132

417 20 0
                                    

အခန်း၁၃၂။ ကျဲ့လီ

ဤသို့ဖြင့် လီယင့်ရုံးခန်းထဲမှ ထွက်လာကြသောအခါ ရှယန်သည် နောက်ဆုံးမှာတော့ သက်ပြင်းချနိုင်ချေပြီ။ ထို့ကြောင့် ယန်းစုရှင်းအား ဖက်လိုက်ကာ -

“ စုရှင်းရေ .. တကယ်ကို ကျေးဇူးအများကြီးတင်ပါတယ်။ မဟုတ်ရင် တို့နဲ့အတူ အကြာကြီးအလုပ်တွဲလုပ်လာတဲ့ လုပ်ဖော်ကိုင်ဖက်တွေအကုန်လုံး အလုပ်ပြုတ်ကုန်ကြမှာ ” ဟု ကျေးဇူးတင်စကား ဆိုလာသည်။

“ တိုက်ဆိုင်သွားရုံပါဟာ။ ဥက္ကဌသာ ရုတ်တရက်ကြီး ရင်းနှီးမြှုပ်နှံရေးကုမ္ပဏီဝယ်ချင်တယ်လို့ မပြောရင် ငါလည်း ကူညီပေးနိုင်မှာ မဟုတ်ဘူး။ ရှယန်ဘက်ကသာ အောင်မြင်အောင်လုပ်နိုင်ရင်ရပြီ။ ဥက္ကဌက ကုမ္ပဏီကိုပဲ ဂရုစိုက်တာ။ ကုမ္ပဏီကနေတဆင့် သူ့အတွက် ငွေရနေသမျှတော့ ဥက္ကဌက ကြည်ကြည်ဖြူဖြူရှိမှာပဲ။ ဒါပေမယ့် ကုမ္ပဏီသာ အဆင်မပြေခဲ့ရင် ငါ့အတွေ့အကြုံအရ ဥက္ကဌက သွေးအေးအေးနဲ့ ငဲ့ညှာပေးမယ့်လူမျိုးတော့ မဟုတ်ဘူး ” ဟု ယန်းစုရှင်းက သတိပေးလိုက်၏။

“ စိတ်မပူပါနဲ့ဟာ။ တို့ အစွမ်းအစကို မင်း မယုံဘူးလား။ ကုမ္ပဏီက အစကတည်းက ငါ့လက်အောက်မှာပဲ ဆက်လည်ပတ်ဖို့ လုပ်ထားတာ။ ဒီလိုကိစ္စမျိုး ကြုံလာရမယ်လို့ တခါမှ မထင်ခဲ့တာတော့ အမှန်ပဲ။ ဒါနဲ့ … ဥက္ကဌက တော်တော်ငယ်သေးတာပဲနော် ”

ရှယန်က လေသံကိုတိုးကာ လီယင့်အကြောင်း မေးလိုက်သည်။

ယန်းစုရှင်းက ခေါင်းကို ခါယမ်းပြလိုက်ကာ -

“ သူ့ကိုတော့ လျှော့မတွက်နဲ့။ အရမ်းထက်မြက်တာ။ တို့ဖြင့် တစ်လလောက် ကောင်းကောင်းမအိပ်ရသေးဘူး ” ဟု ဖြေ‌ရှာသည်။

“ တစ်လလောက်တောင် ကောင်းကောင်းမအိပ်ရသေးဘူး .. ဟုတ်လား … ”

“ ပြောမနေပါနဲ့တော့ဟယ် …. ”

“ ရှယန်ရေ .. နင်တော့သေပြီဟဲ့ ”

ယန်းစုရှင်းနှင့် ရှယန်တို့ ထွက်သွားကြပြီးသောအခါ လီယင်တစ်ယောက် ရုံးခန်းထဲမှာပင် ကျန်ခဲ့၏။ ဤရုံးခန်းမှ ထွက်မသွားချင်ပေ။ လေအေးအေးလေး‌တိုက်နေသော လေအေးပေးစက်၊ ဂိမ်းဆော့၍ရသော ကွန်ပျူတာ စသည်တို့ကို ထန်နိုင်ငံတော်သို့ ပြန်ယူသွား၍မှ မရပဲ … ။

ငါ့ရဲ့နောက်ဖေးခြံဝန်းက ထန်မင်းဆက်ဖြစ်နေတယ်Where stories live. Discover now