင်းသည်ဟု မဆိုသာသော်လည်း ကျစ်လစ်သွယ်လျနေသည့် ပေါင်တံသွယ်တွေက ပြည့်တင်းတင်း တင်ပါးနှင့် အလွန်ကို ပနံသင့်လှသည်။ နဂါးအရှင်သည် ပန်းတစ်ပွင့်၏ ရေစိုအလှကြောင့် မှင်သက်သွားရရင်း မျက်နှာတော် နီမြန်းလျက်ပင် ဟိုနားတစ်သိုက်က ဘယ်သူများ မျက်လုံးဟောက်ပက်ဖြစ်ချင်နေသလဲဆိုတာ လှမ်းကြည့်ဖို့ရန်လည်း မမေ့လျော့ချေ။
ထိုအချိန်တွင် ထိုမျက်စိသရမ်းသူတစ်စုက အလုအယှက် လျှောက်တင်ချင်နေကြသည်။
..နဂါးအရှင်.. ဒီမြေပြင်မှာ ကျောက်စရစ်ခဲလေး ၆၈၉ ခဲရှိကြောင်းပါ..
....
" မင်း မရှက်ဘူးလား.. အဆောင်ထဲမှာလည်း ရေချိုးဖို့ လုပ်ပေးထားရဲ့နဲ့ လူမြင်ကွင်းမှာ မတော်မလျော်ပုံစံ လုပ်နေတာ.. နောက်တစ်ခါ အဲ့လိုတွေလုပ်ရင် မင်းကို အပြစ်ပေးမယ် ကြားလား.."
..ဟင်.. ငါ ဘယ်နားမှာများ မတော်မလျော်လုပ်မိသွားတာလဲ.. လူမြင်ကွင်းဆိုတာကရော ဘာလဲ.. ညဥ့်နက်သန်းခေါင်ကြီးလေ.. ငါတော့ လူတစ်ယောက်မှကို မတွေ့တာပါနော်..
ပန်းပွင့်ပြာမှာ စောဒကလည်း ပြန်မတက်ရဲတာကြောင့် ခေါင်းကိုသာ ငြိမ့်ပြလိုက်ရတယ်။ အတွင်းဝတ် ရေစက်လက်နဲ့ သူ အဝတ်တောင်မလဲရသေး။ ပုခုံးပေါ်မှာတော့ သူ ရေကန်ထဲက တက်တက်လာချင်း အရှင် လွှားခြုံပေးထားတဲ့ နဂါးဝတ်ရုံတော်။ အရှင့်ဝတ်ရုံ ရေစိုသွားမှာစိုးလို့ ကပျာကယာပင် ချွတ်လိုက်ပြီး အရှင့်ဆီ တရိုတသေ ကမ်းပေးတော့ အရှင်က ဆတ်ခနဲ ဆောင့်ဆွဲယူသွားတယ်။
" အနေအထိုင်ကို မတတ်ဘူး.."
နဂါးအရှင် ဘုရင်မင်းမြတ်ရဲ့ မှတ်ချက်ချသံ။
အရှင်နဲ့ တွေ့ရတဲ့အခေါက်တိုင်း အဆူခံ အငေါက်ခံနေရတာမို့ ပန်းပွင့်ပြာခမျာ ရုတ်တရတ် ရင်ထဲ ဝမ်းနည်းစိတ်ဝင်လာတာပေါ့။ ဘယ်သူ့ကို လွမ်းနေရတဲ့စိတ်ကြောင့် သူ အိပ်မပျော်နိုင် ဖြစ်ရတာလဲ။ ဘယ်သူ့ကို တွေ့ချင်လွန်းလို့ သူ ပြေးလာမတတ် ဖြစ်နေရတာလဲ။ အကြိမ်ကြိမ် ကိုယ့်စိတ်ကို ဖြေပြီး လွမ်းစိတ်ကို မြိုသိပ်ကြိတ်မှိတ်နေရတာတွေ ဘယ်သူမသိတာလဲ။ တခါလောက်လေး ချိုချိုသာသာ ပြောလိုက်တော့ရော ဘာဖြစ်သွားမှာမို့လို့လဲ။
..တကယ်ကို ဝမ်းနည်းရတယ်..
" မင်း ငိုတော့မလို့လား.."
မျက်ရည်အဝိုင်းသားနဲ့ မော့ကြည့်လာတဲ့အခါ နဂါးအရှင်လည်း နည်းနည်းတော့ စိတ်မကောင်းဖြစ်မိသွားဟန်ဖြင့်..
" လုပ်ချင်တာလုပ်ပြီး ငိုဖို့ပဲ တတ်တာလား မင်းက.."
အရှင့်လေသံက ခုနကထပ် ပျော့သွားသည်မို့ သူ အတင့်ရဲပြီး ခပ်တိုးတိုး ပြန်ပြောလိုက်တယ်။
" ဒီအတိုင်းလေး ရေဆင်းကူးလိုက်မိတာကို အရှင်က ဆူတယ်.."
ဆူအောင့်တယ်လို့ မပြောသာသည့် အသံညှောင်နှာနှာလေးကြောင့် နဂါးအရှင်ရဲ့ မျက်နှာဝယ် မသိမသာ ပေါ်လာသည့် ရယ်ရွှင်မြူးဟန်။
..ဟုတ်ပေသားပဲ.. သူ့ဘာသာသူ ရေကူးနေတာကို ရောက်ချလာပြီး ဆူငေါက်ခံလိုက်ရလို့ ဝမ်းနည်းရှာမှာပေါ့..
" အနားတိုးခဲ့.."
ခွင့်ပေးတော်မူသည်နှင့်တပြိုင်နက် ပန်းပွင့်ပြာတစ်ယောက် အရှင့်အနားသို့ တိုးကပ်သွားပြီး နည်းနည်းလေး ထပ်အတင့်ရဲစွာ အရှင့်ဒူးတစ်ဖက်ပေါ်သို့ ခေါင်းတင်ကာ မှီထားလိုက်ရင်း..
" အရှင့်ကိုစောင့်နေရင်း လွမ်းလွန်းလို့ အိပ်မပျော်နေတာ.. အလုပ်တွေ အရမ်းရှုပ်နေတာလားဟင်.."
" ငါ ပြောပြီးသားလေ.. မင်းဆီမှာ အမြဲရှိနေဖို့ မမျှော်လင့်ထားပါနဲ့ဆို.."
အရှင့်အသံက ပုံမှန်အခြေအနေ ဖြစ်သွားပြီမို့ ပန်းပွင့်ပြာလည်း စိတ်ထဲထိန်းထားမနေတော့ပဲ သူ ဖြစ်ချင်တာကို ထုတ်ပြောဖို့ ဆုံးဖြတ်လိုက်တယ်။
" ဒါဆို ကျွန်တော်မျိုးကပဲ အရှင့်ဆီ လာခဲ့မယ်လေ.. အရှင့်အနားမှာ လာနေပြီး အလုပ်တွေ ကူလုပ်ပေးမယ်လေ.."
ရှင်ဘုရင်၏ ခပ်ဟဟ လှောင်ရယ်သံလေးက အဆောင်တော်အတွင်း ပျံ့နှံ့သွားသည်။ အပြင်က မြေကသိုဏ်းရှုနေသူတစ်သိုက်သာကြားလျှင် ကန်တော်သာထဲက တက်လာသည့် ပန်းပွင့်ပြာကို နဂါးဝတ်ရုံတော်ချွတ်ကာ လွှားခြုံပေးပြီး စံအိမ်တော်ထဲ ဆောင့်ဆွဲခေါ်သွားတုန်းက မုန်တိုင်းပြင်းထန်မယ့် လက္ခဏာနဲ့ပါဟု ဝေခွဲရခက်နေကြလိမ့်မည်။ သူတို့နဂါးအရှင်တော့ ခုတစ်မျိုး တော်ကြာတစ်မျိုးနှင့် အပြောင်းအလဲ မြန်တတ်နေပြီပဲဟု တွေးကာ ခံရခက်စွာ နာကျင်ကြလိမ့်မည်။
အဆောင်တော်အတွင်းမှာတော့ ပန်းပွင့်ပြာလေးခမျာ မျက်နှာတော်ကြည်ရွှင်ကာ ရယ်နေသည့် အရှင့်မျက်နှာတော်အား မော်ဖူးရင်း အသက်ရှူရပ်မတတ် ရင်ခုန်နေရပြီ။ နဂါးအရှင်က သူ့စကားကို သဘောမတူမှာစိုးထိတ်၍ သေချာအောင် ထပ်ပြောလိုက်ဖို့လည်း မမေ့ပေ။
" အရှင် မအားလို့ လာမခေါ်အားလည်း ကျွန်တော်မျိုးက ကိုယ့်ဘာသာကို ရောက်အောင်လာမယ်လေ.."
" ငါကိုယ်တော့်နန်းတော်က အကျယ်ကြီး.. မင်း လမ်းပျောက်နေမှာပေါ့.. ပြီးတော့ မင်းက ဒီလိုပုံစံနဲ့ ဘာများလုပ်တတ်မှာလဲ.. မင်းကိုယ်မင်းလည်း ပြန်ကြည့်စမ်းပါအုံး ပြာငယ်ရယ်.."
..ပြာငယ်.. ပြာငယ်တဲ့လား.. အရှင်က ငါ့ကို ပြာငယ်လို့ ခေါ်လိုက်တာလား.. နောက်ဆုံးတော့ အရှင်က ငါ့ကို လက်ခံလိုက်ပြီလား..
အချစ်ခိုးများမွှန်ပြီဆိုလျှင် ကိုယ့်ကိုအထင်အမြင်သေးစွာ ပြောဆိုနေသည်ကိုလည်း မမြင် မကြားတော့ပေ။
" ပြာငယ်က တခြားဟာတွေ မစွမ်းဆောင်နိုင်ရင်တောင် အရှင့်အတွက် ရေပူရေချမ်း ဆက်သပေးနိုင်ပါတယ်.. အရှင့်အနားမှာ အဖော်ပြုပေးပြီး ဘာမဆို အကုန်လုပ်ပေးချင်တယ်.."
ခြေတော်ရင်းမှာ ဒူးတုပ်ထိုင်နေရင်း သူ့ဒူးတစ်ဖက်ပေါ် မေးတင်ကာ လေးလေးနက်နက် ပြောနေသည့် ပန်းပွင့်ပြာအား နဂါးအရှင် ငုံ့ကြည့်လာသည်။ မျက်ဆံနက်တို့သည် ဒီတစ်ခါတော့ အနည်းငယ် နူးညံ့နေဟန် ရှိသည်။ ထိုအပြာရောင် မျက်ဝန်းတစ်စုံအား စိုက်ကြည့်နေခြင်းဟာ နဂါးအရှင်၏ ဘဝတစ်သက်တာအတွက် အခြားတစ်ပါးသူနှင့် အကြည့်ဆုံချိန် အကြာဆုံးအခိုက်အတန့် ဖြစ်သွားပြန်သည်။ ငြိမ်သက်ခြင်းသည် အနည်းငယ် ထူးထူးဆန်းဆန်းဖြစ်လာမှ နဂါးအရှင်က အကြည့်တို့ကိုလွှဲကာ စကားဆိုလာသည်။
" တော်ပြီ.. မရှုပ်ရဘူး.. စံအိမ်တော်မှာပဲ ကောင်းကောင်းနေရမယ်.. ရေစိုအဝတ်တွေလဲပြီး အိပ်တော့.. မနက်ဖြန် ညီလာခံတက်ရမယ်.. အထိန်းတော်ကြီး လာခေါ်လိမ့်မယ် ဟုတ်ပြီလား.."
ပြောပြောဆိုဆိုဖြင့် နဂါးအရှင် မတ်တပ်ရပ်တော့ ပန်းပွင့်ပြာက ခြေသလုံးအား ဆွဲဖက်ရင်း ပြောသည်။
" မသွားပါနဲ့အုံး.."
" မဆိုးနဲ့.. ဖယ်.."
အစကတော့ ခြေကန်ဆွဲထားသော်လည်း ရုန်းထွက်နေသူမှာ ဒေါသထွက်လာဟန်ရှိသည်မို့ ပန်းပွင့်ပြာ ထပ်ပြီး သတ္တိမကောင်းရဲတော့သဖြင့် အလျော့ပေးလိုက်ရသည်။ ထိုသို့ အတင်းဆွဲထားရာကနေ ရုတ်တရက် လက်လွတ်လိုက်တာကြောင့် နဂါးအရှင်ခမျာ ဟန်ချက်ပျက်ကာ ရာဇဣန္ဒပျြေက်လောက်အောင် ဗိုင်းခနဲ လဲကျသွားလေတော့သည်။
ပိုးကောင်တချို့၏ အော်မြည်သံကလွဲလို့ တိတ်ဆိတ်နေသည့် ညဥ့်အချိန်၌ ထိုဗိုင်းခနဲ ပြုတ်ကျသံဟာ အပြင်က မြေကသိုဏ်းရှုနေသူတစ်သိုက်၏ နားစည်သို့ ခပ်သဲ့သဲ့ ရိုက်ခတ်ချေပြီ။
" အလို.. ဘာများဖြစ်ကုန်ကြတာပါလိမ့်နော်.."
" တို့အရှင် ဒေါသထွက်လွန်းလို့ ဟိုပန်းပွင့်ကောင်လေးကို ရိုက်နေတာများလား.."
" ကန်တော်သာထဲ ရေလေးဆင်းကူးမိရုံနဲ့ကို တို့အရှင်က ဘာများစိတ်ပေါက်သွားတာပါလိမ့်.."
တီတိုးတီတိုး သဖန်းပိုးအသံများနဲ့အတူ လူတွေလည်း လှုပ်စိလှုပ်စိ ဖြစ်လာကာ မြေကသိုဏ်းကျင့်စဉ်ကိုလည်း ဆက်မကျင့်နိုင်ကြပေ။ စံအိမ်တော်တံခါးဝဆီသို့ မျှော်ကြည့်နေကြရင်း ဘာအသံများဆက်ကြားရလေမလဲလို့ နားစွင့်နေကြသည်။
ထိုစဉ် ဝုန်းခနဲ အသံ။ ထိုအသံသည် စံအိမ်တော်တံခါးဆီမှဖြစ်ပြီး တစ်စုံတစ်ယောက်က ကန်ဖွင့်လိုက်ခြင်းကြောင့်ဖြစ်သည်။ အနှီတစ်စုံတစ်ယောက်ကတော့ အဆောင်ထဲ နှစ်ယောက်ရှိသည့်အနက် သေချာပေါက် သူတို့နဂါးအရှင်ပဲပေါ့။
နဂါးဝတ်ရုံတော်တလွှားလွှားဖြင့် အဆောင်တော်တံခါးအဝကနေ ကန်လယ်လျှောက်တံတားပေါ် ဖြတ်လျှောက်တော်မူလာနေပြီ။
" မျက်နှာတော်လည်း နီမြန်းလို့ပါလား.."
" ဝင်သွားတုန်းကထက် အခြေအနေပိုဆိုးတာပဲ.."
" ဟိုပန်းပွင့်ကောင်လေးအဖြစ်တော့ မတွေးရဲစရာပဲ.."
ထိုအကြောက်အလန့်မရှိနေသူများအား အထိန်းတော်ကြီးမှ အံကြိတ်သံဖြင့် သတိပေးလိုက်ရတော့သည်။
" မျက်လုံးဟောက်ပက်.. မျက်လုံးဟောက်ပက်.."
.....
Thanks for reading,
To be continue 💙