(4)
အဲဒိအချိန်ကစလို့ ကောင်ငယ်လေးနဲ့ငါနဲ့ အတူနေခဲ့တယ်။ သူက ကျောင်းသားတစ်ယောက်လည်းမဟုတ်ဘူး။ သူပြောပုံအရတော့ ပြေးရင်းလွှားရင်းရုပ်ဖျက်ဖို့ ကျောင်းသားယူနီဖောင်းအလစ်သုတ်လာတာလို့ပြောတယ်။ ပြီးတော့လည်း အခုအချိန်အိမ်ပြန်လို့မရဘူးလို့ပြောပြီး ငါ့အိမ်မှာ အခန့်သားတက်နေပါတယ်။
သူပြောတာက သူ့အမေက သူထိခိုက်မှာစိုးလို့ သူငယ်ငယ်လေးထဲက အမြဲတမ်းရိုက်တတ်တယ်တဲ့။ သူကောင်းဖို့အတွက် ရိုက်ရတာတဲ့လေ။ သူ့အဖေကလည်း ဂရုစိုက်လွန်းတာကြောင့် နည်းလမ်းမျိုးစုံသုံးပြီး ကိုယ်ခံပညာတွေ သင်ပေးခဲ့ပါတယ်တဲ့။
သူကပြောတယ်.... ဒါတွေက သူ့မိဘတွေရဲ့ ချစ်တတ်ပုံနည်းလမ်းတွေတဲ့လေ။
သူ့အတွက်တော့ အချစ်ဆိုတာ အကြမ်းဖက်ခြင်းနဲ့နာကျင်ခြင်းနဲ့ ညီမျှတယ်လို့ အဲဒိအချိန်မှာ ငါနားလည်ခဲ့တယ်...........
မင်းရဲ့မိသားစုတွေကဘာလုပ်လိုက်လို့ မင်းဘာကြောင့် အိမ်မပြန်ချင်တာလဲလို့တော့ ငါမမေးနိုင်ခဲ့ဘူး။ ဒါက သူ့ရဲ့နောက်ဆုံးပိတ်သည်းခံနိုင်စွမ်းမလား။
တကယ်လို့မင်းသာ အဲဒိအကြောင်းအရာကို အစဆွဲထုတ်ပြီးမေးလိုက်မိမယ်ဆိုရင် သူက မင်းကိုသုံးနာရီလုံးလုံးစကားမပြောတော့ဘဲ မကျေမနပ်ရပ်ကြည့်နေတော့မှာ...
ဒါလေးကလွဲလို့ ကျန်တာတွေကတော့ အေးအေးချမ်းချမ်းပဲ။ အနည်းဆုံးတော့ ငါ့အိမ်လေးက အရင်တုန်းကလို အထီးကျန်မနေတော့ဘူး။ မနူးမနပ်စိတ်ပညာရှင်အကြံပေးပေါက်စလေး ငါကလည်း သူ့ကိုအများကြီးပြောင်းလဲလာအောင်မလုပ်ပေးနိုင်ဘူး။ ဒါပေမယ့် ငါ့အိမ်ထဲမှာ ပျင်းရိနေဖို့လည်း ဘယ်တော့မှခွင့်မပြုခဲ့ဘူး။
အဲ့ကောင်လေးက သနားစရာကောင်းတဲ့မျက်နှာပေး ဘယ်လိုလုပ်ရမလဲဆိုတာလည်းသိတယ်။ စိုင်ဖန်အန်း*နဲ့တူလွန်းလှတဲ့မျက်နှာပေးကလေးနဲ့ ငါ့ကိုကြည့်ပြီးပြောတာက သူ အသင့်စားခေါက်ဆွဲပြုတ်တွေ မစားနိုင်ပါဘူးတဲ့လေ။ တီဗွီလည်းကြည့်ချင်ပါသတဲ့လေ......
(*အလွန်တရာချောမောလွန်းသည်ဟု သမုတ်ခြင်းခံရသော အနောက်ကျင်းမင်းဆက်မှ နာမည်ကြီးစာဆိုတော်)