(12)
သူက ဒဏ်ရာအနာတရတွေနဲ့ ပြန်လာခဲ့တယ်။
သူ အခန်းထဲကိုဝင်လာတဲ့အချိန်မှာ ငါ ခေါင်းထောင်ပြီးကြည့်လိုက်မိတော့ သူ့ရဲ့ချောမောလှပပြီးခံစားချက်မဲ့နေတဲ့မျက်နှာကို မြင်ရတယ်။ သူ့နှုတ်ခမ်းထောင့်စွန်းတွေက အနည်းငယ်နီရဲပြီးယောင်ကိုင်းနေတယ်။ သူ့အဝတ်အစားတွေက ရွှံတွေရော ပြဲရာရှရာတွေနဲ့ ညစ်ပတ်ပေတူးလို့..... အဲဒိအချိန်မှာ ငါက ရှပ်အင်္ကျီအရှည်ကြီးကိုဝတ်ထားပြီး ဆိုဖာခုံပေါ်ထိုင်ကာ တယ်လီဗေးရှင်းကြည့်နေတာပါ။
"ကျုပ်ပြန်လာပြီ" သူကပြောပါတယ်။
ငါ မတ်တပ်ထရပ်ပြီး သူ့နှုတ်ခမ်းထောင့်စွန်းတွေကိုကြည့်ရင်းမေးမိတယ် "မင်း ရန်ဖြစ်လာတာလား?"
"အင်း"
"ဘယ်သူနဲ့လဲ?"
ယဲ့ချန်ရှန်းပုံစံက ကိုယ်ပိုင်ကမ္ဘာငယ်လေးထဲက ရုန်းမထွက်နိုင်သေးသလိုပဲ။ ငါ့မျက်နှာကိုပွတ်သပ်လာပြီး စကားလမ်းကြောင်းလွှဲတယ် "ဘာဖြစ်လို့ ခင်ဗျားမျက်နှာအရောင်က အရမ်းဆိုးရွားနေရတာလဲ?"
ငါ သူ့လက်ကိုဆွဲဖယ်ရင်းပြောလိုက်တယ် "မင်း ငါ့ကို ကြိုးဖြုတ်ပေးမယ်ဆိုရင် မျက်နှာအရောင်က ကောင်းချင်ကောင်းသွားမှာ"
"ကျုပ် ခင်ဗျားကို လွှတ်ပေးမှာမဟုတ်ဘူး၊ ခင်ဗျားပဲသင်ပေးထားတာလေ ဘာတွေပဲပေးဆပ်ရပါစေ ဇွဲမလျှော့တမ်းဆုပ်ကိုင်ထားရမယ်ဆို"
"ငါပြောတာက သက်မဲ့ပစ္စည်းတွေကိုပြောတာ၊ လူတွေကိုပြောတာမဟုတ်ဘူး"
သူက ငါ့လက်ထဲက ရမုကွန်ထရိုးကိုယူပြီး ချန်နယ်တွေပြောင်းရင်းက ပြန်ပြောတယ် "ခင်ဗျားက ကျုပ်ပိုင်တဲ့ပစ္စည်း...."
တယူသန်လွန်းတဲ့သူ့ကို ငါတော်တော်စိတ်ပျက်မိနေပြီ "ချန်ရှန်း.. သံကြိုးဖြုတ်ပေး"
"ဟင့်အင်း"
"မင်းက ငါ့ကိုရူးသွားစေချင်လို့လား?"
ယဲ့ချန်ရှန်းရဲ့လက်တွေက နောက်တစ်ကြိမ်ငါ့မျက်နှာကိုပွတ်သပ်ပြန်တယ် "ရှီးယန်ကပြောတယ်၊ ပတ်ဝန်းကျင်နဲ့လိုက်လျောညီထွေနေတတ်တဲ့သတ္တဝါတွေထဲမှာ လူကအတော်ဆုံးပဲတဲ့၊ သိပ်မကြာခင် ခင်ဗျား နေသားကျသွားပါလိမ့်မယ်"