(3)
လူနှစ်ယောက်ထွက်သွားပြီးနောက်မှာ လမ်းကြားက စိုစွတ်မှောင်မဲနေဆဲပဲ။ သိပ်မကြာလိုက်ဘူး၊ လူငယ်လေးထိုင်နေခဲ့တဲ့နေရာမှာ အခြားလူနှစ်ယောက်ပေါ်ထွက်လာတယ်။ လူနှစ်ယောက်ထဲက ဝတ်စုံအမည်းနဲ့တစ်ယောက်က ကျန်တစ်ယောက်ကို ထီးမိုးပေးထားတယ်။ အမည်းရောင်ရှေ့ဆံပင်တွေကိုလည်း တင်းရင်းနေအောင် နောက်လှန်ဖီးထားလေရဲ့။ စူးရှတဲ့ပြုံးတုံးတုံးမျက်ဝန်းတစ်စုံက ထွက်သွားတဲ့လူငယ်လေးထိုင်ခဲ့တဲ့နေရာကိုကြည့်နေတယ်။ နေရာမှာက ညှီစို့စို့အနံ့တစ်ခုနဲ့ ပန်းသွေးဖျော့ရောင် ခြေရာလက်ရာတွေမြေကြီးပေါ်မှာတင်ကျန်ခဲ့တယ်။ သွေးကွက်တွေလို့ပြောရင်လည်းမမှားဘူး။
"ယဲ့ချန်ရှန်း.. ယဲ့ချန်ရှန်း၊ မင်းက မင်းကိုမွေးပေးခဲ့တဲ့ခွေးမ ပေးခဲ့တဲ့နာမည်အတိုင်းပဲ ဖြစ်နေသင့်တာ၊ ကျန်တဲ့သက်တမ်းတစ်လျှောက်လုံး စိတ်ပျက်စရာဘဝထဲမှာပဲ ပါးစပ်ပိတ်ပြီးနေသင့်တာ၊ အခုလို နာကျင်စရာတွေနဲ့ရုန်းကန်နေလို့ ဘာများထူးလာမှာလဲကွ"
ထီးအောက်ကငယ်ရွယ်တဲ့လူက အင်္ကျီလည်စီးကို အနည်းငယ်ပြင်စီးလိုက်ပြီး ယုတ်ညံ့စွာရယ်လိုက်ပါတယ် "ကြွက်က ကြွက်လိုပဲနေသင့်တယ်"
ပြောစရာစကားကုန်တဲ့အခါ လူငယ်က လှည့်ထွက်သွားပြီး မနီးမဝေးမှာရပ်ထားတဲ့ဇိမ်ခံကားကြီးဆီ လျှောက်သွားတယ်။
သူက သူ့ကိုထီးဆောင်းပေးတဲ့လူကို ပြောလိုက်ပါတယ် "ခင်ဗျားလူတွေကိုပြောလိုက်၊ အဲဒိကြွက်ကို ဒီနေရာမှာပိုက်စိပ်တိုက်လိုက်ရှာခိုင်း၊ ရှာတွေ့ရင် ဘာလုပ်ရမလဲသိတယ်မလား"
"ဟုတ်ကဲ့ သိပါတယ်၊ ဒီအကြောင်းကိုလည်း သခင်ကြီးလုံးဝမသိစေရပါဘူး"
"ကောင်းတယ်"
ထီးအောက်က လူငယ်လေးရဲ့ချောမောတဲ့မျက်နှာမှာ အေးစက်ပြီးအကြင်နာကင်းမဲ့တဲ့ အမူအရာတွေရှိတယ်။ သေချာတယ် သူ့ပုံစံက အမျိုးသမီးတွေကိုကျွတ်ကျွတ်ထိုးညံစီအောင် လုပ်နိုင်မယ့်မျက်နှာမျိုးပဲ။ တစ်ခုပဲ... အေးစက်လွန်းပြီး ရက်စက်လွန်းတဲ့အရိပ်အယောင်လေးရှိတာက လွဲလို့ပေါ့လေ။