မီးဖိုထဲဝင်လိုက်တာနဲ့တစ်ပြိုင်နက် အကြည့်လေးစုံက သက်လျှံခဆီပြေးဝင်လာ၏။ ကိုခက်ကတော့မော့မကြည့်။ မျက်လွှာချထားရင်း အခုထိ ထိထားပုံမရသေးသည့် ထမင်းပန်းကန်ကိုသာစိုက်ကြည့်လို့နေသည်။
"သန်ဘက်ခါ မြန်မာနိုင်ငံကိုသွားရတော့မှာဆိုတော့ ပြင်စရာရှိတာတွေအကုန်ပြင်ပြီးပြီလား"
ကိုဇေ့ဆီက ထွက်လာတဲ့မေးခွန်းက ကိုခက်ကိုရော သက်လျှံခအတွက်ပါဖြစ်နိုင်ပေမဲ့ တည်ရှိရာနေရာမှာ အာရုံလုံးဝရှိမနေတဲ့ ကိုခက်ကြောင့် သက်လျှံခကသာ ခေါင်းညိတ်ပြလိုက်ရသည်။ ထွေထွေထူးထူးတော့ဘာမှပြန်မပြောမိ။
"ဘယ်လိုပဲကိုယ့်နိုင်ငံပြောပြော နှစ်ယောက်လုံးဂရုတော့စိုက်ပြီး နေကြပေါ့။ အခုက နေညိုမင်းလည်း မရှိ..."
ဖေဖေ့က တစ်ခုခုကိုသတိထားမိသွားသလိုမျိုး စကားကိုလမ်းတစ်ဝက်မှာရပ်ပစ်လိုက်ပြီး ကိုဇေ့ကိုတစ်လှည့် သက်လျှံခကိုတစ်လှည့်လှမ်းကြည့်သည်။
"တောင်းပန်ပါတယ်"
သက်လျှံခနှုတ်ခမ်းကနေခပ်တိုးတိုး တိုးထွက်သွားတဲ့စကားသံရဲ့နောက်မှာအသီးသီးရောက်လာပြန်တဲ့အကြည့်တွေ။ ကိုခက်လည်းပထမဆုံးအကြိမ်ခေါင်းမော့လာ၏။ မျက်နှာချင်းဆိုင်မှာထိုင်နေတာမို့ သူ့မျက်နှာကိုရှင်းရှင်းလင်းလင်းမြင်လိုက်ရသည်။ မို့အစ်နေတဲ့မျက်ခွံတွေ၊ အိပ်ရေးပျက်ခဲ့တာများပြီမို့နဂိုတည်းက ပင်ပန်းဆင်းရဲနေတဲ့မျက်လုံးအိမ်တွေက ဒီနေ့မှ ပိုလို့နွမ်းဖတ်နေ၏။ တစ်ခုခုများဖြစ်ထားတာလားလို့ မေးလိုက်ချင်ပေမဲ့ ကိုခက်တစ်ခုခုဖြစ်တယ်ဆိုရင်တောင် သက်လျှံခက ကူညီပေးနိုင်မယ့် အခြေအနေတဲ့လား။
"ရုတ်တရတ်ကြီးဘာကိုတောင်းပန်တာလဲ"
ကိုဇေကမေးလာသည်။ ဇွန်းခက်ရင်းကိုင်ထားသည့် လက်သီးဆုပ်ကိုကျစ်ကျစ်လေးဖြစ်အောင်ဆုပ်လိုက်မိ၏။
"ဒီလိုတွေဖြစ်လာတယ်ဆိုရင်တောင် ကျွန်တော်က ကိုနေနဲ့လမ်းမခွဲပါဘူး"
"ဘာ"
ဆူးထက်နွယ်ဆီက ခါးခါးသီးသီးထွက်လာသည့်အသံ။ သက်လျှံခ၏ပြတ်သားရဲရင့်နေသည့် အကြည့်တွေက တအံ့တသြဖြစ်နေကြသည့် ဖေဖေနဲ့အန်တီ့ကိုဖြတ်ပြီး မမဆူးထက်နွယ်ဆီရောက်သွားသည်။ ပြီးတော့ ကိုဇေယျာဦးဆီ။