153

336 21 0
                                    

အခန်း၁၅၃။ ကြင်စဦးမောင်နှံ

နောက်တစ်နေ့ မနက်ရောက်သောအခါ စွေ့ယင်းယင်းသည် သူမ၏ ဆွေတော်မျိုးတော်များဆီ ဂါရဝပြုသွားရမည်ဖြစ်သည်။ ဆွေတော်မျိုးတော်ဆိုသူများမှာ အခြားသူ‌တော့ မဟုတ်၊ အရှင်မင်းကြီး လီရှစ်မင်၊ ဧကရီချန်စွန်းနှင့် ကြင်ယာတော်ယန်တို့ပင်တည်း။

မနက်စောစောနိုးထလာပြီးနောက် လီယင်သည် အဝတ်အစားများကို သပ်သပ်ရပ်ရပ်လဲလှယ်ဝတ်ဆင်ပြီးပြီ ဖြစ်၏။ ခန္ဓာကိုယ်တစ်ခုလုံးကတော့ စွေ့ယင်းယင်း၏လက်ချက်ဖြင့် နာကျင်ကိုက်ခဲနေသော်လည်း မနက်ခင်းအပြေးလေ့ကျင့်ခန်းတော့ ရအောင်လုပ်လိုက်သေးသည်။ ယခုအခါမှပဲ လီယင်လည်း ရှေးပညာရှိကြီးများ အပျော်မယ်တို့ဖြင့်သာ ကာမစပ်ယှက်ချင်ကြမှန်း တဖြည်းဖြည်း နားလည်လာတော့လေသည်။

စွေ့ယင်းယင်းလည်း စောစောနိုးလာချေသည်။ လီယင်ကို မြင်သောအခါ ပထမတော့ စိတ်တိုမိသော်လည်း ရှက်ကြောက်စိတ်ဝင်လာကာ အမြန်လှည့်ထွက်ခဲ့ရသေးသည်။ သို့သော် ရထားလုံးဆီသို့ လျှောက်လာသည့် စွေ့ယင်းယင်း၏ ထူးဆန်းနေသော လမ်းလျှောက်ပုံ အနေအထားကြောင့် အိမ်စေများလည်း ပါးစပ်များကို အုပ်ကာ အချင်းချင်း တီးတိုးပြောဆိုကုန်ကြသည်။ လီယင်ကတော့ ပြုံးဖြီးဖြီးကြီး ဖြစ်နေလေ၏။
ထိုအခြင်းအရာကိုမြင်သော စွေ့ယင်းယင်းသည် ချက်ချင်း မျက်နှာများ နီလာလေသည်။ ထို့ကြောင့် လီယင် ရထားလုံးပေါ်ရောက်သည်နှင့် လီယင့်အသားအား အသားကုန်လိမ်ဆွဲလေရာ လီယင့်ခမျာ နာကျင်လွန်းသဖြင့် မနည်းတောင်းပန်ပြီး အသနားခံလိုက်ရသေး၏။

အရှင်မင်းကြီး လီရှစ်မင်နှင့် ဧကရီချန်စွန်းတို့‌ကတော့ ကြင်စဦးဇနီးမောင်နှံအား ယန့်ရှီးနန်းဆောင်ထဲတွင် အသင့်စောင့်ကြိုလျက်ရှိသည်။ မင်္ဂလာပွဲမှ စောစောစီးစီး ပြန်လာခဲ့၍ သတို့သမီးအား သေချာမမြင်ကြရသေးပေ။

ဤသို့ဖြင့် အထိန်းတော်၏ လျှောက်ထားချက်နှင့်အတူ လီယင်လည်း စွေ့ယင်းယင်းကိုခေါ်ကာ ယန့်ရှီးနန်းဆောင်အတွင်းသို့ အခစားဝင်ရောက်လာကြပေသည်။ မင်္ဂလာပွဲတစ်ခု အထမြောက်ဖို့ရာ ဓလေ့ထုံးစံတွေများလှပါတကား။ ထုံးတမ်းအစဉ်အလာများအရ ဂါရဝပြုပြီးသောအခါမှာတော့ လီရှစ်မင်နှင့် ဧကရီချန်စွန်းတို့လည်း တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ကျေနပ်သည့်အမူအရာဖြင့် တိတ်တိတ်လေး ခေါင်းညိတ်ပြလိုက်လေတော့သည်။
ယန့်ရှီးအဆောင်မှ ထွက်လာပြီးသည့်အခါမှာလည်း ကျိုက်ယွင်နန်းဆောင်သို့ သွားရသေးသည်။ ကြင်ယာတော်ယန်ကိုလည်း ဂါရဝပြုရဦးမည်ပင်။ လီယင်နှင့် စွေ့ယင်းယင်းတို့ လာနေသည်ကို မြင်သော ကြင်ယာတော်ယန်ကတော့ ပါးစပ်က နားရွက်တက်ချိတ်မတတ် ပြုံးနေလေသည်။ လီယင့်တွင် အဖော်ပြုစရာ ဇနီးတစ်ဦးရသွားပြီဖြစ်၍ သူမ အတော်စိတ်အေးရသည်။ ထို့အပြင် ဤချွေးမတော်လေးသည် မျိုးရိုးမြင့်ထဲကပင်ဖြစ်ကာ အနေအထိုင်မှာလည်း အထက်တန်းကျ၍ ယဉ်ကျေးသိမ်မွေ့လွန်းလှသေးသည်ပင်။ ကြင်ယာတော်ယန်လည်း ချွေးမတော်လေး၏ လက်ကိုဆွဲကာ အနားသို့ခေါ်လိုက်ပြီး လီယင်ကို ပ,ထုတ်၍ သိချင်သည်များကို မေးလေတော့သည်။
ဤနေရာအထိ ရောက်လာပြီးဖြစ်သဖြင့် မင်္ဂလာပွဲကား အတော်လေးအထမြောက်ပြီဟု ဆိုရချေမည်။ မကြာမီမှာပင် ဘယ်ကသတင်းရသည်မသိ၊ လီယင်၏ညီတော်၊ ညီမတော်လေးများပါ ရောက်လာကြကာ သတို့သမီးအား မြင်ချင်ကြကြောင်း ပူဆာကြလေတော့သည်။ စစ်ကျီနှင့် လီကျစ်တို့ကမူ မုန့်ဖိုးပါ တောင်းသေး၏။ လီယင်လည်း ကလေးအားလုံးကို ရွှေချောင်း ၁၂ ချောင်းစီပေးလိုက်မှ အားလုံးလည်း ရယ်မောကာ ပြန်သွားကြလေသည်။
ညီတော်၊ ညီမတော်များ ပြန်သွားသည့်အခါမှာတော့ ကြင်ယာတော်ယန်လည်း လီယင်နှင့် စွေ့ယင်းယင်းတို့ကို ပြန်ခေါ်လိုက်ပြီး -
“ ယင်းယင်း .. မယ်တော်လည်း သမီးတို့ရဲ့ သတင်းကို ကြားပါတယ်။ သားတော်က သမီးတော်အပေါ် ရိုင်းပျမိသလို ဖြစ်သွားသေးတယ်ဆို။ အခုရော သားတော်ကို မုန်းနေတုန်းပဲလား ” ဟာ မေးလာလေသည်။
“ မယ်တော် ကြင်ယာတော် ... အဲ့ဒါတွေက အတိတ်က ကိစ္စတွေပါ။ အခုလက်ရှိမှာ သမီးတော်တို့က အကြင်လင်မယားတွေ ဖြစ်နေပြီပဲ။ စိတ်ထဲမှာ အဲ့ဒါတွေ မရှိတော့ပါဘူး ” ဟု စွေ့ယင်းယင်းက ပြန်ဖြေလိုက်သည်။
ထိုစကားကိုကြားသောအခါ ကြင်ယာတော်ယန်သည် လွန်စွာသဘောကျကာ ရယ်လိုက်လေ၏။ ဤချွေးမတော်လေးသည် ကြည့်လေ ကြည့်လေ သဘောကျစရာကောင်းလေပင်။ စွေ့မျိုးရိုးလို မျိုးရိုးကြီးထဲမှ သမီးတော်ဖြစ်သည့်အတွက် ဤကဲ့သို့ ဉာဏ်ပညာရှိပြီး နေတတ်ထိုင်တတ် ပြောတတ်ဆိုတတ်ခြင်း ဖြစ်ပေမည်။
လီယင်ကလည်း စွေ့ယင်းယင်း၏ ဘေးတွင် ဝင်ထိုင်လိုက်ကာ -
“ စိတ်မပူပါနဲ့ မယ်တော်။ သားတော်တို့ မနေ့က ညကတည်းက သင့်မြတ်သွားကြပါပြီ ” ဟု ဖြေလိုက်၏။
မနေ့ည ဆိုသည့်အကြောင်း စကားထဲပါလာသဖြင့် စွေ့ယင်းယင်းသည် လီယင်အား စူးကနဲ စိုက်ကြည့်လိုက်တော့လေသည်။
ကြင်ယာတော်ယန်ကတော့ ခေါင်းတဆတ်ဆတ်ညိတ်ကာ -
“ ကောင်းလေစွ၊ ကောင်းလေစွ။ ခင်ပွန်းနဲ့ ဇနီးရယ်လို့ ဖြစ်လာရင် ရှေ့လျှောက် အနာဂတ်မှာ ဘာမဆိုအတူကျော်လွှားရင်ဆိုင်ရတော့မှာ။ အချင်းချင်း ကူညီရိုင်းပင်းမှ ကောင်းမွန်တဲ့ဘဝကို ရကြမှာကွဲ့။ မယ်တော် တစ်ခုစိတ်မကောင်းတာက‌တော့ ဒီအသိုင်းအဝိုင်းထဲကို ရောက်လာလာချင်းမှာပဲ ယီကျိုးကို သွားရမယ့်ကိစ္စပါပဲ ကလေးတို့ရယ် .. ” ဟု ပြောရင်း စွေ့ယင်းယင်းအား ကြည့်လိုက်လေသည်။
သူမ၏ မိဘများနှင့် ခွဲရတော့မည့်အရေးကို ပြန်သတိရသွားကာ စွေ့ယင်းယင်းတစ်ယောက် ရင်ထဲ၌ ဝမ်းနည်းဆို့နင့်လာသည်။ သို့သော် အပြင်ပန်းတွင် ထုတ်မပြပဲ ဖျစ်ညှစ်ပြုံးလိုက်ရင်း -
“ မယ်တော် ကြင်ယာတော် စိတ်ပူတော်မမူပါနဲ့။ ယီကျိုးဟာ ချမ်အန်းလောက်တော့ မလှပပေမယ့် တောင်တန်းတွေ မြစ်တွေရှိပြီး သူ့ဟာနဲ့သူတော့ လှပအေးချမ်းတဲ့ နေရာလေးတစ်ခုပါ။ အဲ့ဒါကြောင့် အရှင့်သားရော သမီးတော်ရော အရမ်းဒုက္ခရောက်မှာ မဟုတ်ပါဘူး မယ်တော် ... ” ဟု အားတက်ရမည့်စကားများ ပြောလိုက်ချေသည်။
“ သဘောထားပြည့်ဝလိုက်တဲ့ ကလေးရယ် ... ”
ကြင်ယာတော်ယန်က သနားဂရုဏာသက်စွာ ပြောလိုက်ပြီးနောက် ချက်ချင်းပင် မျက်နှာအမူအရာကို ပြင်လိုက်ကာ လီယင်ကို ကြည့်၍ -
“ သားတော် .. ရှေ့လျှောက် ယင်းယင်းကို ကောင်းကောင်းမွန်မွန် ဆက်ဆံရမယ်နော်။ သူ့အပေါ် အမှားတစ်ခုခုသာလုပ်ကြည့် .. မယ်တော်နဲ့ တွေ့မယ် ” ဟု ကြိမ်းမောင်းလိုက်၏။
လီယင်တစ်ယောက်လည်း အူကြောင်ကြောင်ဖြစ်ကာ ခေါင်းညိတ်လိုက်ရလေသည်။ တစ်ခါလေး မင်္ဂလာဆောင်လိုက်တာနဲ့ သူ့နေရာဝင်လုကာ အချစ်ခံရမည့်သူပေါ်လာပြီး သူ့နေရာ၌ အစားထိုးခံလိုက်ရလေပြီတည်း။ ရာထူးကျချေပြီ။

ငါ့ရဲ့နောက်ဖေးခြံဝန်းက ထန်မင်းဆက်ဖြစ်နေတယ်Where stories live. Discover now