(36)
ယဲ့ချန်ရှန်း ပြန်လာတဲ့အချိန်မှာ ငါက ဆိုဖာပေါ် ပျင်းပျင်းရှိ ကျောခင်းနေတုန်းပဲဖြစ်ပြီး တစ်စက်ကလေးမှ လှုပ်ချင်စိတ်မရှိဘူး။ တံခါးဖွင့်သံ ကြားချင်းချင်းမှာ မြေပဲက ငါ့ကိုယ်ပေါ်က ထိုးဆင်းပြီး တရှိန်ထိုးပြေးချသွားတယ်။ ငါ့ရဲ့ ပါးလျပ်လျပ် ပျော့စိစိ ဗိုက်သားကို ခြေကန်သွားပြီး ယဲ့ချန်ရှန်းရင်ခွင်ထဲ ခုန်ပေါက်ပြေးဝင်သွားတယ်။ တအီအီအော်မြည်နေတဲ့ သူ့အသံက ငါ့နားထဲ ကပ်ချွဲနေတဲ့ ကလေးတစ်ယောက်နဲ့တူတယ်။
ကျေးဇူးမသိတတ်တဲ့ သောက်ခွေးလေး.. သူ့ကို အိမ်ထဲမှာ တစ်နေ့လုံး အဖော်လုပ်ပေးနေတာ၊ ကိုယ်ပေါ် ပေးအိပ်ထားပြီး ကြိုက်သလို သောင်းကျန်းခွင့်ပေးထားတာ ဘယ်သူမို့လို့လဲ တွေးတောင် မတွေးတတ်ဘူးလား...
ယဲ့ချန်ရှန်းက မြေပဲကို လက်တစ်ဖက်နဲ့ ကောက်ချီလိုက်တယ်။ ပြီးတော့ ငါ့အပေါ်ကို ကိုင်းချလာပြီး ပါးကိုလာနမ်းတယ် "ပြန်လာပြီ"
သူ့အသားအရောင်က နည်းနည်းတော့ ဖြူဖျော့နေတယ်။ ငါစိုးရိမ်ရတာလည်း ဒါပဲ။ ငါ သူ့ကို ပြန်မဖြေခင် လက်ကိုဆန့်ပြီး သူ့လည်ပင်းကို လှမ်းဖက်ပြီးမှ "ငါစောင့်နေတာ" လို့ ပြောလိုက်တယ်။ ပြီးတော့ သူ့နဖူးကို လှမ်းနမ်းလိုက်တယ်။
သူ့နှုတ်ခမ်းထောင့်စွန်းတွေ အသာပင့်တက်သွားပြီပေါ့။ ဒီနေ့ သူ့ပုံစံကြည့်ရတာ စိတ်ကောင်းဝင်နေပုံရတယ်။ သူက ငါ့ကို ကောက်ပွေ့တယ်။ ပြီးတော့ ငါ့ကိုယ်အလေးချိန်ကို မကျေနပ်ဘူး ထင်ပါရဲ့၊ လက်ထဲ တဆဆလုပ်ရင်း "ယွင်ရှန်း ခင်ဗျား ထပ်ပိန်သွားပြန်ပြီ" လို့ပြောတယ်။
"အဲ့ဒါ ရှီးယန်က နေ့တိုင်း ဆန်ပြုတ်တွေပဲ သောက်ခိုင်းနေလို့ မဟုတ်ဘူးလား" ဒီနေ့က ရှားရှားပါးပါး ဆန်ပြုတ်ထဲ အသားလေးတွေ မြင်ရတဲ့နေ့၊ ဒါပေမယ့် ငါက အကြောင်းကြောင်းကြောင့် စားတောင် မစားနိုင်ခဲ့ဘူး....
"ခင်ဗျားက ရက်တွေအများကြီး အစာအငတ်ခံထားတာ၊ အစာအိမ်က အဆီများတဲ့အစာတွေကို ခံနိုင်ဦးမှာမဟုတ်ဘူး" သူ့ဆီက ဒီစကားက လျှောလျှောရှူရှူထွက်လာတယ်၊ ရှီးယန်သင်ပေးထားတာ ဖြစ်မှာပေါ့။