15 (Z)

34 2 0
                                    

အပိုင်း ( ၁၅ )



အားအင်ကုန်ခမ်းသွားရှာသော ရွှေပြည်တန်သည် ထွဋ်မြတ်ရဲ့ရင်ခွင်ထဲ၌ပင် အိပ်ပျော်သွားလေသည်။ ငိုရင်းတန်းလန်းဖြင့် မောလို့ အိပ်ပျော်သွားသည်မို့ အိပ်နေရင်းကို ရှိုက်နေတုန်း။ ရိုက်ကွင်းရှိရာ ဆက်တင်တစ်ခုလုံးမှာ လူတစ်ဦးတစ်ယောက်မှမရှိတော့တာ သေချာအောင် အထပ်ထပ် အခါခါ စစ်ဆေးပြီးတဲ့အခါ ကောင်းမြတ်က မိတ်ကပ်ခန်းထဲမှ ထွက်လို့ရပြီဖြစ်ကြောင်း လာပြောသည်။

ထွဋ်မြတ်က ရွှေပြည်တန့်အား ပွေ့ချီလိုက်ရင်း နားမလည်နိုင်စွာ ရပ်ကြည့်နေသော ကောင်းမြတ်ဘက်ကို လှည့်လိုက်ကာ..

" အခုချိန်မှာ မင်းကို ငါ သိပ်အများကြီးရှင်းပြလို့မရပေမဲ့ ရွှေပြည်တန်က ငါ့အတွက် လုပ်ဖော်ကိုင်ဖက်သက်သက် မဟုတ်ဘူးဆိုတာတော့ မင်းကို ပေးသိထားချင်တယ်.. ငါ တချိန်လုံး ကြိုးစားပမ်းစား လုပ်လာခဲ့တာ သူနဲ့ ပြန်တွေ့ရဖို့အတွက်ပဲ.. ရှေ့လျှောက်လည်း ရွှေပြည်တန်နဲ့ပတ်သတ်ပြီး ဒီလို လူသိခံလို့မရတဲ့ကိစ္စမျိုးတွေမှာ မင်း ရှိနေမှဖြစ်မှာ.. အဲ့အတွက် မင်း ငါ့ကို ကူညီပေးနိုင်မလား ကောင်းမြတ်.."

လေးလေးနက်နက်ရှိလှသည့် ထိုစကားများကြောင့် ကောင်းမြတ် ခဏတာတော့ ဆွံ့အသွားရသည်။

ကြိုးစားလာခဲ့တယ်ဆိုတာ ဘယ်အချိန်ကလဲ.. ဒီပန်းပြာတစ်ပွင့်ကို ဇာတ်ကားအဖြစ် ရိုက်ကူးဖို့ စိတ်ကူးရှိခဲ့ကတည်းကလား.. ဒါမှမဟုတ်.. နဂါးအရှင် ဘုရင်မင်းမြတ် ဖြစ်ချင်လို့ပါလို့ ပြောခဲ့တဲ့အချိန်ကတည်းကလား။

...ဟင်.. နေပါအုံး.. ကိုထွဋ်မြတ်က နဂါးအရှင် ဘုရင်မင်းမြတ် ဖြစ်ချင်တာဆိုတော့.. ဒါ.. ဒါဆို.. ရွှေပြည်တန်က ပန်းပွင့်ပြာမင်းသား.. အာ.. မဟုတ်တာ.. ဒီခေတ်ကြီးထဲ ဒါတွေမဖြစ်နိုင်တာပဲ.. လူဝင်စားတယ်ဆိုရင်တောင် ဒီလောက်တိုက်ဆိုင်နိုင်မလား.. မဖြစ်နိုင်တာကြီး...

သူ့ဘေးနားရှိ လူယုံတစ်ယောက်ဖြစ်သည့် ကောင်းမြတ်၏ အတွေးများအား ထွဋ်မြတ် အလိုအလျောက် ရိပ်စားမိပါသည်။ သို့သော် ခရေစေ့တွင်းကျ ရှင်းပြဖို့အထိတော့ မလိုအပ်ပါဘူး။ ဒီအချိန်မှာ သူ ဘာကိုမှ ထုတ်ပြောလို့မရဘူးမဟုတ်လား။ ရင်ခွင်ထဲရှိ ရွှေပြည်တန်အား နွေးထွေးယုယစွာ ငုံ့ကြည့်လိုက်ရင်း..

" ငါ သူ့ကို ဟိုးအရင်ကတည်းက သိခဲ့တာ.. သူကတော့ ငါ့ကို အခု မမှတ်မိပေမဲ့လို့ပေါ့.."

" သြော်.."

ကောင်းမြတ်လည်း ယောင်တောင်တောင် ခေါင်းငြိမ့်ပြလိုက်ရပေမယ့် စိတ်ထဲတော့ သေချာရှင်းလင်းမသွားသေးပေ။

" သူ မှတ်မိချင်မှသာ မှတ်မိလာတာ ကောင်းပါတယ်.. မဟုတ်ရင် အရင်လို ခင်ခင်မင်မင် မရှိတော့မှာပဲ စိုးရတယ်.."

...ခင်ခင်မင်မင်ဆိုမှတော့ သူငယ်ချင်းတွေပဲပေါ့...

ကောင်းမြတ်မှာ အများကြီး မတွေးတော့ပဲ ခေါင်းထဲမှ အတွေးဗြောက်သောက်များအား ရုပ်ရှင်လျော့ကြည့်သင့်သည့် စာရင်းထဲထည့်လိုက်ပြီး ထွဋ်မြတ်နဲ့ ရွှေပြည်တန်ဟာ ကလေးဘဝအရွယ် ခပ်ငယ်ငယ်က ခင်မင်ရင်းနှီးခဲ့ကြတဲ့ ငယ်သူငယ်ချင်းတွေ နေမှာပဲဟု ခပ်လွယ်လွယ် ထင်လိုက်မိတော့သည်။

" ဦးကျော်သူရဆီ မင်းပဲ ဖုန်းဆက်အကြောင်းကြားလိုက်ပါ.. ငါ ရွှေပြည်တန့်ကို သူ့တိုက်ခန်းဆီ လိုက်ပို့လိုက်ပြီလို့.. ရွှေပြည်တန်လည်း အငိုရပ်သွားပြီး အဆင်ပြေသွားပြီဆိုတဲ့အကြောင်းကို သေချာရှင်းပြလိုက်အုံး.. ရှူတင်ကို တစ်ရက် နှစ်ရက်တော့ နားရလိမ့်မယ်ထင်တယ်.. အဲ့ဒါတော့ ငါကိုယ်တိုင်ပဲ ပြောလိုက်ပါ့မယ်.. အခု သွားကြစို့.. ငါတို့ကို လိုက်ပို့ပြီးမှ မင်းလည်း မူမပျက် အိမ်ပြန်သွားလိုက်.."

ထွဋ်မြတ်၏အကြံအတိုင်း ကောင်းမြတ်က ထွဋ်မြတ်စီးနေကျကားကို ယူစီးသွားပြီး ထွဋ်မြတ်ကတော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေဆဲဖြစ်သည့် ရွှေပြည်တန်နှင့်အတူ ရွှေပြည်တန်၏ တိုက်ခန်းလေးထဲမှာ နေရစ်ခဲ့သည်။ သေးကွေးနုံချာကာ ဗလာကျင်းလုနီးနီး ဘာမှရှိမနေသော တိုက်ခန်းအား ဝေ့ဝိုက်ကြည့်ရင်း ထွဋ်မြတ်စိတ်ထဲမယ် တော်ဝင်ပြာပန်းတစ်ပွင့် စံမြန်းတော်မူခဲ့သော နွဦေးကန်သာ စံအိမ်တော်၏ အိပ်ခန်းကို တဖန်မြင်ယောင်မိရသည်။

သြော်.. မင်းသားငယ်ရဲ့ နေထိုင်မှုပုံစံဟာ အရင်ဘဝဟောင်းကို မမှတ်မိတော့တာတောင် အရင်ဘဝအတိုင်းပါပဲလားဟု တွေးရင်း မို့မောက်ဖူးယောင်စပြုလာသည့် ရွှေပြည်တန်၏ မျက်ခွံများအား လက်ညှိုးထိပ်ဖြင့် ခပ်ဖွဖွ ပွတ်သပ်ပေးမိသည်။

...သူ နိုးလာရင်တော့ အရာရာကို ပြန်မှတ်မိသွားပြီး နာကျင်စရာတွေဟာ အစက ပြန်စလို့ ဝဋ်ကြွေးတွေဟာလည်း တပတ်ပြန်လည်လာတော့မှာပါလား...

" နှစ်တစ်သောင်းရေစက်ကို သွေးနဲ့ဆက်ကာ သွားနှင့်လေသူ နောက်တော်ပါးက လိုက်ခဲ့လေတယ်.. ပန်းပွင့်ပြာ မင်းသားငယ် မြင်ပါလှည့်..တဲ့.. အဟက်.."

တိတ်တိတ်ဆိတ်ဆိတ် ငြိမ်ငြိမ်သက်သက် တိုက်ခန်းကျဉ်းလေးထဲ ခပ်ထေ့ထေ့ လှောင်ရယ်သံတချို့ကြောင့် ဆူညံကုန်ရတယ်။

" မြင်တော်မူပါလှည့် မင်းသားငယ်.. ကျိန်စာကို ကျိန်စာနဲ့တိုက်လို့ မင့်နောက်တော်ပါးက လိုက်ရဲခဲ့တာ ဒီက နေမာရီအိမ်ရှေ့စံကိုယ်တော် မင်းသားဟင်နရီလည်း ပါပါရဲ့ မင်းသားငယ်.. ပန်းပွင့်ပြာလေးရဲ့ မျက်နှာတော်အား မော်ဖူးခွင့်ရဖို့အရေး ဒဏ္ဍရာကို မီးလောင်တိုက်သွင်းဖို့လည်း မကြောက်မဝံ့ လက်မတွန့်ခဲ့တဲ့သူဟာ ကိုယ်တော်ပါ.. ဒီတခါ နိုးထလာရင်တော့ နေမာရီဆီ လိုက်ခဲ့.. ကိုယ်တော့်ကို မြင်လှည့်ပါတော့.. နော်.."

အကြိမ်ကြိမ် တွန့်ဆုတ်နေပြီးကာမှ မဝံ့မရဲဖြင့် ရွှေပြည်တန်၏ နဖူးပြင်ထက်သို့ ခပ်ဖွဖွ အနမ်းတစ်ပွင့် ခြွေချလိုက်မိတယ်။

...ဒါဟာ ခိုးယူခြင်းများ ဖြစ်နေမလားထင့်...

သူတပါးနယ်မြေမှာ ပွင့်ဖူးနေတဲ့ ပန်းပြာပွင့်ကလေးကိုမှ သူဟာ တမြတ်တနိုး ချစ်မိရသူ။ ဒီပန်းပြာပွင့်ကလေး စံမြန်းဖို့အရေး နေမာရီလို ကျွန်းနိုင်ငံအထိ ရေချိုတွေ တကူးတကသယ်၊ ကြာပွင့်လေးတွေ မရမကပျိုး၊ အိမ်ကိုပြန်မလွမ်းရစေဖို့ ကန်တော်သာနဲ့တောင် တထပ်တည်း ဆင်တူ ရေကန်တူးပေးခဲ့တဲ့ ဒီလူ။

နဂါးအရှင် ဖြစ်ချင်လွန်းလှချည့်ဆိုပြီး ကိုယ့်ကိုယ်ကိုညာ၊ ပန်းပွင့်ပြာ ချစ်တဲ့လူဟာ နေမာရီရဲ့ အိမ်ရှေ့စံ မင်းသားဟင်နရီပါဆိုတာကိုပဲ ကြားချင်ခဲ့ရသူ။

" မြင်တော်မူပါလှည့် မင်းသားငယ်.. ဒီတခါတော့ မင်းသားငယ်ရဲ့ မျက်ဝန်းအစုံထဲ ကိုယ်တော်တပါးတည်းသာ ရှိချင်လွန်းလှတယ်.."

.....

" ငရုဇ်.. ဒဏ္ဍရာနန်းတော်ဆီက သတင်းစကား ဘာများကြားရသေးသလဲ.."

အိမ်ရှေ့စံ အမေးတော်ရှိလာသည့် ဒီနေ့တစ်နေ့တာလုံး၏ တစ်ခုတည်းသော မေးခွန်းအား သက်တော်စောင့် ငရုဇ် ဆယ်ကြိမ်မက ဖြေကြားပြီးပါသော်ငြား များမကြာခင် ထပ်မံ အမေးခံရပြန်လေပြီ။

" အရှင့်သား.. ကျွန်တော်မျိုး သမားတော် ပင့်လိုက်ရမလား.."

မေးခွန်းနှင့်အဖြေဟာ တလွဲစီထွက်လာခြင်းကြောင့် မင်းသားဟင်နရီက မျက်မှောင်တော်ကျုတ်ကာ ငရုဇ်ထံ လှမ်းကြည့်လေသည်။

" သမားတော်ပင့်စရာ ဘာရှိလို့တုန်း.."

တစ်ချီတည်း တစ်ထိုင်တည်း ဆွေးနွေးရုံသာရှိသော ကုန်သွယ်ဆိပ်ကမ်းကပ်မည့် အရေးကိစ္စများအားလည်း သူတို့အိမ်ရှေ့စံမှာ နေမာရီအထိ နောက်ကြောင်းပြန် အကြောင်းကြားခွင့်တောင်းသတဲ့။ အကြောင်းကြားစာရောက်ရင်လည်း ဒဏ္ဍရာနန်းတော်ထဲ ကိုယ်တော်တိုင်ဝင်ပြီး ဆက်သဦးမတဲ့။ နှစ်နိုင်ငံသဘောတူလို့ ဆိပ်ကမ်းဆောက်ကြရင်တောင် နေခဲ့ပြီး ကြီးကြပ်ကွပ်ကဲချင်သတဲ့။

...အတိုင်းတိုင်း အရပ်ရပ်ကကြားရင် နေမာရီရဲ့ရေဘီလူးကြီး ရူးပြီထင်ရော့မည်...

" ဒဏ္ဍရာနန်းတော်ထဲက ပြန်ထွက်လာကတည်းက အရှင့်သားမှာ ပုံမှန်မဟုတ်ပဲ စိတ်ရောလူပါ အငြိမ်မနေနိုင် အပူမိနေသလိုမို့ ကျွန်တော်မျိုး စိတ်ပူရကြောင်းပါ.."

" ငရုဇ်.. မင်းက ကိုယ်တော့်ကို လှောင်တာလား.."

" မဝံ့ပါ အရှင့်သား.. မဝံ့ပါ.."

ငရုဇ်သည် ဦးတညွတ်ညွတ်ဖြင့် ပါးစပ်ကသာ မဝံ့ပါဟု ထွက်နေခြင်းပင်။ မျက်နှာထားကတော့.. အေး.. ဟုတ်တယ် မင့်ကို ငါ လှောင်နေတာကွ..ဟု ပွင့်ပွင့်လင်းလင်း ပြန်ပက်နေဟန်ရှိ၏။

အိမ်ရှေ့စံမင်းသားနှင့် သက်တော်စောင့်ဟူ၍ ဂုဏ်ပုဒ်တွေ ခွဲခြားထားခံရပေမယ့် စင်စစ်တော့ တိုက်ဖော်တိုက်ဖက်၊ သေဖော်သေဖက်။ ထီးနန်းအမွေခံအတွက် ရရှိထားသည့် မောင်နှမများထက် ပိုလို့တောင် သွေးရင်းသော ညီနောင်များပမာ။ သူတို့တွင် တစ်ဖက်လူ မသိအောင် ဖုံးကွယ်ထားသင့်သည့် အတွင်းရေးမရှိ။

" မင်းလည်း ကိုယ်တော့်လို ချစ်ဖူးရင် သိလိမ့်မယ် ငရုဇ်.."

" နူးအာသခင်မတုန်းကကျ အရှင့်သားပဲ အချစ်ဟာ ဟိုမှာမစွဲ ဒီမှာမစွဲဆို.. ခုတော့ ဘယ့်နှယ့်ရှိစ.. ပန်းပွင့်ပြာက ဆွဲထည့်လိုက်တာ အရှင့်သား စိုက်စိုက်ပါအောင် စွဲနေရော့သလား.."

ငရုဇ်၏ ပစ်ပစ်နှစ်နှစ် ဝေဖန်စကားအား မင်းသားဟင်နရီ ချက်ချင်း မတုန့်ပြန်နိုင်ပါပေ။

" နေမာရီဆီ ဒီပန်းပွင့်ပြာကြီး ပင့်ချသွားလို့ကတော့ အရှင့်မယ်တော်ခမျာမယ် သုံးရက် သုံးညတိုင်တိုင် သက်ပြင်းတော်ချလို့ မောရော့မယ်ထင့်.."

နူးအာနှင့် မရမက အောင်သွယ်ပေးနေသော မယ်တော်မိဖုရားကို အောက်မေ့သတိရလာပြီမို့ ဟင်နရီမှာ မယ်တော့်ထက်အရင် စောလျင်စွာပင် သက်ပြင်းမောချလိုက်မိတော့သည်။

အိမ်ရှေ့စံမိဖုရား မတင်မြှောက်သေးခင် မယ်တော် ဒုံးဒုံးချ စိတ်မအေးနိုင်ပါဘူးဟု နေ့ရှိသရွေ့ ညီးတွားနေလွန်းလို့ ဒဏ္ဍရာနဲ့ဆိပ်ကမ်းအရေးကို အကြောင်းရှာပြီး ထွက်ပြေးလာခဲ့ရတာ မဟုတ်လား။ အိမ်ရှေ့စံမိဖုရားနေရာဆီ အနှီနတ်ဘုရားပျိုလေးအား အပိုင်ပေးချင်နေမှန်းသာ သိရင် မယ်တော်တော့ ဘယ်လိုတုန့်ပြန်ချေလိမ့်မယ်မသိ။

" လူချင်းဖြင့် မတွေ့ရသေးခင် အရှင့်သားနှယ် ချစ်တယ် ကြိုက်တယ်ဖြစ်ရောလားဟင်.."

ပြန်မဖြေပဲ တိတ်ဆိတ်ငြိမ်သက်နေသော ဟင်နရီ့အား အားမလိုအားမရဖြစ်စွာ ငရုဇ်က ဆက်ပြောလာလေသည်။

" ချောလို့လှလို့ သဘောတော်ကျရုံသက်သက်လည်း ဖြစ်နိုင်တာပဲ အရှင့်သား.. လှပတင့်တယ်တဲ့ ရုပ်ဆင်းအင်္ဂါကို လူတိုင်း နှစ်ခြိုက်သဘောကျတတ်တာပဲ.."

ရွှေပြည်တန်Where stories live. Discover now