140

583 23 0
                                    

အခန်း၁၄၀။ ကြံစည်ခြင်း

ပြည်သူလူထုကြားမှ ကောလဟာလတို့ကြောင့် လျန့်စံအိမ်တော်မှ အလုပ်သမားများအားလုံး ထိတ်ထိတ်ပြာပြာဖြစ်ကုန်ကြသည်။ သူတို့အနေဖြင့် ဤစံအိမ်တွင် အလုပ်စဝင်ပြီဆိုကတည်းက သူတို့၏ ကံကြမ္မာကို ဤစံအိမ်အပေါ်၌သာ ပုံအပ်ထားပြီးခဲ့ကြသောကြောင့်ပင်တည်း။

စံအိမ်၏ မြေကွက်လပ်တစ်လျှောက် မြင်းနီလေးကို ဆွဲလာရင်း လီယင်တစ်ယောက် ခါတိုင်းနှင့်မတူ၊ ထူးခြားစွာ ငြိမ်သက်နေ၏။ သစ်ပင်တောင် မပြိုသေး၊ အပင်ပေါ်မှ မျောက်တို့သည် ဌာနေသို့ ပြန်ရန် ဖင်တကြွကြွဖြစ်နေသည်မှာ ကောင်းလောင်ကျွမ်းသို့ ပြန်ရန်ပြင်နေသော ကျူးပါကျဲလိုပင်။ ( ဝူခုန်းဇာတ်လမ်းတွဲထဲမှ ပါကျဲအား ရည်ရွယ်ခြင်းဖြစ်၏။ )

စံအိမ်တံခါးပေါက်သို့ ရောက်သောအခါ အစောင့်ရဲမက်ခေါင်းဆောင်မှ ချက်ချင်းပင် တားလိုက်ကာ -

“ အရှင့်သား ဘယ်ကို သွားမလို့ပါလဲ ” ဟု စစ်မေးလာသည်။

“ ထိုက်ကျိနန်းတော်ဆီကို သွားမလို့ ”

လီယင်မှာ အကျဉ်းကျနေတာမဟုတ်၍ လွတ်လပ်စွာ သွားလာခွင့်ရှိသေးသော်လည်း သူဘယ်သွားသွား စစ်သည်တစ်စုသည် ‘ ကာကွယ်သည် ’ ဟူသည့် အကြောင်းပြချက်ဖြင့် နောက်မှအမြဲလိုက်လျက်ရှိလေသည်။

လီယင့်အဖြေဆုံးသည်နှင့် အဆိုပါ ရဲမက်ခေါင်းဆောင်သည် ဘေးနှစ်ဖက်လုံးရှိ သူ့လူများဘက်သို့လှည့်လိုက်ကာ -

“ အရှင့်သားကို လမ်းတစ်လျှောက် ကာကွယ်ကြ ” ဟု အမိန့်ပေးလိုက်သည်နှင့် အဆိုပါ စစ်သည်ရဲမက်များထံမှ -

“ ဟုတ်ကဲ့ ” ဟူသည် တုံ့ပြန်သံ ကျယ်ကျယ်လောင်လောင်ထွက်ပေါ်လာချေတော့၏။

အဆိုပါမြင်ကွင်းကို မြင်လိုက်သော လီယင်က ခပ်ယဲ့ယဲ့ပြုံးလိုက်ကာ စိတ်ထဲမထားတော့ပဲ နေလိုက်လေသည်။ ၎င်းတို့သည် အမိန့်လိုက်နာနေကြရုံသာဖြစ်သည်မဟုတ်လား။ မိမိကြောင့် သူတို့အနေကြပ်အောင် မလုပ်သင့်ပေ။

လီယင်ထွက်သွားသောအခါမှ ကျင်းတချမ်နှင့် ဘဏ္ဍာထိန်း ကောင်း တို့လည်း တစ်ယောက်ကိုတစ်ယောက်ကြည့်ရင်း ခေါင်းယမ်းလိုက်ကြ၏။

ငါ့ရဲ့နောက်ဖေးခြံဝန်းက ထန်မင်းဆက်ဖြစ်နေတယ်Where stories live. Discover now