အခန်း၄၄။ ဆောက်လုပ်ရေးလုပ်ငန်းခွင်
တောင်ချိုင့်လေးရှိ ဆောက်လုပ်ရေးနေရာတွင်တော့ လုပါးယန်သည် ဝါးပက်လက်ကုလားထိုင်ပေါ်တွင် မှီ၍ ထိုင်နေလေသည်။ အဆိုပါ ကုလားထိုင်မျိုးကို လီယင်မင်းသား၏ စံအိမ်တော်တွင် မြင်ဖူးပြီး အလွန်သဘောကျသွားသောကြောင့် အိမ်ပြန်ရောက်သောအခါ ၎င်း၏အိမ်စေများကို ချက်ချင်းပင် ပုံစံတူကုလားထိုင်ကို ပြုလုပ်စေခဲ့သည်။ ထိုင်ကြည့်ပြီးသွားသည့်အခါမှာတော့ ပို၍ပင် နှစ်သက်သွားလေသည်။
နောက်သို့မှီကာလှဲနေရင်း ထိုင်၍ရသလို ရှေ့နောက်လှုပ်၍ပါ ရသေးရာ အင်မတန်မှ ဇိမ်ကျလှပေသည်။ အရှင့်သားလီယင် ရှန်းကျိုးပြည်မှ ပြန်လာပြီးကတည်းက စံအိမ်တော်တွင် ဤကဲ့သို့ ထူးထူးဆန်းဆန်းအသုံးအဆောင်တော်များ တစတစ များပြားလာသည်ပင်။
လုပါးယန်၏ဘေးတွင် ထိုင်နေသူက ရှောင်လွေ့။ ၎င်းတို့သည် တစ်ဦးနှင့်တစ်ဦး အလွန်ခင်မင်ကြသော်ငြားလည်း ပြိုင်ဆိုင်လိုစိတ်က သူများထက်ပိုကြီးလေရာ လုပါးယန်တစ်ယောက် အဆိုပါကုလားထိုင်လုပ်ပြီးသည်နှင့် ရှောင်လွေ့လည်း ပုံစံတူလိုက်လုပ်လေတော့သည်။ ရှောင်လွေ့သည် ၎င်း၏ ပက်လက်ကုလားထိုင်ပေါ်တွင် ထိုင်လျက် လက်ဖက်ခြောက်ရေနွေးကြမ်းတစ်ခွက်ကို ကိုင်ကာ အလုပ်လုပ်နေသော လုပ်သားများကို ကြည့်နေလျက်ရှိသည်။
“ ဟိုကောင် မင်း ဘာလို့အပျင်းကြီးနေတာတုန်း ”
“ ဟိတ်ကောင် မင်း ဒီသစ်သားကို လွှတိုက်နေတာ တစ်နာရီလောက်ရှိပြီ။ အခုထိမပြီးသေးဘူးလား ”
“ …. ”
အဆိုပါ ဆူညံလျက်ရှိသော ဆောက်လုပ်ရေးလုပ်ငန်းခွင်နေရာတွင်မူ အသံတစ်သံသည် တစ်မူထူးကာ အဆက်မပြတ်ထွက်လျက်ရှိသည်။ ၎င်းအသံပိုင်ရှင်ကား ဆောက်လုပ်ရေးလုပ်ငန်းခွင်ကြီးကြပ်သူအဖြစ် တာဝန်ယူထားသော ချမ်ဟွိုက်လျန့်ပင်တည်း။ အိမ်မှာရှိစဉ် အမြဲအဆူအငေါက်ခံနေရသော ချမ်ဟွိုက်လျန့်သည် ယခုအခါတွင်တော့ ခွင်တွေ့ကာ အလုပ်သမားများအပေါ် စိတ်တိုင်းကျ အာကျယ်အာကျယ်လုပ်နေလေတော့သည်။
YOU ARE READING
ငါ့ရဲ့နောက်ဖေးခြံဝန်းက ထန်မင်းဆက်ဖြစ်နေတယ်
Mystery / Thriller"ငါ့ရဲ့နောက်ဖေးခြံဝန်းက ထန်မင်းဆက်ဖြစ်နေတယ်(လီယင်)" Author: Snail Carrying Home Genre: Historical, Military, Urban life Status: Completed Translator: Mocha ဇာတ်လမ်းမှာ လီယင်သည် သူ့အိမ်နောက်ဖေးရှိ ရှေးဟောင်းရေတွင်းကိုဖွင့်ပြီးနောက် ဘဝပြောင်းလဲသွားခဲ့...