19 (Z)

33 1 0
                                    

အပိုင်း ( ၁၉ )

ထိုရိုက်ချက်ခပ်ပြင်းပြင်းကြောင့် တော်ဝင်ပြာ ပန်းတစ်ပွင့်မင်းသား၏ ဆံထုံးပေါ်သို့ ရောက်လုရောက်ခင်ရှိ ငွေမှင်ရောင် ပုလဲဆံထိုးမှာ မြေသို့ခရရှာ၏။ မင်းသားဟင်နရီသည် အနှီရိုင်းစိုင်းသော လက်ပိုင်ရှင်အား လှည့်ကြည့်လိုက်စဉ် မီးတောက်မီးညွှန့်များ ထတောက်မတတ် ဖြစ်နေသည့် မျက်ဝန်းညိုများဖြင့် ရင်ဆိုင်ရလေပြီ။

" ဒါ ဘာသဘောလဲ အိမ်ရှေ့စံ.."

ဟင်နရီက အံကို ခပ်တင်းတင်း ကြိတ်လိုက်ကာ..

" မင်းသားငယ်နဲ့ မြင်လျှင်မြင်ခြင်း ခင်မင်ရင်းနှီးမှု ရှိကြသောကြောင့် အထိမ်းအမှတ်အဖြစ် အပ်နှင်းတဲ့ လက်ဆောင်ပါ နဂါးအရှင်.."

အမှုများကို ကြားနာစစ်ဆေးအပြီး နတ်ဘုရားများ ပူဇော်ပသပွဲ ကျင်းပဖို့ရာ အချိန်လိုသေးသဖြင့် ပန်းပွင့်ပြာ လာရာလမ်းတစ်လျှောက်မှ စောင့်ကြိုမယ်ဟု တွေးရင်း လမ်းလျှောက်ထွက်လာသည့် နဂါးအရှင်မှာ ဥယျာဉ်တော်ထဲအရောက် ပန်းပွင့်ပြာ၏ ဆံနွယ်ထုံးပေါ်သို့ မင်းသားဟင်နရီက ဆံထိုးလက်ဆောင် ဆင်ယင်ပေးလုဆဲဆဲ အခြေအနေအား မြင်တွေ့သွားခြင်း ဖြစ်သည်။

ဒီလိုနေ့ ဒီလိုပွဲတော်ချိန်ခါမှာ ဒီလိုဆံထိုးလက်ဆောင် ပေးတယ်ဆိုတာ သဘောရိုးတော့ မဖြစ်နိုင်။

တစ်ချိန်လုံး ပန်းပွင့်ပြာအား မြင်ဖူးချင်ပါတယ်လို့ ပေါ်တင်တမျိုး၊ သွယ်ဝိုက်၍တမျိုး ကြိုးစားနေသော ထိုနေမာရီအိမ်ရှေ့စံဟာ အခုလို နန်းတွင်းတစ်ခုလုံး အလုပ်ရှုပ်နေတုန်း အခွင့်ကောင်းယူ လက်ဆုပ်လက်ကိုင်ပြုတာပဲ ဖြစ်ရမယ်။

နဂါးအရှင်သည် တွေးရင်းဖြင့်ပင် ဒေါသမထိန်းနိုင်ပဲ ထိုဆံထိုးအား ပန်းပွင့်ပြာ၏ ဆံနွယ်ထုံးပေါ် မရောက်ခင် အချိန်မှီ ရိုက်ချလိုက်ခြင်းသည်သာ။

ဒဏ္ဍရာပြည်သားကဲ့သို့ ပုံစံတူ ဝတ်စားထားပေမယ့် လှိုင်းတွန့်ဆံနွယ်များကြောင့် တပြည်သားမှန်း သိသာလွန်းနေသည့် ဟင်နရီအား နဂါးအရှင်က ပွင့်ပွင့်လင်းလင်းပင် မနှစ်မြို့ဟန်ဖြင့် ခြေဆုံးခေါင်းဆုံး ကြည့်ကာ ပြောသည်။

" ဒဏ္ဍရာရဲ့ မိုးဦးခေါ်ပွဲတော်ရက်မှာ ဆံထိုးလက်ဆောင် ဆက်သတဲ့သဘောကို ငါကိုယ်တော် အမေးတော်ရှိခြင်း ဖြစ်တယ် အိမ်ရှေ့စံ.."

" ကျွန်တော်မျိုး လျှောက်တင်ပြီးပါရော့ နဂါးအရှင်.. မင်းသားငယ်လေးနဲ့ ခင်မင်ရင်းနှီးတဲ့ အထိမ်းအမှတ် အဖြစ်ပါလို့.. နောက်ပြီး နတ်ဘုရားများ ပူဇော်ပွဲ အခမ်းအနားပြီးရင် မင်းသားငယ်က မြို့နေလူထုရဲ့ ပွဲတော်ဆီ မရောက်ဖူးလို့ လှည့်လည်ကြည့်ရှူကြဖို့ ပြောနေကြခြင်းပါ.."

" ငါကိုယ်တော် ခွင့်မပြုနိုင်ဘူး.."

နဂါးအရှင်သည် ဟင်နရီ့ဆီက ဘာစကားမှ ထပ်မကြားလိုသည့်အလား ပန်းပွင့်ပြာ၏ လက်ကို ဆောင့်ဆွဲခေါ်ကာ ဥယျာဉ်တော်ထဲမှ ထွက်ခွါသွားတော့သည်။ ပန်းပွင့်ပြာမှာ သူ့အရှင်နဲ့ ဒီဘက်က အရှင့်သားတို့ စကားတစ်ခွန်း၊ နှစ်ခွန်းပြောရုံလေးမျှဖြင့် ဘာတွေဖြစ်သွားကြမှန်း နားမလည်နိုင်သေးခင် နဂါးအရှင် ဆွဲခေါ်ရာနောက်သို့ တရွတ်တိုက် ပါသွားမတတ် လိုက်သွားရလေသည်။

ဟင်နရီမှာ မြေသို့ခနေသော ပုလဲဆံထိုးလေးကို တယုတယ ပြန်ကောက်ယူလိုက်ပြီး ထွက်သွားနှင့်သော ပန်းပွင့်ပြာ၏ နောက်ကျောဆီသို့သာ ငေးကြည့်ရင်း ကျန်ခဲ့ရရှာသည်။

.....

" ဒီအဖြစ်အပျက်က ဒဏ္ဍရာနန်းတော်မှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်ပဲ.. အဲ့အချိန်တုန်းကလည်း ဥယျာဉ်တော်ထဲမှာ ပန်းပွင့်ပြာမင်းသားရဲ့ အထိန်းတော်ကြီးရယ် မင်းသားဟင်နရီရဲ့ လူယုံသက်တော်စောင့် ငရုဇ်ရယ်ပဲ ရှိခဲ့တာမို့လား.. ကိုသူရရဲ့ အဘိုးအဘေးတွေက နန်းတော်စောင့်ဆိုတာနဲ့တင် ဖြစ်ခဲ့သမျှ ကိစ္စရပ်တိုင်းကို ဘယ်လိုများသိခဲ့ပြီး ကိုသူရကရော ဘာကြောင့်များ ဖြစ်စဉ်အစအဆုံးကို ချရေးနိုင်ရတာလဲ.."

ရွှေပြည်တန်၏ မေးခွန်းမှာ ထောင့်စေ့လှသည်။

" နဂါးအရှင်မှာ ကိုယ်ပိုင်မှတ်တမ်းရေးတတ်တဲ့ အကျင့်ရှိတယ်.. ဒီကိစ္စမှမဟုတ်ပဲ နေ့စဉ်ထူးခြားဖြစ်စဉ်တွေနဲ့ အမှုကိစ္စတွေကို ကိုယ်တော်တိုင် မှတ်တမ်းတင်ထားလေ့ရှိတယ်.. တကယ်တော့ ဒီကညီလေး စုံစမ်းလေ့လာထားသလို ဒဏ္ဍရာရဲ့ မှတ်တမ်းတွေ အဖျက်စီးခံထားရတယ်ဆိုတာ မှန်သင့်သလောက်မှန်ပြီး တချို့တဝက်ကတော့ အထိန်းသိမ်းခံထားရတုန်းပဲမို့ပါ.."

စာရေးသူ ကိုသူရသည် ဖုန်းထဲမှ ဓာတ်ပုံတချို့အား ဆက်လက်ပြသလာသည်။ ထိုဓာတ်ပုံများသည် အဝိုင်း အဝန်းသဏ္ဍာန်ရှိ စာလုံးများ ရေးသားထားသော ပိုးပေလွှာများအား ရိုက်ကူးထားခြင်းဖြစ်သည်။ ဒဏ္ဍရာနန်းတော်စောင့်မျိုးရိုးဖြစ်သဖြင့် နန်းတွင်း မှတ်တမ်းထိမ်း ပိုးပေလွှာများအားလည်း ထိန်းသိမ်းစောင့်ရှောက်ခဲ့ရခြင်း ဖြစ်ဟန်တူသည်။

ရေးသားထားသော စကားလုံးများအား ရွှေပြည်တန် အဓိပ်ပါယျ တိတိကျကျ မဖတ်တတ်ပေမယ့် တစ်လုံးစ၊ နှစ်လုံးစ သင်ခဲ့ဖူးသဖြင့် နဂါးအရှင် အကြောင်း၊ ဒဏ္ဍရာ၏အကြောင်း ရေးသားထားမှန်း ခန့်မှန်းကြည့်လို့ရသည်။

" ဒဏ္ဍရာနန်းတော်ကြီး ပျက်စီးသွားပြီး မှတ်တမ်းတွေ အဖျက်စီးခံရတုန်းက အကိုတို့ အဘိုးအဘေးတွေက မှတ်တမ်းဆောင်မှာ တာဝန်ကျနေကြတာတဲ့.. အဲ့တုန်းက သူတို့လည်း ရရာတွေ ဆွဲယူပြေးပြီး ထိန်းသိမ်းထားခဲ့ကြတာ.. ဒီအက္ခရာဖတ်သားနည်းကို အဘိုးတွေက သင်ပေးခဲ့လို့ ဒီမှတ်တမ်းတွေကို လေ့လာကြည့်ရင်း ပန်းပြာတပွင့်က မွေးဖွားလာခဲ့.."

" ဒါဖြင့် ကိုသူရက ဒီမှတ်တမ်းလက်ကျန်တွေကြောင့် ဒီအဖြစ်အပျက်တွေကို ချရေးနိုင်ခဲ့တယ်လို့ ပြောချင်တာလား.."

" အမှန်ပါပဲ.. လက်ဆင့်ကမ်းလာတဲ့ ပါးစပ်ပြော ရာဇဝင်တွေနဲ့ ဒီမှတ်တမ်းတွေကြောင့်.."

" ဒီအတိုင်း ဝတ္ထုတပုဒ်ကို ပုံဖော်ချင်စိတ်ကြောင့်ပဲလား.."

" ဟုတ်ပါတယ်.. တခါက အမှန်တရားတွေက အခုတော့ ဒဏ္ဍာရီအသွင် ပုံပြင်အသွင်ပေါ့.. ပန်းပြာတပွင့်က စိတ်ကူးယဉ်သက်သက်ရယ်လို့ ပြောလို့တောင် ရပါတယ်.. ကျွန်တော့်စိတ်ထဲကပဲသိတဲ့ သမိုင်းတခုဆိုရင်တောင် ဒါကို သူများတွေသိအောင် မထုတ်ဖော်ချင်ဘူး.."

ဂဂဏဏ ဆက်ရှင်းပြပေးပေမယ့် ဒီလူ့စကားတွေကို သူ ဆက်နားမထောင်ချင်တော့ပါ။ နောက်ဆုံးတော့ သူ မျှော်လင့်ထားခဲ့သလို ပန်းပြာတပွင့်ကို ရေးသားသူဟာ နဂါးအရှင်မဟုတ်သလို အတိတ်ဘဝကို ပြန်မှတ်မိနေတဲ့ တစ်ယောက်ယောက်လည်း ဟုတ်မနေခဲ့ဘူး။ မျိုးရိုးစဉ်ဆက် ထိန်းသိမ်းလာတဲ့ မှတ်တမ်းတွေ၊ ရာဇဝင်တွေကို မှီငြမ်းထားတဲ့ ဟန်ပြစာအုပ်ပါပဲလား။

တစ်ယောက်ယောက်ကများ သူ့ကို၊ အတိတ်ဘဝကို ပြန်မှတ်မိပြီး တစ်ယောက်ယောက်ကများ သူနဲ့အတူ ဒီအမှတ်တရတွေကို ပြန်ပြောပြကြရင်း သတိတရ ပြန်အောက်မေ့ကြမယ်ဆို ဘယ်လောက်ကောင်းလိုက်မလဲ။ ဒါဆို သူ့ဝေဒနာတွေလည်း သက်သာကောင်းရဲ့။ ဒီလိုအတွေးနဲ့ ဒီစာရေးသူကို ရှာချင်ခဲ့တာ။

အခုတော့ သူ့အတိတ်ဘဝဆီသို့ ပြန်လည်လွမ်းဆွတ်တမ်းတပေးတဲ့သူ မဟုတ်သလို သူ့ကို ပြန်ရှာဖွေချင်တဲ့သူလည်း ဟုတ်မနေခဲ့တဲ့ သာမန်လူတစ်ယောက်တဲ့လေ။

သူကသာ ဒီအနာတရတွေ၊ ဒီအမှတ်တရတွေအပြည့်နဲ့ ဒီဘဝကို မသေမချင်း ဆက်လျှောက်လှမ်းသွားရဖို့ ဝဋ်ကြွေးပါလာသူတစ်ဦးရယ်ပါ။ ကံကြမ္မာသာ စေညွှန်လာရင် ဘယ်အင်အားနဲ့ တွန်းလှန်နိုင်ပါမတဲ့လဲ။

...ဒါက တကယ်ပဲ ငါ့ကံကြမ္မာလား.. အတိတ်ဘဝကို ပြန်မှတ်မိနေပြီး ရင်ကွဲနာကျရလောက်အောင် ခံစားခဲ့ရတဲ့ ဒဏ်ရာအနာတရတွေကို ပြန်သတိရနေဖို့သက်သက်ပဲလား...

.....

အပြန်လမ်းတစ်လျှောက်လုံး တိတ်ဆိတ်လို့နေသည်။

စကားတစ်ခွန်းစ၊ နှစ်ခွန်းစ ပြောကြည့်ပေမယ့် ရွှေပြည်တန်က အင်း၊ အဲဖြင့်သာ တုန့်ပြန်လာသဖြင့် ထွဋ်မြတ်လည်း ဘာမှဆက်မပြောတော့ပဲ သူ နားထောင်လေ့ရှိတဲ့ သီချင်း playlist ကို ခပ်တိုးတိုး ဖွင့်ပေးထားလိုက်ကာ ကားကိုသာ ဂရုတစိုက် မောင်းနေလေတော့သည်။

ညသန်းခေါင်ထိတိုင် ထွဋ်မြတ်၏ကားသည် သူ့အိမ်ကိုရော၊ ရွှေပြည်တန်ရဲ့တိုက်ခန်းကိုပါ မရောက်ပဲ ရန်ကုန်မြို့ရှိ လမ်းမများပေါ်တွင်သာ ပြေးလွှားနေရရှာဆဲပင်။

ကြာတော့ ထပ်ကာထပ်ကာ ပြန်ပြန်ကျော့နေသည့် သီချင်းများကလည်း နားထောင်လို့မကောင်းတော့ပဲ ဆူညံသံအဖြစ် ပြောင်းလဲစပြုလာချေပြီ။

လမ်းမီးရောင်များ၊ ကားသံများက ညဥ့်နက်ကောင်းကင်အတွက် တကယ်ကို အနှောင့်အယှက်ပါပဲဟု ရွှေပြည်တန် တွေးလိုက်ရင်း တစ်ချိန်က နွဦေးကန်သာ စံအိမ်ပြတင်းပေါက်ကနေ သူ ငေးကြည့်နေကျ ညကောင်းကင်ယံကို လွမ်းမိသလိုလို။

ကြယ်များ ခြံရံလျက် လမင်းကြီးလည်း ထည်ထည်ဝါဝါ လှနေခဲ့တယ်။ ကန်တော်သာမှ ဖြတ်တိုက်လာတဲ့ လေနုအေးနဲ့အတူ အရှင့်လာရာလမ်းကို လရောင်အောက်က စောင့်မျှော်လင့်ရတဲ့ အဲ့ဒီ့ညဥ့်နက်သန်းခေါင်ယံများပေါ့။

...ဟာ.. ငါ ဘာလို့ ဒါတွေပြန်တွေးနေမိတာလဲ...

" ကျွန်တော့်ကို ဘယ်အချိန် အိမ်ပြန်ပို့မှာလဲ ကိုထွဋ်မြတ်.."

" မင်း ပြန်ချင်တဲ့အချိန်ပေါ့.. မင်း ပြန်ချင်ပါပြီလို့ မပြောမချင်း.."

မပြန်ချင်ဘူးလို့လည်း သူ ပြောမထွက်ပါ။ မပြန်ချင်သေးပေမယ့်လည်း ဒီလူဟာ အရင်ဘဝက မင်းသားဟင်နရီဖြစ်နေပါစေဦးတော့၊ သူကတော့ ဒီလူ့ရဲ့ အရင်ဘဝက ခင်မင်ရင်းနှီးတတ်မှုတွေကို သိထားပါစေဦးတော့ သူ့အတွက် ဒီလိုကြီး အချိန်ပေး ဒုက္ခခံနေခိုင်းရင် ဘယ်တရားပါ့မလဲ။

" ကျွန်တော့်ကို အိမ်ပြန်ပို့ပေးပါတော့.."

" ကောင်းပါပြီ.."

ထွဋ်မြတ်က ကားစတီယာရင်ကို ညင်သာစွာ ကွေ့လိုက်ပြီး ရွှေပြည်တန်ရဲ့ တိုက်ခန်းရှိရာ လမ်းကြောင်းဆီ ဦးတည်လိုက်သည်။

" ဘာလို့ ကျွန်တော့်ကို ဘာတခွန်းမှမမေးတာလဲ.."

" မင်း ပြောချင်စိတ်မရှိသေးဘူး ထင်လို့လေ.. မင်း ပြောချင်လာတဲ့အခါ ဘယ်အချိန်မဆို ကိုယ် နားထောင်ပေးဖို့ အသင့်ပါပဲ.."

အမှန်ပါပဲ။ သူလည်း ဘာကိုမှ ရှင်းပြလိုစိတ်မရှိသေး။ ရှေ့ကိုသာ တည့်တည့်ကြည့်ရင်း ကားကို ဂရုတစိုက် မောင်းနေဆဲဖြစ်သည့် ထွဋ်မြတ်အား သူ ခိုးကြည့်လိုက်မိတယ်။

မိုးဦးခေါ်ပွဲတော်ရက်မှာ ဆုံတွေ့ခဲ့ကြရပြီးနောက်ပိုင်း မင်းသားဟင်နရီက ရံဖန်ရံခါ နွဦေးကန်သာဆီ လာလည်ပြီး သူ့ကို လက်ဆောင်ပစ္စည်းအမျိုးမျိုး ပေးလေ့ရှိခဲ့တယ်။ တစ်ခါက နန်းတော်အပြင်ကို ထွက်လည်ကြဖို့ အရှင့်ဆီ ခွင့်တောင်းတော့ တစ်သက်လုံး ပြန်မလာရင် လိုက်သွားဆိုလို့ သူ့မှာ မထွက်ရဲခဲ့ဘူး။ အဲ့အကြောင်းကြားတော့ မင်းသားဟင်နရီကပဲ နေမာရီရဲ့ ပင်လယ်ရှူခင်းပန်းချီတွေ ယူလာပြီး သူ့ကိုချော့သေးတာ။

တကယ်ကို ကြင်နာတတ်တဲ့လူရယ်ပါ။

အရင်ဘဝကရော၊ အခုဘဝမှာပါ ဒီလိုနူးညံ့သိမ်မွေ့ပြီး အလိုက်တသိရှိတတ်တဲ့ ဒီလိုလူတစ်ယောက် သူ့ဘေးမှာ ရှိနေတာ ကံကောင်းတယ်လို့ပဲ ဆိုရမယ်။ အတိတ်ကို ပြန်မမှတ်မိနေတာတောင် ဒီလူဟာ သူ့ကို ကူညီပေးနေတုန်းပဲ။

" ကျွန်တော် တခုလောက် မေးချင်တယ်.."

" မေးလေ.."

" အတိတ်ဘဝတို့ လူဝင်စားတို့ဆိုတာမျိုး ကိုထွဋ်မြတ် ယုံသလားဟင်.."

ထွဋ်မြတ်က ကားအရှိန်ကို ခပ်ဖြည်းဖြည်း လျှော့ချလိုက်ကာ ရွှေပြည်တန့်ဘက်ကို လှည့်ကြည့်လာသည်။ ထိုစဉ် သူ့အား ခိုးကြည့်နေသော ရွှေပြည်တန်၏ မျက်ဝန်းများနှင့် တခဏမျှ အကြည့်ချင်းဆုံသွားပြီး ထွဋ်မြတ်၏ မျက်နှာပေါ်ဝယ် သက်ဝင်လှပလွန်းသည့် အပြုံးလေးတစ်ပွင့် ပေါ်လာလေသည်။

ထိုအပြုံးသည် သူ၏ ပရိတ်သတ်များအကြား အလွန်ရေပန်းစား သဘောကျနှစ်ခြိုက်ခံရသော မူပိုင်အပြုံးလေးပင် ဖြစ်သည်။

" ယုံတယ်.. သံသရာလည်ပတ်တဲ့အခါ အရင်ဘဝလည်း ရှိခဲ့သလို နောက်ဘဝလည်း ရှိကြမှာပဲလေ.. ပြီးတော့ အခုဆို အပြိုင်ကမ္ဘာမှာ တချိန်တည်း နေထိုင်ကြတာမျိုးတွေအထိတောင် ပြောနေကြသေးတာပဲ.. ထူးဆန်းအံ့ဩဖွယ်ဆိုတာတွေက နေ့ရှိသရွေ့ ဖြစ်လာနိုင်ကြတာချည်းမို့လား.."

" ဒါဆို ကိုထွဋ်မြတ်ရဲ့ အရင်ဘဝက ဘာဖြစ်ခဲ့မယ်လို့ တွေးမိသလဲ.."

" ကိုယ်လား.."

ရှေ့လမ်းဆုံရှိ မီးနီကြောင့် ထွဋ်မြတ်သည် ကားကို အရှိန်လျှော့သထက် ပိုလျှော့လိုက်ရင်း ဘရိတ်ကို ဖြည်းညှင်းစွာ ဖိနင်းထားသည်။ အနက်ရောင်မျက်ဆံများသည် ညဥ့်နက်ကောင်းကင်နှင့်အပြိုင် ကျယ်ပြန့်ငြိမ်သက်နေ၏။

ထွဋ်မြတ်က စကားဆက်မပြောသေးပဲ စက္ကန့်ပြ မီးဆိုင်းဘုတ်မှ တစ်စက္ကန့်ခြင်းစီ ပြောင်းလဲနေမှုအား တည်ငြိမ်စွာ စိုက်ကြည့်ကာ ကားစတီယာရင်ကို ပိုမို တင်းကျပ်စွာ ဆုပ်ကိုင်ထားလေသည်။ မီးစိမ်းသွားသည်နှင့်တပြိုင်နက် ကားမောင်းထွက်နိုင်ဖို့အရေးကသာ အခုစကားပြောဆိုနေခြင်းထက် ပိုအရေးကြီးသည့်ပုံနှယ်။

၀၅.. ၀၄.. ၀၃..

အသက်ရှုတောင် အောင့်ထားသည့် ထွဋ်မြတ်၏ စိတ်မရှည်နေမှု ဒါမှမဟုတ် လိုတာထက်ပိုသော အာရုံစိုက်မှုကို ရွှေပြည်တန် သတိထားလိုက်မိသည်။

၀၂.. ၀၁.. မီးစိမ်းသွားပြီ။

သို့သော် ထွဋ်မြတ်ကတော့ ဘရိတ်ကို မလွတ်သေး။ သူတို့ကားနောက်မှာ တခြားကားများ ရှိမနေသောကြောင့်သာမဟုတ်ရင် ဒီအချိန်လောက်ဆို ဟွန်းသံတွေ ဆူညံသွားလောက်ပြီ။

" ကိုထွဋ်မြတ်.. မီးစိမ်းနေပြီလေ.."

ရွှေပြည်တန့်ဆီက သတိပေးစကားထွက်လာတဲ့အခါမှ ထွဋ်မြတ်က ဘရိတ်ကို ခပ်ဖြည်းဖြည်း ပြန်စလွတ်လိုက်သည်။

" ကိုယ်.. ကိုယ် အိမ်မက်တွေမက်တယ်.."

ကားက ပုံမှန်အရှိန်ဖြင့် တရိပ်ရိပ် ပြေးလွှားလျှက်။

" အဲ့အိမ်မက်တွေကိုပဲ ခဏခဏ ပြန်မက်လေ့ရှိတယ်.. အဲ့ဒီအိမ်မက်တွေထဲမှာလေ.. တခါတလေ ကိုယ်က အစအဆုံးမရှိနေတဲ့ ပင်လယ်ကမ်းစပ်ကြီးတစ်ခုရဲ့ သောင်ပြင်ပေါ်မှာ ထိုင်နေတာ.. တခါတလေကျ ကိုယ်က ရွက်သင်္ဘောအကြီးကြီးတစ်ခုပေါ်မှာ.. တခါတလေတော့ ကိုယ် ဝတ်နေကျမဟုတ်တဲ့ အဝတ်အစားတွေနဲ့ နန်းတော်တစ်ခုထဲမှာ.. တခါတလေမှာ ရေကန်ကြီးအလယ်ထဲက နန်းဆောင်ခပ်သေးသေးလေး တခုမှာ.."

ရွှေပြည်တန် စိတ်ထဲတွေးလိုက်မိသည်။

...သေချာတာပေါ့.. ကိုထွဋ်မြတ်က မင်းသားဟင်နရီ.. နေမာရီရဲ့အိမ်ရှေ့စံကိုယ်တော်တဖြစ်လဲ ရေတပ်စစ်သူကြီးလေ.. တကယ်ပဲ ကျွန်တော်တို့ ဒီဘဝမှာ ပြန်လာဆုံကြတာပဲ.. ခင်ဗျားသာ ဒါတွေကို ပြန်မှတ်မိနိုင်ရင် သိပ်ကောင်းမှာပဲဗျာ...

" အိမ်မက်တွေထဲက နေရာတွေ.. အဖြစ်အပျက်တွေက မတူညီကြပေမဲ့ တခုကတော့ အမြဲတပုံစံတည်း ပါပါလာတယ်.."

" ဘာများပါလာလို့လဲ.."

" အိမ်မက်က လန့်နိုးခါနီးတိုင်း ကိုယ့်ရင်ဘတ်မှာ အပြာရောင်ပန်းလေးတစ်ပွင့် ပေါက်လာတယ်လေ.."

" ဒါဆို ဒီပန်းပြာတပွင့်ကို ကိုထွဋ်မြတ် ရိုက်ကူးဖို့ ဆုံးဖြတ်လိုက်တာက ဒီအိမ်မက်ကြောင့်လား.."

" မဟုတ်ပါဘူး.. ကိုယ် ဒါကို လက်ခံခဲ့တာက ကိုယ် တကယ်ကို နဂါးအရှင် ဘုရင်မင်းမြတ် ဖြစ်ချင်လို့.. ကိုယ်သာ နဂါးအရှင် ဖြစ်ခွင့်ရမယ်ဆိုရင် ဒီပန်းပြာလေးကို တမြတ်တနိုး ချစ်ခင်ပေးပြီး ကြင်နာချင်လို့.. ဘယ်တော့မှ ကိုယ့်ကို စောင့်မျှော်မနေရစေဖို့နဲ့ ကိုယ့်အနားမှာပဲ အမြဲထားချင်လို့.. တကယ်လို့ ကိုယ်သာ.."

" ဒါပေမဲ့ ကိုထွဋ်မြတ်က သူ မဟုတ်ဘူးလေ.."

" ဒါဆို ရွှေပြည်တန်.. မင်းကတော့ ပန်းပွင့်ပြာ ဟုတ်တယ်ပေါ့.."

သူ့ဆီက ဝန်ခံခြင်းနှင့် ငြင်းဆန်ခြင်းသည် တကယ်တော့ သိပ်အရေးမပါတော့ကြောင်း သူ သိပါတယ်။ သူ့ဘယ်ဘက်ရင်ဘတ်ဆီက ပန်းပွင့်သဏ္ဍာန် အမာရွတ်ကိုလည်း ကိုထွဋ်မြတ် မြင်ဖူးခဲ့တာပဲ။ အခုလို စာရေးသူကို အသည်းအသန် တွေ့ချင်နေတာတွေ၊ သေမတတ် ငိုယိုနေပြီး အသိစိတ်လွတ်နေတာတွေက ပုံမှန်အပြုအမူဟုတ်မနေဘူးဆိုတာ ကလေးကတောင် ရိပ်မိနိုင်တာမျိုးပဲလေ။

" ကိုယ် မှန်းကြည့်မယ်.. ကိုယ့်အိမ်မက်တွေအရ မင်းဖြစ်နေတာတွေအရဆို ကိုယ်တို့ အရင်တုန်းက တွေ့ခဲ့ကြဖူးတယ်.. မင်း ပြောတဲ့ အတိတ်ဘဝက လူဝင်စား ဆိုတာတွေရယ်.. အခုလေးတင် မင်း ပြောလိုက်တဲ့ ကိုယ်က နဂါးအရှင် ဘုရင်မင်းမြတ် မဟုတ်ဘူးဆိုတာရယ်က အဖြေပါပဲ.. အဲ့ဒီ နေမာရီ အိမ်ရှေ့စံက ကိုယ်ပဲ မဟုတ်လား.."

ထွဋ်မြတ်က ကားကို ဘေးချရပ်လိုက်ပြီး ရွှေပြည်တန့်ဘက်ကို လှည့်ကြည့်ကာ ဆက်ပြောလာသည်။

" မင်းကို လူရွေးပွဲမှာ စမြင်လိုက်ရကတည်းက မင်းဟာ ပန်းပွင့်ပြာဇာတ်ကောင်အတွက် စိတ်ရော လူပါ ကွက်တိကျတဲ့လူလို့ ထင်ခဲ့တာ ကိုယ် မမှားဘူးပဲ.. မင်းက တကယ်ကိုပဲ တော်ဝင်ပြာပန်းတပွင့်မင်းသား ဖြစ်နေတာပဲနော်.."

" ကျွန်တော် အဲ့တုန်းက မမှတ်မိခဲ့ဘူး.. ဒီအတိုင်း စာအုပ်ကို ဖတ်မိပြီး သဘောကျခဲ့တာပဲရှိတာ.."

" အခုမှ ပြန်မှတ်မိလာတာလား.."

သူ အသံတိတ် ခေါင်းငြိမ့်ပြလိုက်တဲ့အခါ ကိုထွဋ်မြတ်ဆီက ခပ်ဖွဖွ ရယ်သံကြားလိုက်ရတယ်။ ဒီရယ်သံက လှောင်ပြောင်ရယ်တာမဟုတ်ပဲ ရင်ထဲက မချိတင်ကဲဖြစ်နေမှုတွေကို ရယ်သံနဲ့ ဖွင့်ထုတ်လိုက်ချင်တာမျိုး။

" မခံစားနိုင်လိုက်တာကွာ.. မင်းနဲ့ရှိခဲ့တဲ့ အမှတ်တရတွေကို စာအုပ်ထဲကတဆင့် ပြန်သိရတာမျိုး မဟုတ်ပဲ ကိုယ့်မှတ်ဥာဏ်တွေထဲမှာ ရှိစေချင်လိုက်တာ.."

ထိုစကားများကြောင့် သူ့ရင်ထဲ နွေးကနဲ ဖြစ်သွားရတယ်။ သူ့မှာတော့ ရေစက်ပြတ်စရာရှိတာ ပြတ်မသွားပဲ ဒီလိုပြန်မှတ်မိနေရလို့ ခံရခက်နေပေမယ့် ဒီလူက တကူးတကတောင် ပြန်လိုချင်နေသေးသတဲ့။

ခက်တာက သူမှ အဲ့ဘဝကို ပြန်မလိုချင်တော့ပဲ။

" ပြီးခဲ့တာတွေ ပြီးပြီပဲ ကိုထွဋ်မြတ်.. ကျွန်တော်ကတော့ ဒါတွေကို ပြန်လည်းမသိချင်ဘူး.. ကိုထွဋ်မြတ်လည်း ကျွန်တော့်ကို ပန်းပွင့်ပြာလို့ မသတ်မှတ်ပဲ ရွှေပြည်တန်လို့ပဲ သတ်မှတ်ပေးပါ.."

" အင်းပါ.. မင်းဘာသာ ဘယ်သူပဲဖြစ်ဖြစ် ကိုယ့်စိတ်ထဲမှာတော့ မင်းက မင်းပါပဲ.. နာမည်တွေ လူတွေ ဘဝတွေ ပြောင်းလဲသွားရင်တောင် မင်း ဖြစ်နေသေးသရွေ့ ကိုယ်.."

ထွဋ်မြတ်မှာ ဆက်မပြောနိုင်ပဲ ရွှေပြည်တန့်ကိုသာ ရွှန်းရွှန်းစားစား စိုက်ကြည့်နေရင်း ငြိမ်ကျသွားသည်။ ထိုအကြည့်များသည် ပကတိ ဖြူစင်ခြင်းမရှိကြောင်း ရွှေပြည်တန် ရိပ်မိလာသည်။

မင်းသားဟင်နရီ ဘဝတုန်းကလည်း ဒီလိုပဲ။ သူ့အပေါ် အကြင်နာပိုခဲ့တဲ့ ဒီလူဟာ ဒီဘဝမှာလည်း ခံစားချက်တွေ ရှိနေပြန်တာလားဟု တွေးနေတုန်း ချက်ချင်းဆိုသလို သူ့အမာရွတ်နေရာက ပူလာပြန်သည်။

ဒါနဲ့ဆို နှစ်ကြိမ်ရှိပြီ။ မွေးကတည်းက ပါလာတဲ့ အမာရွတ်က ရုတ်တရက်ကြီး ထပူလာတာ ထူးဆန်းတယ် မဟုတ်လား။

ရွှေပြည်တန် ဂယောင်ဂယမ်းဖြင့် အမာရွတ်ပေါ်သို့ လက်နှင့်ဖိအုပ်ကိုင်လိုက်သည်။ တစစ်စစ် ပို၍ပူလာသော ဝေဒနာကြောင့် အ..ကနဲ အသံထွက် ညည်းညူလိုက်တဲ့အခါမှ ထွဋ်မြတ်လည်း အကြည့်လွှဲသွားကာ..

" ဘာဖြစ်လို့လဲဟင်.. မင်း တခုခုဖြစ်လို့လား.."

" ဒီအတိုင်း ဒီနေရာက နည်းနည်းပူနေလို့.."

ရွှေပြည်တန်က သူ့ဘယ်ဘက်ရင်အုံကို လက်နဲ့ဖိပြရင်း ပြောတော့ ထွဋ်မြတ်၏ မျက်ဝန်းအစုံတို့မှာ အနည်းငယ် ပြူးကျယ်လာရင်း..

" အယ်.. ကိုယ့်ကြောင့် မင်းနှလုံးသားလေး ပူသွားတာလား.."

" ဗျာ.. အာ.. ကိုထွဋ်မြတ်ကလည်း.."

နှစ်ယောက်သား ပြုံးစိပြုံးစိ ဖြစ်သွားပြီး ထရယ်လိုက်ကြပါလေရော။ လွတ်လပ်ပေါ့ပါးစွာ ရယ်နေတဲ့ ထွဋ်မြတ်ကို ကြည့်ရင်း ရွှေပြည်တန်တစ်ယောက် သူ့ရင်ထဲက ဝေဒနာတွေ သက်သာသွားသလို ခံစားလိုက်ရတယ်။

အေးလေ.. အနည်းဆုံးတော့ သူ့လိုနည်းတူ ပြန်မမှတ်မိရင်တောင် ပြန်မှတ်မိဖို့ စိတ်ဆန္ဒရှိတယ်ဆိုကတည်းက ကိုထွဋ်မြတ်က သူ့ကို စာနာနားလည်ပေးနိုင်တဲ့လူလို့ သတ်မှတ်လို့ရနိုင်ပါတယ်။

သူစိမ်းမဟုတ်တဲ့ သူစိမ်းတစ်ယောက်နဲ့ အစကပြန်စပြီး ရင်းရင်းနှီးနှီး နေလို့လည်း မဖြစ်နိုင်တာမှ မဟုတ်တာပဲလေ။

" ကိုယ့်သဘောထားက အရင်ဘဝကလိုပဲ မပြောင်းလဲပါဘူး.. စာအုပ်ထဲကအတိုင်းဆို မင်းသားဟင်နရီက ပန်းပွင့်ပြာမင်းသားကို နဂါးအရှင် သဘောမကျတဲ့ကြားက ဇွတ်အတင်း လိုက်ရောခဲ့တာလေ.. ဟားဟား.."

" အဲ့ကိစ္စတွေ ပြန်မပြောပါနဲ့တော့ဗျာ.. ကျွန်တော့်စိတ်ထဲ တကယ်အဆင်မပြေလို့ပါ.."

" ဩော ဆောရီး.. ကိုယ်က မင်း ရယ်တာလေးကို မြင်ချင်လို့ပါ.. မင်း မကြိုက်ရင် အဲ့အချိန်က ကိစ္စတွေကို တကယ်မနှစ်မြို့ဘူးဆိုရင် ကိုယ် မပြောတော့ဘူး.. မင်းလည်း ရွှေပြည်တန်.. ကိုယ်ကလည်း ထွဋ်မြတ်.. ကိုယ်တို့က သရုပ်ဆောင်မင်းသားတွေ.. အလုပ်အတူတူ တွဲလုပ်နေတဲ့ လူတွေ.. ကိုသူရကိုလည်း မေ့လိုက်.. ရှုတင်မှာ မင်း ငိုခဲ့တာတွေ မေ့လိုက်.. အတိတ်က အတိတ်ပဲ.. ကိုယ်တို့ ပြန်သွားလို့လည်း မရဘူး.. ဘာမှလည်းမဆိုင်တော့ဘူး.. နော်.."

ကိုထွဋ်မြတ်ဆီက စိတ်အားထက်ထက်သန်သန် ပြောလာတဲ့ စကားတွေက သူ့ရင်ထဲမှာ ကိန်းအောင်းနေတဲ့ ပူဆွေးသောကတွေကို ဆွဲထုတ်နုတ်ယူသွားသလိုပဲ။

ဟုတ်တယ်.. အတိတ်ဟာ အတိတ်ပဲပေါ့။ အရှင့်ကိုလည်း မေ့မယ်၊ ဒဏ္ဍရာကိုလည်း မေ့မယ်၊ နွဦေးကန်သာ စံအိမ်တော်နဲ့ ပန်းပွင့်ပြာကိုလည်း မေ့လိုက်မယ်။ သူက မသေမျိုး အမတ မဟုတ်တော့သလို တစ်စုံတစ်ယောက်ဆီမှာ ကောင်းချီးသုံးသွယ်ဖြင့် ခစားနေရမယ့် သက်ရှိရတနာ မဟုတ်တော့ဘူး။

သူက သာမန်လူဖြစ်နေပြီ။ သူက ရွှေပြည်တန်လေ။

ရွှေပြည်တန်မှာ ပိုမိုလွတ်လပ်သွားရသည့်စိတ်နဲ့ ခေါင်းကိုသာ အသာအယာ ငြိမ့်ပြလိုက်လေတော့သည်။

" အွင်း.."

" အခု ဗိုက်မဆာဘူးလား ကိုယ်တော့ ဗိုက်ဆာနေပြီ.."

" ကိုထွဋ်မြတ် ပြောမှပဲ ဗိုက်က တဂြီဂြီ မြည်လာသလိုပဲ.. ဟီး.."

" ဒါဆို စားပြီးမှပဲ ပြန်ပို့တော့မယ်နော်.."

.....

Thanks for reading..
To be continue 💙

ရွှေပြည်တန်Where stories live. Discover now