160

660 38 0
                                    

အခန်း၁၆၀။ ရှုပြည်၏နန်းတော်

များစွာသော မြင်းများကြားတွင် လီယင်သည် တန်ဖိုးကြီးမှန်း သိသာလှသည့် အပြာရောင်ဝတ်ရုံကို ဝတ်ဆင်ထားသဖြင့် အဝေးကကြည့်လျှင်တောင် လီယင်၏ပုံစံဟန်ပန်မှာ မျိုးရိုးမြင့် အထက်တန်းလွှာထဲကဖြစ်မှန်း သိသာလှပေသည်။

ခဏတဖြုတ် ကြည့်မိသူတောင် သူသည် လာနေကြသော လူအုပ်ထဲမှ အဆင့်အတန်းအမြင့်ဆုံးဖြစ်ကြောင်း သိသာလှသဖြင့် ၎င်းမှာ ရှုမင်းသားဖြစ်သည်ဟူသည့် အချက်သည် မြေကြီးလက်ခတ်မလွဲ သေချာလှချေ၏။

“ ယီကျိုး အုပ်ချုပ်ရေးမှူး ကောင်းချွမ်၊ ချမ်ကျန့်နဲ့ စစ်မာဝမ့်ရင်လုံတို့ ရှုမင်းသားကို ဂါရဝပြုပါတယ် ” 

ကောင်းချွမ်သည် အသံကျယ်လောင်စွာဖြင့် ထိုသို့ နှုတ်ဆက်လိုက်ကာ ၎င်းတို့ သုံးယောက်စလုံးသည် ဦးညွှတ်ဂါရဝပြုလိုက်ကြလေသည်။

“ သက်သာသလိုနေပါ ”

လီယင်က သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီးနောက် သူတို့ သုံးယောက်ကို တစ်ယောက်ချင်းစီ ကြည့်လိုက်ကာ -

“ ကိုယ်တော့်ကို ကြိုဆိုဖို့ မြို့ပြင်အထိ ထွက်လာဂါရဝပြုတဲ့အတွက် ကျေးဇူးတင်ပါတယ် အုပ်ချုပ်ရေးမှူး ကောင်း ... ” ဟု ပြောလိုက်၏။

ထိုအခါ ကောင်းချွမ်က -
“ ဒါက ကျွန်တော်မျိုးတို့  လုပ်ကိုလုပ်သင့်တဲ့ တာဝန်တစ်ရပ်ပါ အရှင့်သား ” ဟုပြောပြီးနောက် တစ်ခုခုကို တွေးတောမိဟန်ဖြင့် -

“ ကြွပါ .. အရှင့်သား။ မြို့ထဲကို ဝင်တော်မူပါ။ ရထားလုံးတွေ မြင်းတွေနဲ့  အကြာကြီးခရီးနှင်လာရတာ ပင်ပန်းနေရောပေါ့။ ဟောဒီ့က အရာရှိက အရှင့်သားတို့ ကိုယ်လက်သန့်စင်ပြီး အနားယူနိုင်ဖို့ အကူတွေ စေ‌လွှတ်ပေးလိုက်ပါမယ် အရှင့်သား။ စိတ်အေးလက်အေးသာ နားတော်မူပါ ” ဟု လျှောက်လိုက်လေသည်။

ကောင်းချွမ်၏ အကြံပြုချက်ကို လီယင်သဘောကျသွားကာ ၎င်းတို့အုပ်စုသည် ကောင်းချွမ်၏ ဦးဆောင်လမ်းပြမှုနောက်သို့ လိုက်ပါသွားကြရင်း ယီကျိုးမြို့ထဲသို့ ဝင်သွားကြတော့သည်။ ထန်မင်းဆက်ခေတ် မတိုင်မီကတည်းက စီရင်စုများနှင့် ခရိုင်များကို လေးထောင့်သဏ္ဍာန် နေရာအစုအဖွဲ့များ ပိုင်းခြားခဲ့သဖြင့် ယီကျိုးမြို့၏ ဖွဲ့စည်းတည်ဆောက်ပုံကလည်း အခြေခံအားဖြင့်တော့ ချမ်အန်းပြည်၏ဖွဲ့စည်းပုံနှင့် တူညီလှသည်။

ငါ့ရဲ့နောက်ဖေးခြံဝန်းက ထန်မင်းဆက်ဖြစ်နေတယ်Where stories live. Discover now