ဆန်ပြုတ်ပြုတ်တာကတော့ ဘာအခက်အခဲမှမရှိပေမယ့် ရေပတ်တိုက်ပေးဖို့ အင်္ကျီချွတ်ရတဲ့အချိန်မှာ ပြဿနာကစသည်။ လင်းမြတ်ဟန် သူ့ကိုယ်လုံးကြီးကိုမနိုင်။ ပြီးတော့. . .
အာ. . .မသိတော့ဘူး. . .
နေမကောင်းဖြစ်နေတဲ့လူက ချွေးတွေနစ်နေရတဲ့အထဲ လင်းမြတ်ဟန်လည်း တစ်ကိုယ်လုံးထူပူနေသည်။ ဒီတိုင်းပဲထားလို့ကလည်း ဘယ်လိုမှမဖြစ်တာမို့ မရရအောင် ကပ်သတ်ချွတ်ပေးပြီး နောက်ဆုံးမှာတော့ အောင်မြင်သွားတော့သည်။
ပခုံးအောက်ကိုအကြည့်ရောက်တဲ့အချိန်မှာ လင်းမြတ်ဟန် မျက်လုံးတွေဟာ မိုးအုံ့နေတဲ့ ကောင်းကင်တစ်ခုလို မှိုင်းသွား၏။ သိသိသာသာကြီးဖြစ်အောင် ထိုးတားတာမဟုတ်ပေမယ့် အနက်ရောင် Dream catcherလေးက အသက်ဝင်နေသည့်အတွက် မြင်သာသည်။
လက်ထိပ်ဖျားနဲ့တို့လိုက်သည်ကိုတောင် မသိလောက်အောင် အဖျားတက်ပြီး အိပ်မောကျနေတဲ့ မင်းခက်ဥာဏ်အတွက်ကတော့ ဒါလေးက ဘာရယ်ရွယ်ချက်လဲမသိနိုင်။ ရင်ထဲမှာ နုံးချိလာ၏။ ဝေ့တက်လာတဲ့ မျက်ရည်ကို တစ်ဖျတ်ဖျတ်ပုတ်ထုတ်မိသည်။
နာကျင်နေသည့် သူမ။ သွေးအိုင်ထဲမှာလဲကျနေသည့်သူမ။ သူမကိုပွေ့ယူလိုက်တဲ့ မင်းခက်ဥာဏ်ရဲ့လက်တွေနဲ့ ခေါ်သံကို အခုထိအသေးစိတ်မှတ်မိနေသေးသည်။ နောက်ဆုံးအချိန်မှာ သူမနဲ့အတူတူရှိနေသူက မင်းခက်ဥာဏ် မဟုတ်ဘဲ လင်းမြတ်ဟန်သာဆိုရင်ရော ကယ်နိုင်မှာလား။ ထိုမေးခွန်းမှာ တိကျသေချာသည့်အဖြေတစ်ခုရှိနေပြီး ထိုအဖြေကိုလည်း လင်းမြတ်ဟန် လက်ခံဖို့ကြိုးစားတိုင်း ခက်ခဲနေသည်။
" ကျွန်တော့်ကိုပြောစရာမရှိဘူးလား" ဟု
ဥာဏ်က မေးခဲ့သည်။ "နောက်ဆုံးအချိန်မှာ သူမရဲ့အားကိုးရာလေးဖြစ်ပေးတာ ကျေးဇူးတင်ပါတယ်" လို့ပြောဖို့အထိ လင်းမြတ်ဟန် သူရဲကောင်းမဆန်နိုင်ခဲ့။ ရက်တော်တော်ကြာတဲ့အထိ ဥာဏ့်ကိုလူသတ်သမားထင်နေခဲ့ပြီး သွေးအေးအေးနဲ့ပြန်စဥ်းစားတဲ့နောက် လူသတ်သမားမဟုတ်ဘူးဆိုတာ သေချာပြီးတဲ့နောက်မှာတောင် " သူဘာလို့မကယ်နိုင်ခဲ့တာလဲ" ဆိုပြီး အာဃာဓတွေ ထားမိခဲ့တာ လင်းမြတ်ဟန်သာ သိသည်။