အခန်း၃၈။ ရှန့်ထန်ကုန်သည်ကြီးများအသင်း(၁)
ချန်အန်းမြို့တော်သည် မိုင်၂၀ခန့်မျှသာ ကျယ်ဝန်းသည့်အပြင် သူတို့သုံးယောက်လုံး၏ နေအိမ်များက တစ်အိမ်နှင့်တစ်အိမ် ကပ်လျက်တည်ရှိနေကြသောကြောင့် ကျင်းတချမ်သည် မြန်မြန်ထွက်ခွာသွားပြီးနောက် မကြာမီမှာပဲ ပြန်ရောက်လာခဲ့သည်။
လီယင်၏စိတ်ထဲ၌ မှတ်မိသလောက်ကတော့ ချမ်ဟွိုက်လျန့်၊ လုပါးယန်းနှင့် ရှောင်လွေ့တို့သည် အရင်ကတည်းက သူ့အပေါ်တွင် သစ္စာရှိခဲ့ကြသည်သာ။ ထို့ကြောင့် လီယင်က ဒီတစ်ကြိမ်မှာတော့ သူတို့သုံးယောက်တည်းကိုသာ လတ်တလောဖိတ်ကြားထားလေသည်။ သူ၏ လက်ရှိစီးပွားရေးလုပ်ငန်းများမှာ ခေါင်းလျှော်ရည်လုပ်ငန်းနှင့် ဝိုင်လုပ်ငန်းမျှသာ ဖြစ်သည့်အတွက် ရင်းနှီးမြှုပ်နှံမည့်ကိစ္စဆွေးနွေးဖို့ရာ လူများများဖိတ်ကြားဖို့လောက်အထိ မလိုအပ်သေးပေ။ လူအများပါဝင်ရင်းနှီးမြှုပ်နှံရလောက်သည်အထိလည်း စီးပွားရေးလုပ်ငန်း များများစားစားမရှိသေး။ ထို့ကြောင့် အခြား ယုံကြည်စိတ်ချရသော လူအချို့ကိုတော့ အချိန်ကာလတစ်ခုကြာသည်အထိ စောင့်ခိုင်းရပေဦးမည်။
လူအားလုံး စုံစုံလင်လင်ရောက်ရှိနေကြပေပြီ။ သို့သော် သူ၏ စိတ်ကူးအကြံအစည်များအားလုံးကို လီယင်ထုတ်ပြောပြီးသည်နှင့် တပြိုင်နက် နန်းတော်အတွင်းရှိ စာဖတ်ခန်းသည် အပ်ကျသံမျှကြားရလောက်အောင် တိတ်ဆိတ်ငြိမ်သက်သွားလေသည်။
ကျင်းတချမ်နှင့် တော်ဝင်ဘဏ္ဍာထိန်းကတော့ မိမိတစ်ဦးတည်းပိုင်ရနိုင်မည့် ငွေများကို သူတစ်ပါးဆီ ခွဲဝေပေးနေသည့် လီယင်၏ အပြုအမူအပေါ် နားမလည်နိုင်သည့်ဟန်ဖြင့် မျက်မှောင်ကြုတ်လျက် ရှိနေသည်။ စုမောအာကတော့ တစ်စုံတစ်ခုကို နားလည်သွားသည့်ဟန်နှင့် အသာအယာခေါင်းညိတ်နေလေသည်။
ချမ်ဟွိုက်လျန့်တို့သုံးယောက်ကတော့ အစပထမတွင် နားမလည်နိုင်ကြသေးပေ။ သို့သော် လီယင်၏ဆိုလိုရင်းကို သူတို့အားလုံး သဘောပေါက်သွားကြသည်နှင့် တပြိုင်နက် သူတို့၏မျက်နှာများမှာ ပျော်ရွှင်မှူအပြည့်နှင့် ဝင်းပသွားကြတော့သည်။ သူတို့အားလုံး လီယင်၏ အောင်မြင်လှသော စီးပွားရေးလုပ်ငန်းကို ကာလတော်တော်ကြာ အားကျခဲ့ကြရသည်မဟုတ်ပါလား။
YOU ARE READING
ငါ့ရဲ့နောက်ဖေးခြံဝန်းက ထန်မင်းဆက်ဖြစ်နေတယ်
Mystery / Thriller"ငါ့ရဲ့နောက်ဖေးခြံဝန်းက ထန်မင်းဆက်ဖြစ်နေတယ်(လီယင်)" Author: Snail Carrying Home Genre: Historical, Military, Urban life Status: Completed Translator: Mocha ဇာတ်လမ်းမှာ လီယင်သည် သူ့အိမ်နောက်ဖေးရှိ ရှေးဟောင်းရေတွင်းကိုဖွင့်ပြီးနောက် ဘဝပြောင်းလဲသွားခဲ့...