အိမ်ပြန်လမ်းမှာ လင်းမြတ်ဟန်၏ ခြေသံတစ်ခုသာရှိသည်။ နဂိုထက်နှေးကွေးနေတဲ့ ခြေလှမ်းတွေက ဘယ်လိုလှမ်းလို့လှမ်းမိမှန်းရေရေရာရာမရှိ။
" ရုတ်တရတ်ကြီးဘာလို့ ရုတ်သိမ်းတာလဲ။ ရူးနေလား ဒီကလေး"
အစ်ကိုနဲ့ကျွန်တော်က အခုကစပြီး သူစိမ်းတွေပဲတဲ့လား... အမြဲ သူတွေးချင်ရာတွေတွေးပြီး သူလုပ်ချင်ရာတွေလုပ်နေတာကို။ ဒါမှမဟုတ် လင်းမြတ်ဟန်ကို ဘယ်တုန်းကမှ မကြိုက်ခဲ့တာဖြစ်နိုင်သည်။ မိန်းကလေးတွေကို ရိုးလာလို့ ယောကျာ်းတစ်ယောက်ကို လုပ်လို့ရမလားဆိုပြီး စမ်းကြည့်တာနေမှာ။
တင်းကြပ်နေတဲ့ရင်ဘတ်ကို လက်သီးဆုပ်တွေနဲ့ ခပ်ဖွဖွထုရင်းဖြေလျှော့မိသည်။ ဖွင့်ပြောပြီးတော့ နှစ်ရက်အတွင်းမှာတင် သူ့ဟာသူပြန်ရုတ်သိမ်းသွားတဲ့ ကိစ္စတစ်ခုကို ဘာလို့ ဒီလောက်ထိ အသက်ရှူကြပ်သလို ခံစားနေရတာလဲ။
သက်လျှံခတို့နဲ့ချိန်းထားတဲ့ဆိုင်လေးထဲကို ဝင်လိုက်သည်။ လေးယောက်ခုံမှာ သူတို့နှစ်ယောက် တိတ်ဆိတ်စွာထိုင်နေကြတာကို တွေ့ရ၏။
" ကိုခက်အဆင်ပြေရဲ့လား အစ်ကို"
" ပြေပါတယ်။ ဒီမှာ ကားသော့"
စားပွဲပေါ်ကို ကားသော့ချပေးလိုက်ပြီး လင်းမြတ်ဟန် ဘာကိုစကားဆက်ရမှန်းမသိ။ ဥာဏ်ဘာဖြစ်နေလဲမသိနိုင်သေးတဲ့အခြေအနေမှာ သက်လျှံခကိုအိမ်ပြန်လွှတ်လို့မဖြစ်သေးပါ။
" သူအိမ်ပြန်လိုက်လာလား"
" အင်း"
" အစ်ကိုအိမ်ကိုလိုက်ခဲ့မလားဟင်"
" မဟုတ်ဘူး။ ဥာဏ့်ကိုတစ်ယောက်တည်းလွှတ်ပေးထားတာကောင်းမယ်ထင်တယ်"
" ဘာလို့လဲ"
" အဲတာက..."
ရှေ့မှာချထားတဲ့ရေခွက်ထိပ်ကို လက်သည်းတွေနဲ့အသာလေးကုတ်နေမိ၏။
" သူဘာတွေးနေလဲဆိုတာ လုံးဝစဥ်းစားလို့မရလို့"
သက်လျှံခရော သူ့ကောင်လေးပါ လင်းမြတ်ဟန်ကို နားမလည်သလို ငေးကြည့်နေသည်။ သက်လျှံခကတစ်ခုခုထပ်မေးမလိုပြင်ပေမယ့် သူ့ကောင်လေးက လက်ကိုဆွဲထားပြီး တားလိုက်တာကိုမြင်နေရသည်။ ဥာဏ်တို့ကြားထဲမှာ တစ်ခုခုရှိနေတာလား။