Bonus Chapter Brought to You by @honeyhoney9435. Thank You ပါရှင့်...
(17,18)
"ကျွတ်..."
တစုံတရာက ငါ့မျက်နှာကိုလာလျက်နေတယ်။ သွားစမ်း...
"ချန်ရှန်း ချန်ရှန်း.. ဖယ်စမ်းပါကွာ၊ မနေ့ညက မလုံလောက်သေးဘူးလား?!" ငါ စိတ်မရှည်လက်မရှည်ဖြစ်လာလို့ မျက်လုံးဖွင့်ပြီး အိပ်ရာပေါ်ထထိုင်လိုက်တယ်။
"ဝုတ်!"
မနက်ခင်းအိပ်ရာထကာစ အလွန်အမင်းကျဆင်းနေတဲ့သွေးဖိအားကြောင့် ငါ့ဦးနှောက်ကကောင်းကောင်းအလုပ်မလုပ်သေးဘူး။ မျက်စိရှေ့မြင်နေရတဲ့ အဝါရောင်အမွေးလုံးလေးကိုပဲ ကြည့်နေရတယ်။
ဒါ.. ဘယ်ကရောက်လာတဲ့ဟာလေးလဲ...
ငါ အဲဒိသေးသေးကွေးကွေးအရာလေးကို ကောက်ကိုင်လိုက်ပြီး ခဏလောက်စိတ်ပျက်လက်ပျက်ကြည့်နေလိုက်တယ်။
တော်တော်ကြာကြာစဉ်းစားပြီး နောက်ဆုံးမှသတိရသွားတာက.. ဒါက ချန်ရှန်းယူလာတဲ့ ရွှေရောင်တယ်ရီယာခွေးကလေးလေ...
"ဝုတ် ဝုတ်! ဂွီး..."
ငါ့လက်ထဲအကောင်လေးက ငါ့ကိုကြည့်ပြီးဟောင်ပြန်တယ်။ နောက်ပြီး သူ့ဗိုက်သေးသေးလေးထဲကလည်း အသံမျိုးစုံထွက်လာပြန်တယ်။
ငါ သူ့ကိုကြမ်းပြင်ပေါ်ချပေးလိုက်ပြီး အနည်းငယ်တွန့်ကြေနေတဲ့ရှပ်အင်္ကျီအဖြူကို ဖြစ်သလိုကောက်ဝတ်လိုက်ပါတယ်။ ငါက သေသေသပ်သပ်မဝတ်ချင်တာမဟုတ်ပါဘူး၊ အင်္ကျီကိုက မနေ့ညကယဲ့ချန်ရှန်းဆွဲဖြဲလို့ ကြယ်သီးသုံးလေးလုံးပြုတ်နေတာပါ။ ဘာပဲဖြစ်ဖြစ်ပါ အိမ်မှာလည်းလူတစ်ယောက်မှမရှိဘူး၊ ခွေးတစ်ကောင်ကိုတော့ ရှက်နေစရာဘာမှမရှိဘူးလေ။
အိပ်ရာပေါ်ကဆင်းဆင်းချင်းမှာ ငါ့ခြေထောက်နှစ်ဖက်ကပျော့ခွေသွားပြီး ယိုင်လဲတော့မတတ်ဖြစ်သွားတယ်။ အနီးနားကဗီဒိုကို မျက်စိရှင်ရှင်နဲ့အလျင်စလိုလှမ်းကိုင်လိုက်တာသာမဟုတ်ရင် ပြုတ်ကျပြီးလောက်နေပြီ။
"လူကို နည်းနည်းပါးပါးညှာတာရကောင်းမှန်းမသိတဲ့ ခွေးကောင်!" ငါ ဒေါသထွက်ထွက်နဲ့ ကြမ်းပြင်ပေါ်ကခွေးကလေးကိုငေါက်ငမ်းလိုက်တယ်။ သူကတော့ကြောက်ပြီး ချောင်ကပ်သွားတယ်။ ငါက ခွေးခေါင်းကိုခြေချောင်းလေးတွေနဲ့လှမ်းဖိလိုက်ပြီးမှ အတည်ပေါက်ကြီးမေးလိုက်ပါတယ် "မင်းကို နာမည်ပေးရဦးမှာပဲ၊ ဟင်? ရွှေတယ်ရီယာလေး?"