အခန်း၉၉။ လက်ပတ်နာရီနှင့် အချိန်။
“ ဖခမည်းတော်ဟာ အလွန်ဉာဏ်ပညာကြီးလှပါတယ်။ သားတော်ရဲ့ ဖခမည်းတော်အပေါ်ထားတဲ့ လေးစားကြည်ညိုစိတ်တွေကတော့ မြစ်ဝါမြစ်ကြီးက ရေတွေအဆက်မပြတ်စီးနေသလို အဆက်မပြတ်ပါပဲ ” ဟု လီယင်က လျှောက်တင်၏။
လီယင် စဉ်းစားမိသည်ကိုလည်း လီရှစ်မင်က စဉ်းစားမိသည်။ လီယင် မစဉ်းစားမိသည်ကိုပါ လီရှစ်မင်က တွေးပေးသည်။ လီယင်တစ်ယောက်ကတော့ ပီတိဖြာမဆုံးဖြစ်နေချေ၏။
“ ရပါတယ် … ရပါတယ် … သားတော် ဘာလိုလို ဖခမည်းတော် အထောက်အပံ့ပေးမယ်။ သတင်းစာထုတ်မယ့်ကိစ္စကိုသာ မနှောင့်နှေးစေနဲ့။ ပြီးတော့ စက်မှုဝန်ကြီးရုံးတော်က ကိစ္စတွေနဲ့ပတ်သက်ပြီးတော့လည်း မနှောင့်နှေးစေနဲ့ဦး။ ဒီမှာ … တွေ့လား။ မင်း အဲ့ဒီ့ကိုရောက်တာ ရက်ပိုင်းပဲ ရှိသေးတယ်။ တိုင်စာက ရောက်နေပြီ ” ဟု လီရှစ်မင်က ပြောကာ ၎င်းစာအား ပစ်ပေးလိုက်၏။
၎င်းစာကို တိုင်ကြားသူနာမည်အား တချက်ကြည့်လိုက်သောအခါ မကြာသေးခင်ကမှ ၎င်း၏ အထက်လူကြီးဖြစ်လာသူ စက်မှုဝန်ကြီး ကျောက်ကျဲ့ပင် ဖြစ်တော့သည်။ သူ့ကို တိုင်ကြားထားသည့်အချက်များ များပြားလှသည်။ ၎င်းအချက်ထဲတွင် နောက်ကျမှ လာပြီး စောပြန်ခြင်း၊ တာဝန်ပျက်ကွက်ခြင်းနှင့် စည်းကမ်းမလိုက်နာခြင်းတို့လည်း ပါဝင်လေ၏။ ဤတိုင်စာအား ချုပ်ပြောရလျှင် လီယင်ကား အလုပ်လာသော်လည်း ဘာမှမလုပ်ပဲထိုင်နေသည့်အတွက် မြေအောက်ပိုက်လိုင်းကိစ္စကို သူ့အားတာဝန်ပေးအပ်ခြင်းမှာ အမှားကြီးဖြစ်ပါသည် ဟူ၍ပင် ဖြစ်ချေသည်။
လီယင်လည်း မလွှဲသာမရှောင်သာ ၎င်း၏ တာဝန်ပေါ့လျော့မှူကို လက်ခံလိုက်ရသည်။ ဤတိုင်ကြားစာ မင်းကြီးဆီရောက်လာသည့်အတွက်လည်း မျက်နှာပူကာ စိုးရွံ့မိနေ၏။
“ ဖခမည်းတော် … အခုလို တိုင်ကြားစာရောက်လာတဲ့အတွက် ဖခမည်းတော် မျက်နှာမပျက်ရအောင် သားတော်ကို တာဝန်မှ ဖယ်ရှားတော်မူပါ ”
“ အဓိပ္ပါယ် မရှိလိုက်တာ … လွှတ်တော်ထဲက အမတ်တွေဟာ ရှေ့မှာရော ကွယ်ရာမှာပါ အပြစ်တင်ခံကြရတာ … မင်းက တခါလောက်လေး အပြစ်တင်ခံလိုက်ရတာနဲ့ အလုပ်ကနှုတ်ထွက်မယ်တဲ့လား။ မင်းအတိုင်းသာဆိုလို့ကတော့ ရုံးတော်က အမတ်တွေအကုန် အိမ်ပြန်ကြတော့မှာပဲ။ အဲ့ဒီ ကျောက်ကျဲ့ကိုလည်း ဖခမည်းတော် မနက်က ဆူပူကြိမ်းမောင်းပြီးပြီ။ အရာရှိအားလုံးရဲ့ ရှေ့မှာလည်း မင်းဟာ ဒီပိုက်လိုင်းကိစ္စအတွက် တာဝန်အနည်းငယ်သာရှိတဲ့အကြောင်း၊ တခြားပုံမှန်အရာရှိတွေလို ပြုမူနေထိုင်ဖို့ မလိုကြောင်း တခါတည်း အတိအလင်း ကြေငြာလိုက်ပြီးပြီ ” ဟု လီရှစ်မင်က မိန့်သည်။
YOU ARE READING
ငါ့ရဲ့နောက်ဖေးခြံဝန်းက ထန်မင်းဆက်ဖြစ်နေတယ်
Mystery / Thriller"ငါ့ရဲ့နောက်ဖေးခြံဝန်းက ထန်မင်းဆက်ဖြစ်နေတယ်(လီယင်)" Author: Snail Carrying Home Genre: Historical, Military, Urban life Status: Completed Translator: Mocha ဇာတ်လမ်းမှာ လီယင်သည် သူ့အိမ်နောက်ဖေးရှိ ရှေးဟောင်းရေတွင်းကိုဖွင့်ပြီးနောက် ဘဝပြောင်းလဲသွားခဲ့...