(29)
ငါ အကြာကြီးအိပ်ပျော်သွားလို့ဖြစ်နိုင်တယ်၊ ပြန်နိုးလာတဲ့အချိန်မှာ ယဲ့ချန်ရှန်းက အိပ်ပျော်နေဆဲဖြစ်ပါတယ်။ ဒါက အနည်းဆုံးတော့ ငါ့လိုလူပျင်းတစ်ယောက်ကြုံတွေ့ရတဲ့ အလွန်အလွန့်ရှားပါးတဲ့ဖြစ်ရပ်တစ်ခုပါ။
အရင့်အရင်နေ့တွေတုန်းကတော့ ငါ့မျက်လုံးတွေကိုဖွင့်လိုက်တာနဲ့ သူ့ရဲ့မျက်ဝန်းနက်နက်တွေကိုရင်ဆိုင်ရလေ့ရှိတယ်။ နောက်တော့ ဘာမှန်းညာမှန်းတောင်မသိသေးခင် အိပ်ချင်မူးတူးဖြစ်နေတဲ့ငါ့ခေါင်းကိုကိုင်ပြီး နှုတ်ခမ်းထောင့်စွန်းတွေကိုနမ်းလာရင်း "ယွင်ရှန်း ဂွတ်မောနင်း" လို့ပြောလေ့ရှိတယ်။
ဒါက မနက်တိုင်း သူ့အကျင့်။ ဒီလိုလေးနမ်းလိုက်ရမှ နေသာထိုင်သာရှိသွားသလား အောက်မေ့ရတယ်။ ငါကတော့ ကိုယ့်အတတ်ကိုယ်စူးတာပဲပေါ့။ ပြီးခဲ့တဲ့အခေါက်က သွားသင်ပေးမိတာကိုး။
မနေ့တုန်းက သူအိမ်သာထဲကပြန်ထွက်မလာခင် ငါအိပ်ပျော်သွားခဲ့ပြီး နောက်တစ်နေ့ရောက်သွားခဲ့တယ်။ ဒါကြောင့် ငါနိုးလာတဲ့အချိန် ယဲ့ချန်ရှန်းမနိုးသေးတာ အံ့သြစရာမရှိပါဘူး။ သူ့နဖူးပေါ်ပြန့်ကျဲနေတဲ့ဆံပင်တွေကို ငါတို့ထိဆော့ကစားရင်း ဟိုအကြောင်းသည်အကြောင်းတွေးတောနေမိတယ်။
တွေးရင်းတွေးရင်း ဘာမှတွေးစရာမကျန်တော့တဲ့အခါ ငါ့မျက်လုံးတွေက ယဲ့ချန်ရှန်းပါးပြင်ပေါ်ရောက်လာပါတယ်။
ဒီလိုစိတ်ချလက်ချအိပ်မောကျနေတာမျိုးက သူ့အတွက်တော့ သိပ်ကိုရှားပါးလွန်းတယ်။ မျက်ခုံးတန်းတွေဖြောင့်တန်းနေတာ အေးစက်ပြတ်သားမှုတွေအပြည့်။ ဘယ်လိုကြည့်ကြည့် ကြည့်မဝနိုင်ဘူး။ ဒီလိုမျိုးမိစ္ဆာမျက်နှာလေးနဲ့ ဘယ်လိုများမွေးဖွားလာပါလိမ့်။ ငါက သူ့ကိုစူးစမ်းထောက်လှမ်းရေးလုပ်နေတုန်း ယဲ့ချန်ရှန်းကငါ့ကိုအလွတ်မပေးချင်ဘူးထင်ပါရဲ့.... သူ့မျက်လုံးတွေကိုဖွင့်လိုက်တယ်။
ငါမလန့်ပါဘူး... ဘာလို့ဆိုတော့ ငါကသူ့မျက်လုံးတွေပွင့်လာတဲ့အချိန်ကိုစောင့်နေတာလေ။ သူ့လည်ပင်းကိုလက်နှစ်ဖက်နဲ့လှမ်းချိတ်ပြီး နဖူးပြေပြေပေါ်ကို အပြုံးပါးပါးလေးတစ်ခုနဲ့ဖိကပ်အနမ်းပေးလိုက်တာပေါ့။