အပိုင်း (၁၄)
ဟင်နရီသည် ပုလ္လင်ထက်မှ မျက်နှာထား ခပ်တင်းတင်းဖြစ်နေသည့် နဂါးအရှင်အားလည်းကောင်း၊ မယုံသင်္ကါဖြင့် ငုံ့ကြည့်နေသော မျက်လုံးများအားလည်းကောင်း မသိကျိုးနွံပြုကာ နေမာရီ၏ ဓလေ့အတိုင်း ခါးညွှတ်ပြီး အရိုအသေပေးလိုက်သည်။
" ကျန်းခံ့သာလို့ မာပါရဲ့လား နဂါးအရှင် ဘုရင်မင်းမြတ်.. ဖခမည်းတော်က နဂါးအရှင့်ဆီ နှုတ်ခွန်းဆက်ကြောင်း အမှာပါးလိုက်ပါရဲ့.."
" နေမာရီရဲ့ အိမ်ရှေ့စံက ငါကိုယ်တော် ကြားထားတဲ့သတင်းတွေနဲ့မတူ တမူထူးနေပါရော့လား.."
နဂါးအရှင်သည် အကြည့်စူးစူးများအား မလွှဲဖယ်ပဲ ဆက်ပြောသည်။
" ရေတပ်စစ်သူကြီးတဖြစ်လဲ အိမ်ရှေ့စံကိုယ်တော်က ရေဘီလူးသဖွယ် ကြောက်မက်ဖွယ်လိလိ ခွန်အားကြီးမားပြီး တောင့်တင်းခိုင်မာလှပေတယ်လို့ ပြည်သူတွေကြား သတင်းရှိနေတာ.. အခု လူကိုမြင်ရတော့မှပဲ ကိုယ်ဟန်ပျော့ပျောင်းကာ ရုပ်ဆင်းရူပကာတင့်တယ်ပေသားကိုး.."
နဂါးအရှင်၏ တဲ့တိုးဆန်လွန်းသည့် မှတ်ချက်ကြောင့် ဟင်နရီရဲ့မျက်နှာထက်ဝယ် မူပိုင်ပြုံးစစ အမူအရာပေါ်လာပြီး ရယ်သွေးရွှမ်းသောအသံဖြင့် ပြန်ဖြေလိုက်သည်။
" လျှောက်တင်ပါတယ် ဘုရင်မင်းမြတ်.. အရှင် ကြားထားတာရော မြင်နေရတာရောက မလွဲမှားပါဘူး.. နေမာရီရဲ့အိမ်ရှေ့စံဟင်နရီဟာ ခွန်အားဗလကြီးမားသလို ရုပ်အဆင်းလည်း ကြည့်ပျော်ရှုပျော်ရှိပါရဲ့.. သို့ပေသိ ဒဏ္ဍရာရဲ့နဂါးအရှင်ကိုဖြင့် မှီမယ်မထင့်.. ဒဏ္ဍရာဟာ တိုင်းပြည်နဲ့ ရှင်ဘုရင် လိုက်ဖက်ညီစွာ လှပခံ့ညားပါ၏ နဂါးအရှင်.. ရွက်ကြိုးကိုင် လှိုင်းစီးရင်း ပင်လယ်ထဲအနေများသူ ဒီလူ့အဖို့ မျက်စိကျယ်နားကျယ် ဖြစ်ရပါတယ်.."
" ငါကိုယ်တော်ရဲ့ ဒဏ္ဍရာက ပင်လယ်ပြင်ကြီးထက် ပိုလှသတဲ့လား အိမ်ရှေ့စံဟင်နရီ.."
" ရွက်တဆုံးလွှင့်ရင်း ရှုရှိုက်ခဲ့ရတဲ့ ဆားနံ့သင်းသင်း ပင်လယ်လေဟာ အနားသပ်မရှိတဲ့ လွတ်လပ်ခြင်းတွေနဲ့ထပ်တူ.. ငြိမ်သက်ရင်းစွဲကနေ တဝုန်းဝုန်း ထကြွတတ်တဲ့ ပင်လယ်ရေဟာ အစွမ်းကုန် ရူးမိုက်မှုတွေနဲ့ထပ်တူ.. ဒီလေ ဒီရေနဲ့အတူ နေမာရီဟာလည်း ကြံ့ကြံ့ခံ ရှင်သန်လာတယ်.. ပင်လယ်ဟာ နေမာရီရဲ့အင်အား ခွန်အားဖြစ်သလို ပင်လယ်ဟာ နေမာရီရဲ့ တည်ရှိမှုပဲဖြစ်တယ်.. ပင်လယ်နှင့်ဆန့်ကျင်စွာ နဂါးအရှင်ရဲ့ ဒဏ္ဍရာက လေပြည်တွေ အေးတဲ့အရပ်.. နေရောင်ခြည်တွေ နွေးတဲ့အရပ်.. ငှက်တွေရဲ့ တေးဆိုသီသံနဲ့အတူ.. ပန်းတွေရဲ့ မွှေးပျံ့တဲ့ရနံ့နဲ့အတူ.. ပြီးပြည့်စုံသော ထည်ဝါမှုတွေရယ်လို့ ခံစားသက်ဝင်မိပါရဲ့ နဂါးအရှင်.. လှပပါပေတယ်.."