(2)
မွေးစားရမယ်လား..
ငါ့မှာပဲ ပိုက်ဆံရှိပါစေဦး။ အခုလက်ရှိ ငါ့ရဲ့ဘဏ္ဍာရေးအခြေအနေနဲ့ဆိုရင် ငါကတောင်ပြန်ပြီးမွေးစားခံချင်သေးတာ.........
ငါ ချီတုံချတုံဖြစ်နေတာကိုမြင်ပြီး ကောင်စုတ်လေးကမတ်တပ်ထရပ်လာတယ်။ သူ့အရပ်က ငါနဲ့လယ်ဗယ်တူလောက်ရှိတယ်။ လေးနက်ခြင်းတွေပြည့်နေတဲ့ မည်းနက်နက်မျက်ဝန်းတစ်စုံနဲ့သူ ငါ့ကိုစိုက်ကြည့်ပြီးပြောပါတယ် "ကျွေးမွေးထားမယ်ဆိုလည်း ရပါတယ်"
အခုခေတ်ကလေးတွေက ဒီလောက်ကြီးကိုပွင့်လင်းကုန်ကြပြီလား။
"ချာတိတ်.. မင်းမျက်လုံးထဲမှာ ငါက သူဌေးပုံပေါက်နေလို့လား"
"ဟင့်အင်း. ခင်ဗျားက အနိုင်ကျင့်လို့ကောင်းမယ့်ပုံပဲပေါက်တယ်"
"......."
အသက်ပြင်းပြင်းရှု အသက်ပြင်းပြင်းရှု ဖန်းယွင်ရှန့်ရေ.. စိတ်လျော့ စိတ်လျော့ ဒင်းက ငယ်သေးတယ်ဟ။
ငါ နဖူးပေါ်မှာကျနေတဲ့ဆံပင်တွေကိုသပ်တင်ရင်း သူ့ကိုပြောလိုက်တယ် "မင်းမိသားစုရော?"
"အကုန်လုံးသေကုန်ပြီ"
"ချီးတဲ့မှပဲ..... မင်းမျက်လုံးထဲ ငါဆိုတဲ့ကောင်ကို သူငယ်နှပ်စားများမှတ်နေလား?" ငါ သူ့ရဲ့ရှပ်အင်္ကျီကော်လာကိုဖမ်းကိုင်လိုက်ပြီး ဒေါသတကြီးပြောဆိုလိုက်တယ်။ သူ တုန့်ပြန်မှာကိုလည်း ငါမကြောက်ဘူး၊ ဘာကြောင့်လဲဆိုတော့ အစောတုန်းက မိုးရေထဲမှာတွေ့ခဲ့မိတဲ့ သူ့မျက်ဝန်းတစ်စုံကို မှင်သက်ခဲ့မိလို့လေ။
"......."
ဒီခဏမှာ သူက တိတ်ဆိတ်သွားတယ်။ ရုတ်တရက်ခေါင်းကိုလှည့်လို့ ဝမ်းနည်းတဲ့အသွင်နဲ့ လမ်းကြားလေးရဲ့အဝင်ဝကိုမျှော်ကြည့်တယ်။ သူ့ပုံစံက ငိုချတော့မယ့်အတိုင်းပဲ။ တစ်သွေးတစ်ရောင်တည်းပြေးနေတဲ့ နှုတ်ခမ်းတွေကိုလည်း တင်းတင်းကျပ်ကျပ်စေ့ပိတ်ထားတယ်။ မိုးရေစက်တွေက သူ့ရဲ့သိမ်မွေ့တဲ့မေးရိုးတစ်လျှောက်ကျဆင်းလာပြီး အဖြူရောင်ရှပ်အင်္ကျီထဲကို စီးဝင်သွားကြတယ်။ ဒီအချိန်မှာ ငါလည်း သူ့ခန္ဓာကိုယ်ပေါ်က အမာရွတ်တွေကို မြင်မိခဲ့တယ်......