(7)
ငါ့ရည်စားဟောင်းပြန်သွားတဲ့အချိန်မှာ ငါ့တစ်ကိုယ်လုံးစိတ်ရောကိုယ်ပါချုံးချုံးကျသွားခဲ့တယ်။ ငါ့ဘဝကိုပြန်သုံးသပ်ပြီး နားလည်သွားခဲ့တာက သိပ်ကိုသနားစရာကောင်းတဲ့ငါပါလားလို့........
ငါ့မှတ်ဉာဏ်တွေစတင်တဲ့အချိန်က မိဘမဲ့ဂေဟာမှာ၊ နောက်တော့ အသက်(၁၀)နှစ်မှာ ငါ့လက်ရှိအမေကမွေးစားခဲ့တယ်။ နှစ်အနည်းငယ်ကြာပြီးတော့ ငါ့ပထွေးရဲ့စွန့်ပစ်ခြင်းကိုခံရပြီး အထီးကျန်သောကတွေနဲ့ ရှင်သန်ခဲ့ရပြန်တယ်။ ငါ့ရဲ့ကျန်ရှိတဲ့ဘဝတစ်လျှောက်လုံး ဒီအတိုင်းပဲ ဖြစ်နေလိမ့်မယ်လို့ ငါအမြဲတမ်းတွေးခဲ့တာ။ ဒါပေမယ့် မိုးနတ်မင်းက မျှော်လင့်ချက်ကလေး ချီးမြှင့်ချင်တော့ အဲဒိနှစ်ရဲ့နွေရာသီမှာ ငါ့ကိုချစ်တဲ့ကောင်မလေးတစ်ယောက်နဲ့ဆုံတွေ့ခဲ့တယ်။ မိန်းကလေးပြောတာက ငါ့အတိတ်ကိုလည်း ဂရုမစိုက်ပါဘူးတဲ့၊ အခက်အခဲတွေ ဘယ်လောက်ပဲ ရင်ဆိုင်ကျော်လွှားရပါစေ ငါနဲ့တစ်သက်လုံးအတူရှိချင်ပါတယ်တဲ့။ ငါကတော့ ဘဝတစ်လျှောက်လုံး ကာကွယ်ပေးချင်တဲ့ လက်တွဲဖော်ရှာတွေ့ပြီလို့ ထင်ခဲ့တာ။ ဒါပေမယ့် "အဲဒိလူ"ရဲ့ဇိမ်ခံကားကြီးနဲ့ မတော်တဆတိုက်မိပြီးနောက်မှာ အရာရာအားလုံး ပြောင်းလဲသွားခဲ့ရတယ်။
ငါက ကားတိုက်ခံရလို့ မြေပြင်ပေါ်ကိုလဲကျပြီး ဒူးခေါင်းနှစ်ဖက်အပြင်းအထန်နာကျင်သွားခဲ့တယ်။ အဲဒိလူက ကားထဲကထွက်လာပြီး အနားကိုဖြည်းဖြည်းလျှောက်လာကာ မြေကြီးပေါ်လဲကျနေတဲ့ငါ့ကိုကြည့်ပါတယ်။ ငါ ခေါင်းကိုမော့လို့ သူနဲ့အကြည့်ချင်းဆုံမိတယ်။ ငါမြင်ရတဲ့မျက်ဝန်းတစ်စုံက သိပ်ကိုကြောက်ဖို့ကောင်းနေခဲ့တယ်။ အဲဒိမျက်ဝန်းတွေထဲက စိတ်အားထက်သန်မှုတွေ... အရာအားလုံးကို ထိန်းချုပ်ထားနိုင်တဲ့စွမ်းအားတွေ...... ငါ အသက်ရှုလို့တောင် မရခဲ့ပါဘူး......
အဲဒိလူက နေမင်းကြီးကိုကျောခိုင်းထားပြီး ငါ့မြင်ကွင်းကိုကွယ်ရပ်နေခဲ့တယ်။ သူ့အရိပ်က ငါ့ကိုယ်ပေါ်မှာ။ သူ့ရဲ့မျက်ခုံးတန်းတွေက အထက်ဖက်ကိုဖြောင့်တန်းနေပြီး ချောမောလှပတဲ့ကိုယ်နေဟန်ထားနဲ့ မျက်နှာပေါ်မှာလည်း အပြုံးရေးရေးတစ်ခုကိုဆင်မြန်းထားတယ်။ သူက အောက်ကိုကိုင်းလိုက်ပြီး မြေကြီးပေါ်ကငါ့ကိုဆွဲထူကာ သူ့လက်မောင်းထဲထည့်ထားရင်းပြောပါတယ်။ ကြီးကျယ်ခမ်းနားလွန်းပြီး ဖော်ရွေမှုကင်းတဲ့အသံမျိုးနဲ့လေ "ကိုယ် မင်းကို ဆေးရုံလိုက်ပို့ပေးမယ်"