47

758 68 0
                                    

အခန်း၄၇။ ရန်ပွဲ

အဆိုပါ လူသုံးယောက်သည် ဈေးထဲမှ လီယိုတွေ့လာသော လူမိုက်များပင် ဖြစ်ချေသည်။ ၎င်းတို့လည်း တစ်ယောက်ပြီးတစ်ယောက် လီယင့်ဆီ ပြေးဝင်လာကြတော့သည်။ ယခင်လီယင်မင်းသားသည် အမဲလိုက်ကစားခြင်းကို ဝါသနာထုံခဲ့သူဖြစ်ရာ ခန္ဓာကိုယ်မှာ ကြံ့ခိုင်သန်စွမ်းဆဲဖြစ်သည်။ သို့သော်ငြား သုံးယောက် တစ်ယောက် ယှဉ်ချရသည်ဖြစ်၍ အခြေအနေသိပ်မဟန်။ ၎င်းတို့ထဲတွင် တိုက်ရည်ခိုက်ရည်နှင့် ပြည့်ဝသူမှာ ချမ်ဟွိုက်လျန့်ပင် ဖြစ်သည်။

အခြေအနေက ဤကဲ့သို့ဖြစ်လာသဖြင့် ချမ်ဟွိုက်လျန့်လည်း လုပါးယန်ကို တွဲထားရာမှ လွှတ်လိုက်ကာ အင်္ကျီလက်များကို ပင့်တင်လိုက်ပြီး ရန်ပွဲအတွင်းသို့ ဝင်လာလေတော့သည်။

လီယို၏ နောက်လိုက်သုံးယောက်မှာ မကြောက်ပေ။ သို့သော်လည်း တိုက်ရေးခိုက်ရေးများကို စစ်တပ်ထဲတွင် အပြင်းအထန်လေ့ကျင့်ထားသော ချမ်ဟွိုက်လျန့် ဝင်လာပြီးနောက် မကြာမီမှာပင် အဆိုပါနောက်လိုက်သုံးဦးလည်း အော်ဟစ်ကာ လဲကျသွားကြလေတော့သည်။

လီယိုလည်း ထရပ်လိုက်ပြီး မြေပေါ်တွင်လူးလှိမ့်အော်ဟစ်ကာ လဲကျနေသော ၎င်း၏နောက်လိုက်သုံးယောက်ကိုရော ၎င်းကိုထိုးထားသော လီယင်ကိုရော ကြည့်လိုက်သည်။ ချမ်ဟွိုက်လျန့် မည်မျှပင် သတ္တိရှိပါစေဦးတော့။ မင်းသားတစ်ပါးအား သူတိုက်ခိုက်ဝံ့မည်မဟုတ်။ ထိုအချက်ကို အခွင့်ကောင်းယူကာ လီယိုလည်း လီယင်ထံ ပြေးဝင်လာတော့သည်။ ဤသည်ကား မင်းသားနှစ်ပါးကြားမှ တိုက်ပွဲပင်တည်း။

လီယင်ကား အင်မတန် ဒေါသကြီးနေလေသည်။ ဤလီယိုသည် အင်မတန် ရမ်းကားသောကောင်ပင်တည်း။ ဒီကောင့်ကို ဘာမှအရေးစိုက်စရာမလို။ အနိုင်ရခွင့်လည်း မပေးနိုင်။ ဒါမှသာ နောက်တစ်ခါ ယခုလို ခေါင်းပေါ်တက် တင်စီးခြင်း ခံရမည်မဟုတ်ပေ။

မင်းသားနှစ်ယောက်ကား အားပြိုင်ကြလေပြီ။ တစ်ယောက်ကလက်သီးဖြင့်ထိုးလျှင် တစ်ယောက်ကခြေဖြင့်ကန်သည်။ အသက်အရွယ်၊ ခွန်အားဗလမှာလည်း မတိမ်းမယိမ်းပင် ဖြစ်လေရာ ရန်ပွဲမှာ မျှတလှသည်။ စစ်သည်တော်များ လီချွန်းအိမ်ဆောင်ဆီသို့ ရောက်လာကြသည့်အခါမှသာ ရန်ပွဲအဆုံးသတ်သွားသည်။ တစ်စုံတစ်ဦးက ဤရန်ပွဲအကြောင်း တိုင်လိုက်ခြင်းပင် ဖြစ်လေသည်။
ရန်ဖြစ်ကြသော လူနှစ်စုလုံးကို ရုံးတော်သို့ ဖမ်းခေါ်သွားကြလေပြီ။ ၎င်းတို့ မည်သူမည်ဝါဖြစ်ကြောင်း စစ်မေးပြီးသည့်အခါမှာတော့ တရားရုံးတော်ဝန်ကြီးမှာ ငယ်ထိပ်ကို မြွေပေါက်ခံရသကဲ့သို့ ခေါင်းနားပန်းကြီးကာ ထိတ်လန့်သွားလေတော့သည်။ အထက်လူကြီးများထံ တင်ပြမှ ဖြစ်ချေတော့မည်။

ငါ့ရဲ့နောက်ဖေးခြံဝန်းက ထန်မင်းဆက်ဖြစ်နေတယ်Where stories live. Discover now