(41,42)
တုန်းယန်ပြောတဲ့ စကားတွေထဲ တစ်ခွန်းက အလွန်ပြောင်မြောက်တယ်။ အလှလေးက ဘေးမှာရှိတဲ့အခါ ဧကရာဇ်က ညီလာခံမတက်တော့ဘူးတဲ့။ သူ ဘာလို့ ဒီလိုပြောလဲဆိုတော့ ငါ စပြီး လိမ္မာလာကတည်းက ယဲ့ချန်ရှန်းက လေးရက်လုံးလုံး ငါ့နားမှာပဲ တဖဝါးမခွာဘဲ ကပ်နေလို့ ဖြစ်ပါတယ်။ ဒါပေမယ့် တကယ်တမ်း သူ ဒါကိုပြောတဲ့အချိန် ငါအရမ်းကျေနပ်နေခဲ့တယ်။ အင်း.. အလှလေးလေ.. ငါ့ရဲ့အခုလက်ရှိ ဆံပင်ပုံစံနဲ့တောင် ငါ့က အလှလေးလေ...
ငါ့အိမ်ကချန်ရှန်းရဲ့ ခေါင်းမာပုံကို ဘယ်သူမှ မခံနိုင်ဘူး။ နတ်မင်းကြီးလေးပါးက ရွေးချယ်စရာ ဘာမှ မရှိတော့တဲ့အခါ သူတို့ကိုယ်တိုင် ရောက်လာရတယ်။
ဒါကြောင့် အဲဒိနေ့က နေ့လည်စာစားပြီးကြတော့ သူက နတ်မင်းကြီးလေးပါးနဲ့ အစည်းအဝေး လုပ်တယ်။ ငါကတော့ အဆောင်လေးဘေးနားက ကြိုးပုခက်ပေါ်မှာ မြေပဲကို ဖက်ရင်း အေးအေးလူလူ အနားယူနေတယ်။ မြေပဲက သူ့သဘောရှိ စားပြီးသောက်ပြီးပြီဆို အထူးတလည် လိမ္မာသွားပြီ။ သူက နေ့ခင်းနေ့လည်တရေးတမော အိပ်နေစဉ်မှာ သူ့ခေါင်းသေးသေးလေးကို ငါ့ကိုပေးကိုင်ထားတယ်။
ငါက ပုခက်ပေါ် မျက်လုံးတွေ ပိတ်တစ်ဝက် ဖွင့်တစ်ဝက်၊ ခန္ဓာကိုယ်က ငြိမ့်ငြိမ့်ညောင်းညောင်း ယမ်းလို့.. ဘယ်တုန်းကမှ ဒီလောက် မငြိမ်းချမ်းခဲ့ဖူးဘူး။ ဒါပေမယ့် ငြိမ်းချမ်းသာယာတဲ့အချိန်က အဖျက်အမှောင့် အနှောင့်အယှက်တွေကြောင့် အကြာကြီးမခံဘူး။ "မရီး" လို့ အော်သံကို ကြားလိုက်ပြီးနောက်မှာ ဗိုက်ပေါ်က ရွှေရောင်တယ်ရီယာလေးတောင်မှ လန့်နိုးသွားခဲ့တယ်။
ငါမျက်လုံးဖွင့်ပြီး ကြည့်လိုက်တော့ မျက်စိရှေ့မှာက တုန်းယန်။ ဘာလာလုပ်ကြတာလဲ...။ ငါ ခေါင်းကိုက်သွားပြီး မျက်ခုံးတွေကို ဖိလိုက်တယ်။ ဘာဖြစ်လို့များ ယဲ့ချန်ရှန်းက နတ်ကြီးလေးပါးကို ခြံဝင်းထဲ ခေါ်လာတာလဲ။
"မင်းတို့ဘာလို့ ရောက်လာကြတာလဲ၊ မကြားသင့်တဲ့စကားတွေ ငါကြားသွားမှာ မကြောက်ဖူးလား" လန့်ဖြန့်နေတဲ့ မြေပဲကို ခေါင်းလေးပွတ်ပေးလိုက်ပြီး ယဲ့ချန်ရှန်းလက်ထဲ ကမ်းပေးလိုက်တယ်။