Bonus Chapter Brought to You by Leo (User 25216168) , Thank u ပါ sis ရေ..
(16)
မနက်ဖက် ငါနိုးလာတဲ့အချိန်မှာ ယဲ့ချန်ရှန်းက ငါ့ခြေထောက်နားမှာထိုင်နေတယ်။ ငါ့ခြေကျင်းဝတ်ကိုကိုင်ပြီး စိတ်တွေလွင့်နေပါတယ်။ နောက်ထပ်သူ့လက်ထဲမှာ သုံးရက်လုံးလုံးငါ့ခြေထောက်ကိုခတ်ထားတဲ့ ချိန်ကြိုးကိုလည်း ကိုင်ထားသေးတယ်။
သူ့ပုံစံက အနည်းငယ်ဝေခွဲမရဖြစ်နေပုံပေါ်တယ်။ ဖြစ်လည်းဖြစ်သင့်ပါတယ်။ သံကြိုးခတ်ထားတဲ့ခြေကျင်းဝတ်ပတ်လည်ကအရေပြားတွေက အတော်လေးတောင် ပွန်းပဲ့ကုန်ပြီကိုး။ ငါကလည်း ကြိုးချည်ခံထားရတဲ့ဒီသုံးရက်မှာ နှစ်ရက်လောက်က ဒေါသထွက်ထွက်နဲ့ ကြိုးတွေကိုဆောင့်ဆွဲတတ်တာကြောင့် ဒဏ်ရာကအတော်လေးကိုပြင်းထန်နေပါတယ်။
ငါ့ခြေထောက်မှာ ချိန်းကြိုးကိုပြန်ခတ်ဖို့ကိုတော့ သူ့နှလုံးသား အတော်လေးရက်စက်တတ်မှပဲရမယ်။
ငါ့မျက်စိထဲမှာတော့ ယဲ့ချန်ရှန်းကို ကလေးလေးလို့မြင်မိနေတုန်းပဲ။ ဒင်းက မျက်ခုံးကိုအသာတွန့်လို့ ဝေခွဲမရဖြစ်နေပုံနဲ့ လက်ထဲကသံကြိုးကိုလည်း ဟိုဟိုဒီဒီဆော့နေသေးတယ်။ သူ့ရဲ့ဒီအပြုအမူလေးတွေက ငါ့မနက်ခင်းဆန္ဒတွေကို မြင့်တက်လာစေလို့ ငါ သူ့မျက်နှာကိုလှမ်းကန်လိုက်ပါတယ်။
ယဲ့ချန်ရှန်းက တိုက်ရည်ခိုက်ရည်ကောင်းတာသိသာလွန်းတယ်။ သူက ငါ့ခြေထောက်ကိုဆွဲဖမ်းပြီးအောက်ပြန်ချကာ ငါ့ကိုလှည့်ကြည့်လာတယ်။ အနက်ရောင်မျက်ဝန်းတစ်စုံက ငါ့ကိုတည့်တည့်စိုက်ကြည့်နေပြီး မျက်နှာပေါ်မှာတော့ ရှက်ကိုးရှက်ကန်းဖြစ်နေတဲ့အရိပ်အယောင်လေးတွေရှိတယ်။
သူ့ပုံစံက မဟုတ်တာလုပ်နေတုန်းလူမိသွားတဲ့ ကလေးလေးတစ်ယောက်အတိုင်းပဲ။ ဘာမှပြန်မပြောလာဘူး။
ဒါပေမယ့် ငါသိပါတယ်။ သူက ငါ့ခြေထောက်မှာသံကြိုးပြန်ခတ်ရင်ကောင်းလား မကောင်းလား ချီတုံချတုံဖြစ်နေတာ...
ငါ ကျောကိုဆန့်လို့ ခေါင်းကိုလှည့်ရင်း အပျင်းကြောဆန့်လိုက်တယ်။ ငါ့ဆံပင်ရှည်ရှည်တွေလည်း လုံးဝကိုရှုပ်ပွနေပြီ။ မနေ့ညက ခေါင်းရေခြောက်အောင်မသုတ်ဘဲ အိပ်သွားတာကြောင့် အခုငါ့ခေါင်းက ငှက်သိုက်ဖြစ်နေပြီမှန်း ခန့်မှန်းလို့ရတယ်။ ဆံပင်ပျော့တဲ့လူတွေရဲ့ဒုက္ခကလည်း မသေးပါဘူး။